SarPhat Author
ခင်ဗျားဘဝတစ်လျှောက်လုံး လူပုဂ္ဂိုလ်ဘယ်နှစ်ယောက်လောက်ကိုများ မနာလိုဖြစ်ခဲ့ပြီးပြီလဲ။ ငါကတော့ ငယ်ငယ်တည်းက ဖြူစင်တယ်၊ ဘယ်သူ့ကိုမှ မနာလိုမဖြစ်ခဲ့ဘူးလို့ ငြင်းမယ်ဆိုရင်တော့ သေချာပါတယ်။ ခင်ဗျားကိုယ်ခင်ဗျား ပြန်ပြီးလိမ်နေတာပါပဲ။
တကယ်တော့ မနာလိုဝန်တိုခြင်းဆိုတာဟာ ကျွန်တော်တို့ လူသားတွေရဲ့ ပင်ကိုယ်မွေးရာပါဗီဇလို့ ဆိုနိုင်ပါတယ်။ နည်းခြင်းနဲ့ များခြင်းသာ ကွာရင်ကွာလိမ့်မယ်၊ ခင်ဗျားရော ကျွန်တော့်မှာပါ မမြင်နိုင်တဲ့ မနာလိုစိတ်တွေ အတုံးလိုက်အတစ်လိုက် ရှိကြပါတယ်။ ဆိုတော့ မနာလိုဝန်တိုတာဟာ ရှက်စရာလား၊ မကောင်းတာကြီးလား။ ကျွန်တော့်ကို လာမေးမယ်ဆိုရင်တော့ လုံးဝ (လုံးဝ) ကို မဟုတ်ဘူးလို့ ငြင်းမှာပါ။ မင်းကလည်းကွာ ဒီစိတ်ကြီးရှိနေတာ ဘယ်လိုလုပ် ကောင်းနိုင်ပါ့မလဲလို့ စောဒကတက်စရာရှိပါတယ်။ ခဏလေးပါ၊ ကျွန်တော်ဆက်ပြီး ရှင်းပြပါမယ်။
ကျွန်တော်ဟာ စက်ဘီးတစီးတောင် မဝယ်နိုင်တဲ့ ငမွဲတယောက်ဆိုပါစို့။ ငွေမရှိတဲ့အထဲ ရုပ်ရည်ကပါမရှိတော့ ကျွန်တော့်ကိုကြိုက်မဲ့ မိန်းကလေးလည်း တစ်ယောက်တလေတောင်မရှိပါဘူး။ ဒီအချိန်မှာ ကျွန်တော့် ငယ်သူငယ်ချင်းတယောက်က ကားတွေထည်လဲစီးနေမယ်၊ ကောင်မလေး အလန်းလေးတွေ တယောက်ပြီးတယောက် တွဲနေမယ်ဆိုရင် ပထမဆုံးအနေနဲ့ ကျွန်တော်ဟာ သူ့ကိုအားကျစိတ်တွေ ဝင်လာပါလိမ့်မယ်။ အချိန်တခုကြာပြီးတဲ့နောက် အားကျစိတ်ကနေ မနာလိုစိတ်အဖြစ် ပြောင်းလဲသွားပြီဆိုရင်တော့ ကျွန်တော့်ကို ဆင်းဆင်းရဲရဲဘဝမှာ မွေးခဲ့တဲ့ မိဘတွေကို နေ့ရှိသ၍ အပြစ်တင်မယ်၊ ကိုယ့်ကိုယ်ကိုလည်း အချိန်ရှိသ၍ အားမလိုအားမရ ဖြစ်နေမယ်။ ဒီအချိန်ထိ ကျွန်တော်ဟာ မိသားစုကို စိတ်ညစ်စေတာလောက်ကလွဲရင် သူတစ်ပါးအပေါ် ဘယ်လိုမတရားမှုမျိုးမှ ကျူးလွန်ခြင်းမရှိသေးပါဘူး။
တကယ့်ဇာတ်လမ်းက ဒီမှာစပါပြီ။ ကျွန်တော်ဟာ ငွေရရင်ဘာမဆိုလုပ်မယ်၊ ဒီကောင့်ကိုကျော်နိုင်ရမယ်လို့တွေးပြီး သူငယ်ချင်းအပေါ် မကောင်းကြံမိတာဖြစ်စေ၊ ဖြတ်လမ်းနည်းနဲ့ ပိုက်ဆံရှာမိတာဖြစ်စေ အမှားတွေ ပြုလုပ်လိုက်မိရင်တော့ မနာလိုစိတ်ကို မကောင်းတဲ့ဘက်အခြမ်းဆီ ကျွန်တော်ကိုယ်တိုင် တွန်းပို့မိသွားပါပြီ။ မနာလိုစိတ်ကြောင့် ရှေ့မှာတမျိုး၊ ကွယ်ရာမှာတမျိုး ကုန်းချောတတ်သူတွေကိုလည်း ရုံးဝန်ထမ်းတွေ အများဆုံး ကြံဖူးကြမယ် ထင်ပါတယ်။ အကယ်၍များ မနာလိုစိတ်ကို မခံချင်စိတ်အဖြစ်ပြောင်းလဲပြီး ငါတနေ့သူ့လိုကြီးပွားရမယ်၊ ကားတွေထည်လဲစီးနိုင်ရမယ် ဆိုတဲ့အတွေးနဲ့ ကျွန်တော်အားသန်ရာနယ်ပယ်မှာ နှစ်ဆ၊ သုံးဆလောက် ပိုပိုသာသာလေး ကြိုးစားလိုက်မယ်ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအရောက်မှာ ကျွန်တော်ဟာ သူနဲ့တန်းတူအဆင့်အတန်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ မနာလိုစိတ်ဟာ လုံးဝမကောင်းပါဘူးဆိုတဲ့ အယူအဆကို ကျွန်တော့်အနေနဲ့ လက်မခံနိုင်ကြောင်း ပြောခဲ့တာပါ။
ကဲ၊ စာလည်းအတော်လေးရှည်သွားပြီဆိုတော့ အချုပ်ကိုပြောကြရအောင်ပါ။ မနာလိုဝန်တိုစိတ်မှာ မမြင်နိုင်တဲ့ အင်အားကြီးကြီးမားမားတစ်ခုရှိပါတယ်။ ဒါကြောင့် မနာလိုစိတ်ကို မခံချင်စိတ်အဖြစ်ပြောင်းလဲပြီး တရားနည်းလမ်းတကျ ကြိုးစားသွားမယ်ဆိုရင် မနာလိုတာ မကောင်းဘူးလို့ပြောသူတွေကိုတွေ့တိုင်း ထိုင်းဟားနေမိမှာ ကျိန်းသေပါပဲ။ ဒီစိတ်ကြောင့်ပဲ အောင်မြင်သွားကြောင်း သူတို့မသိရင်တောင် ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်နေမှာပါ။ ဒီလိုမှမဟုတ်ဘဲ မနာလိုစိတ်ကို အမှောင်ဘက်ခြမ်းတွန်းပို့ဖို့ပဲ စိတ်အားထက်သန်နေရင်တော့ ကိုယ့်ဖြစ်တည်မှုတွေ ပျက်သုဉ်းသွားလောက်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်ကြောင်း သတိပေးရင်းနောက်စာစုများမှာ ပြန်ဆုံကြပါစို့ခင်ဗျာ။
Keep Reading