Hein Zaw
◾
လူတစ်ယောက် နယ်ပယ်တစ်ခုမှာ ထိပ်ဆုံးရောက်ဖို့ဆိုတာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ သူ့ရဲ့ကြိုးစားအားထုတ်မှုတစ်ခုတည်းနဲ့ဖြစ်နိုင်လား။ အခွင့်အလမ်းကောင်းတွေ ရရှိဖို့က ဘယ်လောက်ထိ အရေးပါလဲ။
Malcolm Gladwell ရဲ့ "Outliers" စာအုပ်မှာဆိုရင် ဒီအကြောင်းကို တော်တော်လေးပြောထားတယ်။ “ကျွန်တော်တို့ လေ့လာခဲ့သမျှ ဒိတ်ဒိတ်ကြဲအောင်မြင်ကြသူတွေအားလုံးဟာ သာမန်အခြေအနေထက် ထူးကဲသာလွန်တဲ့ အခွင့်အလမ်းအခြေနေမျိုးတွေရဲ့ အကျိုးကျေးဇူးကို ရခဲ့တဲ့သူတွေချည်းပဲဖြစ်တယ်” လို့ဆိုတယ်။”
“သူတို့ (ဒိတ်ဒိတ်ကြဲအောင်မြင်သူတွေ)ရဲ့ သမိုင်းကြောင်းကို အထူးပြောင်မြောက်စေတဲ့အချက်တွေကို သူတို့ရဲ့ သာမန်ထက်ပိုတဲ့ ကိုယ်ရည်ကိုယ်သွေးက အဓိကမကျဘဲ သာမန်ထက် ပိုမိုလွန်ကဲတဲ့အခွင့်အလမ်းတွေကို ရရှိခဲ့တာက ပိုပြီးအဓိကကျမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့လည်း Malcolm Gladwell က ဆက်ပြောထားတယ်။
သူပြောတဲ့ ဥပမာတွေထဲမှာ ထိပ်တန်းရောက် ဆော့ဖ်ဝဲတီထွင်သူတွေ၊ အားကစားသမားတွေ၊ ဂီတပညာရှင်တွေ စသဖြင့်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ ဘီလ်ဂိတ်စ် အခုလို Microsoft နဲ့ ကမ္ဘာ့ထိပ်တန်းဘီလျံနာဖြစ်ခဲ့တာဟာ Lakeside အထက်တန်းကျောင်းမှာတက်ခွင့်ရခဲ့ပြီး သူများတွေမရခဲ့တဲ့ ကွန်ပျူတာစောစောစီးစီးအသုံးပြုခွင့်ရခဲ့လို့ပါလို့ ဆိုတယ်။
ဘီလ်ဂိတ်စ်ရဲ့ ဥပမာကို Morgan Housel ကလည်း "Psychology of Money" စာအုပ်မှာ ထည့်ပြောထားတယ်။ ဘီလ်ဂိတ်စ်ဟာ လူတစ်သန်းမှာ တစ်ယောက်သာရတဲ့အခွင့်အလမ်းကို ရခဲ့တယ်လို့ဆိုတယ်။ “Lakeside သာမရှိခဲ့ရင် Microsoft ဆိုတာ ရှိလာမှာမဟုတ်ဘူး” လို့ ဘီလ်ဂိတ်စ်ကိုယ်တိုင်လည်း ပြောဖူးပါတယ်။
ဆိုတော့ ထူးချွန်တဲ့သူတွေ များများပေါ်ထွက်ဖို့ဆိုရင် ရေခံမြေခံကောင်းမှာ ရှင်သန်ကြီးပြင်းခွင့်ရဖို့၊ အခြေအနေ၊ အချိန်အခါကောင်းနဲ့ ပံ့ပိုးမှုရရှိဖို့ အဲဒီလောက်ထိ အရေးပါပါတယ်။
မြန်မာပြည်က ကလေးတစ်ယောက်နဲ့ အမေရိကက ကလေးတစ်ယောက် မွေးကင်းစမှာ အရည်အချင်းမကွာဘူး။ ဒါတောင် အာဟာရပြည့်၀တာချင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုရတာချင်းကွာလို့ တူတယ်လို့ပြောဖို့ခက်တယ်။ အဲဒီကနေ ကြီးပြင်းလာတဲ့ဘ၀တစ်လျှောက် ရေခံမြေခံနဲ့ ပံ့ပိုးမှုရတာချင်းက ကွာဟချက်ကြီးမားလာတဲ့အခါ အရွယ်ရောက်လို့ အောင်မြင်ဖြစ်ထွန်းတာချင်းကလည်း ကွာဟမှုကြီးမားသွားတာပဲ။
ဒီလိုပြောလို့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကြိုးစားအားထုတ်မှု အရေးမကြီးဘူးပြောတာမဟုတ်ဘူး။ နယ်ပယ်တစ်ခုမှာ တစ်ဖက်ကမ်းခပ် (Mastery) အဆင့်ရောက်ဖို့၊ ထိပ်တန်းရောက်ဖို့က နာရီပေါင်းများစွာ လေ့ကျင့်မှုကောင်းကောင်းလုပ်ခွင့်ရဖို့လိုတယ်။ Malcolm Gladwell ကတော့ လေ့ကျင့်ချိန် နာရီ ၁၀၀၀၀ လိုတယ်လို့ပြောတယ်။ ဘယ်ထူးချွန်သူကမှ လွယ်လွယ်ကူကူဖြစ်လာခဲ့တာမရှိဘူး။
ဒါပေမဲ့ လူတစ်ယောက်ဟာ သူအစွမ်းရှိသလောက် ကြိုးစားခွင့်ရဖို့၊ လေ့ကျင့်ခွင့်ရဖို့က အခွင့်အလမ်းတွေ၊ ပံ့ပိုးမှုရနိုင်တဲ့ ရေခံမြေခံကောင်းတွေ မဖြစ်မနေလိုအပ်ပါတယ်။
#HeinZaw
#Mastery
#Opportunities
Keep Reading