အက္ခရာ - Haruki
SarPhat မှာ စာရေးနေသူလေးတွေအားလုံးနီပါးဟာ တက်သစ်စ စာရေးသူလေးတွေဖြစ်ကြပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စာရေးကောင်းသူတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူလေးတွေ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် ဒီဆောင်းပါးလေးဟာ ဒီကစာရေးသူလေးတွေအတွက်ပါပဲ။ ဒီဆောင်းလေးမှာ ကျွန်တော်ကိုယ်တိုင် စာရေးကောင်းသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့အသုံးချနေတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးထားပါတယ်ခင်ဗျာ။
What to do to become a good writer ❓
၁။ စာများများရေးပါ။
စာပုံမှန်ရေးပါ။ စာပုံမှန်မရေးဘဲ စာရေးကောင်းသူတစ်ယောက်ဖြစ်ချင်လို့နေလို့မရပါဘူး။ စာရေးတယ်ဆိုတာကလည်း အခြားသူတစ်ယောက်က သင်ကြားပေးဖို့ အလွန်ခက်တဲ့ပညာပါ။ မိမိကိုယ်တိုင်လေ့ကျင့်ခြင်းကသာ စာရေးခြင်းအတတ်ကို အမှန်တကယ်သင်ကြားပေးနိုင်ပါလိမ့်မယ်။
လုပ်ဖို့အတွက် မသင်ယူပါနဲ့။ သင်ယူဖို့အတွက် အလုပ်လုပ်ပါ။ စာရေးသက်ကြာလာတာနဲ့အမျှ ကိုယ်ရေးတာတွေ ပိုကောင်းလာတာတွေ့ရမယ်။ ကောင်းအောင် ဘယ်လိုရေးရမလဲ ဆိုတာကိုလည်း သိလာပါလိမ့်မယ်။ ကိုယ့်ရဲ့အရေးအသား ဘယ်လောက် တိုးတက်လာသလဲ စစ်ဆေးချင်ရင် အရင်တုန်းကရေးထားတဲ့စာတွေကို ပြန်ဖတ်ပါ။
ကျွန်တော်ကိုယ်တိုင်လည်း ဟိုးအရင်ကစာတွေပြန်ဖတ်ကြည့်တော့ လိုအပ်ချက်တွေအများကြီးတွေ့ရပါတယ်။ စာဖတ်သူလေးလည်း ကျွန်တော့်လို အရင်ကစာတွေဖတ်ပြီး အဲဒီစာတွေကို မကောင်းဘူးလို့ ထင်နေပြီဆိုရင် အခုလက်ရှိအခြေအနေဟာ အဲဒီတုန်းကထက် ပိုကောင်းနေပြီလို့ မှတ်ယူထားလိုက်ပါ။
စာရေးခြင်းဆိုတာ မိမိကိုယ်တိုင်ဆီကနေ သင်ယူလေ့လာနိုင်ပြီး မိမိကိုယ်တိုင် စစ်ဆေးနိုင်တဲ့ ပညာရပ်တစ်ခုပါပဲ။
၂။ စာများများဖတ်ပါ။
စာဖတ်အားကောင်းတဲ့သူတွေဟာ စာရေးချင်စိတ်အလိုလိုဖြစ်လာတတ်ပါတယ်။ သူတို့ရဲ့စာတွေကို ဖတ်ကြည့်လိုက်မယ်ဆိုရင်လည်း အရေးအသားကောင်းမွန်တယ်ဆိုတာ သိနိုင်ပါတယ်။ တချို့ကျတော့လည်း စာဖတ်အားသိပ်မကောင်းဘဲ စာရေးဆရာဖြစ်ချင်တာတွေ၊ စာရေးကောင်းသူဖြစ်ချင်တာတွေရှိပါတယ်။
စာရေးချင်လို့ စာဖတ်တာဖြစ်ဖြစ်၊ စာဖတ်လို့ စာရေးချင်တာပဲဖြစ်ဖြစ် စာရေးကောင်းချင်သူလေးတွေအတွက် စာကတော့ဖတ်ကိုဖတ်ရပါမယ် ။ ဒုတိယအရေးအကြီးဆုံး အလုပ်ပါ။
စာရေးခြင်းဟာ ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်တာဆိုရင် စာဖတ်ခြင်းဟာ အဲဒီပစ္စည်းကိုထုတ်လုပ်ဖို့အတွက် လိုအပ်တာတွေကို စုဆောင်းရခြင်းနဲ့တူပါတယ်။ ဈေးတန်းကလေးထဲဝင်ပြီး လိုအပ်ရာရာ ကောင်းနိုးရာရာကလေးတွေကို ရွေးချယ်ပြီး ဝယ်ယူတာမျိုးပေါ့။
တကယ်ဈေးဝယ်သလိုမျိုးတော့ လိုအပ်တာတွေကို အကောင်အထည်လိုက်ကြီးတွေ့မှာမဟုတ်ဘူး။ ပစ္စည်းထုတ်တဲ့နေရာမှာလည်း အဲဒါတွေက အတုံးလိုက်အတစ်လိုက် ပါဝင်လာကြမှာမဟုတ်ပါဘူး။ ဟိုဟာ နည်းနည်း၊ ဒီဟာနည်းနည်း မျှဝေအသုံးပြုရတာမျိုးပါ။
စာဖတ်ခြင်းဆိုတာ စာရေးကောင်းဖို့အတွက် လိုအပ်တဲ့အတွေးတွေရရှိနိုင်အောင်၊ စာအရေးအသားချောမွေ့နေအောင်၊ ပိုပြီးကောင်းမွန်တဲ့အရေးအသားဖြစ်လာအောင် ကူညီပေးတဲ့ ဆရာတစ်ဆူဆိုလည်း မမှားပါဘူး။ စာဖတ်အားများလေလေ စာရေးကောင်းသူဖြစ်လေလေပါပဲ။
၃။ တွေးပါ။
တွေးဖို့ မကြောက်ပါနဲ့။
" အမလေး.... မကြောက်ပါဘူး။ တွေးတာပဲ ဘာခက်လို့လဲ .."လို့ မပြောပါနဲ့ ။ တွေးတာ သိပ်ခက်ပါတယ်။
စာစရေးသူတွေ အများဆုံးသိပါတယ်။ " ငါဒီနေ့ဘာရေးရမလဲ။ ဘာအကြောင်းရေးရင်းကောင်းမလဲ။" စသဖြင့် စာမရေးခင် တွေးကြရတာ အလုပ်တစ်ခုလိုတောင် ဖြစ်နေပါပြီ။
ဘယ်လိုလုပ်မလဲ၊ ဘာအကြောင်းရေးမလဲ ဆိုတာ ဆက်ပြီး စဉ်းစားပါ ။ မရပ်တန့်လိုက်ပါနဲ့ ။ ဆက်တွေးနေပါ ။ အဖြေရှာမတွေ့တဲ့အခါ စိတ်ညစ်တာတွေ စိတ်ပင်ပန်းတာတွေတော့ ဖြစ်တတ်ပါတယ် ။ ဒါပေမယ့် တွေးရင်းနဲ့ပဲ အဲဒီအဖြေကို ကိုယ့်ဘာသာ ရှာတွေ့သွားပါလိမ့်မယ်။
တွေ့သွားရင်တော့ အဲဒီတွေ့ရှိခြင်းဟာ ပျော်စရာအကောင်းဆုံးဆိုတာကို ခံစားသိရှိနိုင်မှာပါ။ ဒီနေရာမှာ စာဖတ်ခြင်းဟာလည်း အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ စာဖတ်များရင် အတွေးကောင်းပြီး၊ တွေးရမြန်ဆန်ပါလိမ့်မယ်။
ဖန်တီးမှုအသစ်တစ်ခု ရရှိဖို့ တွေးရမှာ မကြောက်ပါနဲ့။ တွေးနေကျအတိုင်းပဲ တွေးပြီး သူများတွေးတတ်သလောက်ပဲ တွေးနေတာဆိုရင် ဖန်တီးမှု အသစ်တွေ ရရှိလာမှာ မဟုတ်ပါဘူး။
၄။ သတ္တိရှိပါ။
တချို့က စိတ်ကူးရှိတယ်။ ချမပြရဲဘူး။ရေးလိုက်ချင်တယ်။ မရေးရဲဘူး။
ဒီနေ့ပဲ စာဖတ် Group ထဲမှာ စာရေးသူလေးတစ်ယောက် ကိုယ့်ပိုင်အတွေ့အကြုံနဲ့ ကိုယ့်ခံစားချက်ကို ရေးချင်တယ်။ ဒါပေမယ့် အကျိုးမရှိမှာစိုးရိမ်တယ်တဲ့။ ရေးတင်ကြည့်ပါဦး။ ညစ်ညမ်းစာပေကလွဲပြီး အကျိုးမရှိတဲ့စာပေဆိုတာမရှိပါဘူး။ တစ်ယောက်ယောက်အတွက်တော့ အကျိုးရှိနေမှာပါ။
ဒီလိုပါပဲ။ ငါစာမရေးတတ်ပါဘူးလို့ ထင်နေတယ်။ ရေးကြည့်ပါဦး။ တကယ်တမ်းက လုပ်ချင်စိတ်ရှိရင် လုပ်တတ်ပါတယ်။ လုပ်မကြည့်လို့ မလုပ်တတ်ဘူးလို့ ထင်နေတာ။ လုပ်ကြည့်ပါ။ လေ့ကျင့်ပါ။ ဖြစ်ကို ဖြစ်ပါတယ်။
နောက်ထပ်တစ်ခုရှိပါသေးတယ်။ ရေးတတ်တယ်။ သူများကို မပြရဲဘူး ။ သူများကဲ့ရဲ့မှာကြောက်တယ်။ ဟားမှာကြောက်တယ်။ ဝေဖန်မှာကြောက်တယ်။ မကြောက်ပါနဲ့။ ရဲရဲတင်းတင်းသာ လုပ်ချလိုက်ပါ။ ကိုယ်သာ သတ္တိရှိရှိနဲ့ ရေးရင် အားကောင်းတဲ့ စာတွေဖြစ်လာမှာ။ ကိုယ့်စာတွေက လက်ရည်တက်လာမှာ။ ပိုကောင်းလာမှာ။ ပိုအကျိုးရှိလာမှာ။ ကိုယ့်သတ္တိနဲ့ ဖိထားလိုက်ပါ။ တော်ရုံ ဘယ်သူမှမပြောရဲပါဘူး။ အဲဒါကို ယုံပါ။
စာရေးကောင်းသူလေးများဖြစ်စေချင်လျက်
ကိုယ်တိုင်လည်း စာရေးကောင်းသူတစ်ယောက်ဖြစ်အောင်ကြိုးစားလျက်
နွေဦးအက္ခရာ ( May 4, 2024 . 6:15 PM )
Keep Reading