SarPhat Author
ပါးပြင်ပေါ် စီးကျနေတဲ့ မင်းရဲ့မျက်ရည်စက်လေးတွေကို အရင်ဆုံး သုတ်လိုက်ပါဦး။
ပြီးရင် ကိုယ်ပြောတာကို သေချာလေး နားထောင်ရမယ်နော်...။
အရမ်းခေါင်းမာတဲ့ ကိုယ့်ချစ်သူလေးလည်း အခုတော့ ငိုနေတတ်ပြီပေါ့။
တပတ်ကို အနည်းဆုံးတခါလောက်မှ မတွေ့ရရင် ရန်လုပ်တတ်တဲ့ ကိုယ့်ရဲ့ချစ်သူလေး နောက်ဆို ဘယ်လိုများ နေနေလိမ့်မလဲ။ နှစ်တိုင်း Anniversary ရောက်ရင် ဓာတ်ပုံလှလှလေးတွေ အမှတ်တရရိုက်ထားကြမယ်ဆိုတဲ့ မင်းရဲ့အိပ်မက်လေးကိုလည်း ခဏလောက်တော့ သိမ်းပေးထားပါဦးနော်။
တကယ်ပါ…ဘယ်လိုလုပ် နှုတ်ဆက်ရက်မှာလဲ။ နှုတ်ဆက်ဖို့လည်း အသင့်မဖြစ်သေးဘူးလေ။
ကိုယ်တို့နှစ်ဦး အနေဝေးသွားကြပေမဲ့ စိတ်ချင်းနီးနေဖို့က အရေးကြီးဆုံးပဲမလား။
ကိန္နရီကိန္နရာ တညတာချောင်းခြားတာ နှစ်ပေါင်း ၇၀၀ စာ လွမ်းကြရတယ်တဲ့။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူနဲ့တော့ ဘယ်ဝေးချင်ပါ့မလဲလေ။ အခုနေချိန်ခါ ဝေးနေကြပေမဲ့ ဘယ်တော့မှ မခွဲသွားဘူးဆိုတာကိုတော့ ယုံကြည်ပေးပါနော်။
ဝေးနေတုန်း မင်းကို လွမ်းတဲ့အခါ ကောင်းကင်ကြီးကို မော့ကြည့်မယ်။ နေရာတွေ ဘယ်လိုပဲ ဝေးကွာနေပါစေ…မင်းနဲ့ကိုယ် ဒီကောင်းကင်မိုးသားကြီးတခုတည်းအောက်မှာ အတူရှင်သန်နေကြတာပဲဆိုပြီး စိတ်ကိုဖြေမယ်။ မျက်စိကို မှိတ်ထားမယ်။ ကိုယ့်လက်ရှိပတ်ဝန်းကျင်ကို အမှောင်ချလိုက်တဲ့အခါ ကိုယ့်စိတ်အာရုံထဲမှာ မင်းက အလိုလိုထွက်ပေါ်လာတာပဲလေ။
ကိုယ့်ပိုက်ဆံအိတ်ထဲမှာ အမြဲဆောင်ထားတဲ့ မင်းရဲ့လိုင်စင်ဓာတ်ပုံလေးကို ထုတ်ကြည့်မယ်။ တယောက်တနေရာစီ ရောက်နေရင်တောင် မင်းရဲ့အငွေ့အသက်လေးတွေ ကိုယ့်အနားရောက်နေမှပဲ နေပျော်မှာလေ။ မင်းက ကိုယ့်အတွက် အားအင်ကိုး။
ခဏတာ ဝေးနေရပေမဲ့ တဘဝစာ နီးကြရဖို့အတွက် ပြင်ဆင်နေကြတာဆိုပြီးတော့ပဲ စိတ်မှာမှတ်ထားလိုက်ပါ ချစ်သူရယ်။ ဝေးဝေးနီးနီး ချစ်နေဖို့က အဓိကကျတယ်မဟုတ်လား…။
မင်းအတွက်ကိုယ် ကိုယ့်အတွက်မင်း အတူရှင်သန်ရင်း ရည်ရွယ်ထားတဲ့ ဘဝတခုကို ပိုင်ဆိုင်နိုင်ဖို့ အခုချိန်မှာတော့ ခဏလေး ဝေးနေလိုက်ကြရအောင်နော်။
တနေ့ပြီးတနေ့ ကုန်သွားတဲ့ရက်တွေကို လက်ချိုးရေပြီး ပြန်နီးရမယ့်အချိန်ထိ ကိုယ်တို့အတူစောင့်ကြတာပေါ့။
ကိုယ်တို့ ဝေးသွားတာက မုန်းလို့မှမဟုတ်ဘဲ… ။
Keep Reading