Author's Profile Photo

Kaung Hein Soe - Strategic

23/09/2025

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)

3 mins read
Personal Development
Business
General Knowledge
သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)'s photo

“သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား”ဆိုတဲ့ အကြောင်းအရာကို မျှဝေပေးနေတာ အခုဆိုရင် အပိုင်း(၄)ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။

ရှေ့အပိုင်းတွေမှာ Business တစ်ခုကို လုပ်မယ်ဆိုရင် တွက်ချက်ရမဲ့ စဉ်းစားရမဲ့ ကုန်ကျစရိတ်တွေ၊ ဆုံးရှုံးနိုင်တာတွေ ၊ Cost တွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါထပ်ပြီးတော့ မျှဝေပေးချင်တာက လုပ်ငန်းရှင်တော်တော်များများ မစဉ်းစား မိဘဲနဲ့ ဖြစ်ပေါ်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကိုထပ်ပြီးတော့ သိဖို့လိုပါတယ်။

ရှေ့အပိုင်းတွေမှာပြောခဲ့တဲ့ ဥပမာတွေအရတော့ တကယ်မမြတ်သေးပါဘူး။ နောက်ထပ်နမူနာ ထပ်ပြောရရင် ကျွန်တော်တို့က ရေသန့်စက်ကို သိန်းတစ်ရာနဲ့ဝယ်ပြီး စီးပွားရေးတစ်ခုလုပ်မယ်၊ ရေသန့်ဘူးတွေ လိုက်ရောင်းမယ်ဆိုရင် COGS တွေ၊ နေရာငှားခတွေ၊ Warehouse စရိတ်တွေ၊ လုပ်အားခတွေ၊ Operation Expenses တွေ အားလုံးရှင်းပြီးလို့ နှစ်ချုပ်စာရင်းချုပ်လိုက်တဲ့ အချိန်မှာ အသားတင်အမြတ်အနေနဲ့ တစ်နှစ်လုံးကို သိန်း ၃၀ မြတ်မယ်ဆိုပါက အဲ့ဒီနေရာမှာ ထပ်စဉ်းစားရမဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲ့တာဘာလဲဆိုတော့ ရေသန့်စက်ရဲ့ သက်တမ်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ကျွန်တော်တို့လုပ်ငန်းရဲ့ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှု Asset တွေရဲ့ သက်တမ်း၊ Life Time ဘယ်လောက်ကြာသလဲ သိဖို့လိုပါတယ်။ ဒီ Case လေးမှာဆိုရင် ရေသန့်စက်ရဲ့ သက်တမ်း သည် ၃ နှစ်ပဲရှိပါမယ်။ ကျွန်တော်တို့က ဒီရေသန့်စက်ကြီးကို သိန်း ၁၀၀ နဲ့ဝယ်လိုက်တယ်၊ တစ်နှစ်ကိုအလုပ်လုပ်လိုက် တာ သိန်း ၃၀ မြတ်တယ်၊ ဒီရေသန့်စက်က ၃နှစ်ကြာတဲ့အချိန်မှာ သက်တမ်းကုန်သွားပြီး သုံးမရတော့တော့ဘဲ စက်အသစ်ဝယ်ရတော့မှာဖြစ်ပါတယ်။

တစ်နှစ်လုံးအလုပ်လုပ်ပြီး သိန်း ၃၀ မြတ်တယ်ဆိုပြီးပျော်နေလို့မရပါဘူး။ တစ်နှစ်ကို သိန်း ၃၀ ဆိုရင် ရေသန့်စက်ရဲ့ သက်တမ်းက ၃ နှစ်ဆိုတော့ သိန်း ၉၀ ရမှာဖြစ်ပါတယ်။ အဲ့ဒီရေသန့်စက် ရဲ့သက်တမ်းက ၃ နှစ် ပြည့်တဲ့အချိန်မှာ သုံးလို့မရတော့ဘဲ နောက်ထပ် အသစ်တစ်လုံးထပ်ဝယ်ရ တော့မှာပဲဖြစ်ပါတယ်။ အသစ်တစ်လုံးထပ်ဝယ်လို့ သိန်း ၁၀၀ ကုန်မယ်ဆိုရင် ၃ နှစ်လုံးလုံးမှာ အသားတင်မြတ်ထားတဲ့ သိန်း ၉၀ ပါသွားတဲ့အပြင် နောက်ထပ် ၁၀ သိန်းထပ်စိုက်ရပြီး သုံးနှစ်လုံးလုံးကို တပြားမှမရဘဲ အလုပ်လုပ်နေတဲ့ အနေအထားကို ရောက်သွားမှာပဲဖြစ်ပါတယ်။ 

ဆိုလိုချင်တာကတော့ ပစ္စည်းတွေမှာ Life Time ဆိုတဲ့ သက်တမ်းရှိပါတယ်။ အဲ့ဒီသက်တမ်း အလျောက် ပစ္စည်းရဲ့တန်ဖိုးက တဖြည်းဖြည်းချင်းလျော့ကျနေလေ့ရှိတယ်။ ဒါကို Finance ပညာရပ်မှာ Depreciation လို့ခေါ်ပါတယ်။ ဆိုလိုတာက Second Hand ဖြစ်သွားပြီဆိုရင် တန်ဖိုးကကျသွားပါပြီ။ ဥပမာ ဒီနေ့ပဲ Car Showroom ကနေ သိန်း ၃၀၀ နဲ့ ကားအသစ်တစ်စီး ဝယ်လာမယ်၊  ကားကို တစ်နာရီပဲစီးလိုက်ပြီး မနက်ဖြန်ပြန်ရောင်းလို့ သိန်း ၃၀၀ ပြန်ရနိုင်မလား ဆိုတော့ မရနိုင်တော့ပါဘူး။ ဒီကားသည် Second Hand ဖြစ်သွားပြီ၊ Used ဖြစ်သွားလို့ အချိန်တစ်ခုကြာတာနဲ့ တန်ဖိုးက လျော့သွားမှာပဲဖြစ်ပါတယ်။ နောက်တစ်ခု မီးချောင်းတွေဆိုရင် နာရီအလိုက်(နာရီ ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀)ခံလေ့ရှိကြပါတယ်။ နာရီ ၁၀၀၀ သုံးလိုက်ရင် ၁၀၀၀ဖိုး သူ့ရဲ့သက်တမ်း၊ သူ့ရဲ့တန်ဖိုးက ကုန်ဆုံးသွားတာပဲဖြစ်ပါတယ်။ Asset တိုင်း၊ ပိုင်ဆိုင်မှုတိုင်းသည် တန်ဖိုးလျော့လာလေ့ရှိပါတယ်။ သက်တမ်းကုန်သွားလို့ တန်ဖိုး Zero ဖြစ်သွားရင် အသုံးဝင်မှု လည်း မရှိတော့ဘူး။ အသုံးဝင်မှုမရှိတော့ရင် ပိုင်ဆိုင်မှု (Asset)တွေကို နောက်တစ်ခါ ထပ်ဝယ်ရပါ မယ်။ သက်တမ်းကုန်တဲ့အချိန်မှာ ပြန်ဝယ်ရမဲ့ငွေကို အမြတ်ထဲကနေ လစဉ်လစဉ် ထုတ်နုတ်စု ဆောင်းထားဖို့ လိုအပ်ပါတယ်။ 

နောက်တစ်ချက်က ရေသန့်စက်ကို သိန်း ၁၀၀ နဲ့ ဝယ်ခဲ့ပေမဲ့ ၃ နှစ် ကြာသွားတဲ့အချိန်မှာ သိန်း ၁၀၀ နဲ့ ထပ်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘဲ ဈေးက ထပ်တက်ဦးမှာပဲဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့က တွက်ချက်ဖို့လိုပါတယ်။ မိတ်ဆွေရဲ့လုပ်ငန်းမှာ ဘယ်လိုပိုင်ဆိုင်မှုတွေ ဝယ်ထားလဲ၊ ဥပမာ ပစ္စည်းလိုက်ပို့ဖို့ ငါးသိန်းတန်ဆိုင်ကယ်ဝယ်ထားမယ်၊ တခြား Asset တွေဝယ်ရမယ်၊ ကွန်ပြူတာတွေဝယ်ရမယ်၊ ခုံတွေဝယ်ရမယ်၊ စားပွဲတွေဝယ်ရမယ်၊ စင်တွေဝယ်ရမယ်၊ ဒါမျိုးတွေဆို သက်တမ်းကိုတွက်ကြည့်ရပါတယ်။

ဆိုင်ကယ်တစ်စီးရဲ့သက်တမ်းက ဘယ်လောက်သုံးရမလဲ၊ ၅နှစ်လား ၁၀နှစ်လား၊ ကွန်ပြူတာတစ်လုံးရဲ့ သက်တမ်းက ၂နှစ်လား၊ ၃နှစ်လား၊ ဖုန်းတစ်လုံးရဲ့ သက်တမ်းကဘယ်လောက်လဲ အဲ့ဒီသက်တမ်းကုန်သွားရင် ကျွန်တော်တို့က ပြန်ဝယ်ရမယ်။ တန်ဖိုးတဖြည်းဖြည်းလျော့နေတဲ့ Depreciation ပမာဏဆိုတာရှိပါတယ်။ အဲ့ဒီတန်ဖိုးကို သက်တမ်းအလိုက် ဘာလုပ်ထားရမလဲဆိုတော့ စုဆောင်းထားဖို့လိုပါတယ်။

ကျွန်တော်ပြောခဲ့တဲ့ Example လေးမှာ အသားတင်အမြတ်လို့ပြောတိုင်း မမြတ်သေးပါဘူး။ ဘာတန်ဖိုးကိုထုတ်နုတ်ထားရမလဲဆိုတော့ သက်တမ်းကုန်သွားတဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့အတွက် ကြိုတင်စုဆောင်းမှု (Depreciation Expenses) လို့ခေါ်တဲ့  ပမာဏတစ်ခုကို တွက်ချက်ပြီးတော့ ထုတ်နုတ်သိမ်းဆည်းထားဖို့လိုပါတယ်။ ဒီ Case မှာဆိုရင် ၂၀၀၀၀ ပဲထားပါတော့၊ Depreciation နုတ်ပြီးလို့ နောက်အသားတင်အမြတ်က ဘယ်လောက်ပဲ ကျန်တော့လဲဆိုရင် ၈ သောင်းပဲ ကျန်တော့မှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ၁၅ သိန်းကနေ လျော့လာလိုက်တာ ၈ သောင်းဆိုတဲ့ အနေအထားပဲကျန်တော့တာတွေ့ရပါတယ်။ ဒါမျိုးတွေကိုတွက်ချက်တတ်မှသာ ကျွန်တော်တို့လုပ်ငန်းသည် အမြတ်ထွက်နေမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ်ရင် မိတ်ဆွေရဲ့ Business ကြီးတော့ လည်ပတ်နေတယ်၊ Survive တော့ဖြစ်နေတယ်၊ အသက်ရှင်နေတယ်။ ဘာဖြစ်မလာဘူးလဲဆိုတော့ Growth ဖြစ်မလာဘူး တိုးတက်မလာဘဲနဲ့ ဖြစ်နေမှာတွေကို တွက်ချက်တတ်ဖို့လိုပါတယ်။ ဒါဆိုရင် Depreciation လည်းတွက်ပြီးပြီ၊ လစဉ်လည်း ထုတ်နုတ်စုဆောင်းထားပြီးပြီ ဒါဆိုရင် ကျွန်တော်တို့လုပ်ငန်းက ကျန်တဲ့အမြတ်သည် တကယ်မြတ်ပြီလားလို့မေးရင် စိတ်မကောင်းစွာနဲ့ ထပ်ပြောရမှာကတော့ မမြတ်သေးပါဘူး။ နောက်ထပ် ထပ်ပြီးတော့စဉ်းစားရမဲ့ အချက်တွေရှိပါသေးတယ်။ ဒါကိုနောက်ထပ်လာမယ့် အပိုင်းမှာဆက်ပြီးလေ့လာကြည့်ပါဦးလို့ ပြောချင်ပါတယ်။

Keep Reading

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)အမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအမွေအနှစ်လား လံကြုပ်လား အပိုင်းလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်အဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်