အက္ခရာ - Haruki
ကျွန်တော်တို့တွေ စိတ်တွေအရမ်းပင်ပန်းလာတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ စာဖတ်ပါလို့ ပြောတာကို ကြားဖူးကြမယ်လို့ထင်ပါတယ်။ စိတ်အရမ်းညစ်နေချိန်မှာ တိတ်ဆိတ်တဲ့နေရာလေးတစ်ခုမှာထိုင်ပြီး ကော်ဖီလေးသောက်ရင်းစာဖတ်တာက စိတ်မွန်းကြပ်နေတာကို အတော်လေးသက်သာစေတာတော့ အမှန်ပါ။
စာဖတ်တာကစိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်တဲ့။
စာဖတ်တဲ့အခါ စိတ်ဖိစီးမှုတွေကိုပြေလျော့စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်လို့ ဆရာမ Aye Thi Mon ကဆိုထားပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ စာဖတ်ရင်း ရရှိလာတဲ့ အကျိုးကျေးဇူးတွေက ခဏတာမဟုတ်ဘဲ ဘဝတလျှောက်လုံးစာပါ အထောက်အကူပြုပေးနိုင်တာပါ။
ကျွန်တော်ကိုယ်တိုင်လည်း ငယ်စဥ်ကတည်းက စာလေးတွေနည်းနည်းဖြစ်ဖြစ်ဖတ်ဖြစ်သလို ငယ်စဉ်ကတည်းက စာဖတ်တဲ့အလေ့အကျင့်ကို ပျိုးထောင်ပေးတာဟာလည်း ကလေးလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာတဲ့ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေရုံသာမကဘဲ အသက်အရွယ်ရလာတဲ့အထိ စိတ်ပိုင်းဆိုင်ရာ, ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
စာဖတ်တာက စိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။
ဟုတ်ပါတယ်။ စာဖတ်တယ်ဆိုတာ စိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ....။ ကျွန်တော် Hello ဆရာဝန်ဆိုတဲ့ ကျန်းမာရေးဆောင်းပါးလေးမှာ ဖတ်လိုက်ရပါတယ်။ အဲ့ဒါတွေကတော့ -
၁။ စာဖတ်တာက ဦးနှောက်ထဲက ဆက်သွယ်မှုကို ကောင်းစေတယ်။
စာဖတ်တာက ဦးနှောက်ထဲက မတူညီတဲ့ အစိတ်အပိုင်းတွေကြားမှာ ဆက်သွယ်မှုအသစ်တွေကို ရရှိစေပါတယ်။ ဘာသာစကား စွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ဦးနှောက်ကို အာရုံခံမှုကောင်းစေနိုင်ဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ဦးနှောက်ထဲက ဆဲလ်တစ်ခုစီကို ကျန်းမာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ ဦးနှောက်ဆဲလ်တွေကို ချိတ်ဆက်မှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
၂။ အသက်အရွယ်ကြောင့် သိမြင်မှုစွမ်းရည် မကျစေဖို့ ကာကွယ်ပေးနိုင်တယ်။
သိမြင်မှု စွမ်းရည်ဆိုတဲ့နေရာမှာ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်း နဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေ ပါဝင်နေပါတယ်။ အာရုံစူးစိုက်နိုင်တာ၊ မှတ်မိတာတွေလိုမျိုး သိမြင်မှု စွမ်းရည်တွေက အသက်အရွယ်ရလာတာနဲ့အမျှ ကျဆင်းလာပါတယ်။
ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ စာဖတ်တာပါ။ စာဖတ်တဲ့သူတွေဟာ အရွယ်ရောက်လာတဲ့အခါ သိမြင်မှု စွမ်းရည်ကျလာတာကြောင့် မေ့တတ်တာ၊ အာရုံစိုက်နိုင်စွမ်း ကျလာတာတွေကို သိသိသာသာ လျှော့ချနိုင်ပါတယ်။
၃။ ဖိစီးမှုကို ပြေလျော့စေတယ်။
တစ်နေ့ကို နာရီဝက်လောက် စာပုံမှန် ဖတ်တာက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။ စာဖတ်တာက ယောဂဆော့တာ၊ ဟာသ ရုပ်ရှင်တွေ ကြည့်သလိုမျိုုး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုရော ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုရော ပြေလျော့စေနိုင်ပါတယ်။
၄။ အသက်ရှည်စေနိုင်တယ်။
စာဖတ်တာက ဦးနှောက်ကိုတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ အသက်ရှည်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ စာဖတ်တဲ့သူတွေက အခြားသူတွေထက် နာမကျန်းဖြစ်တာကြောင့် သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်းလောက် နည်းပါတယ်။
စာဖတ်တာကကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်စေသလို အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို လျှော့ချပေးပြီး အသက်ရှည်စေနိုင်ပါတယ်။
၅။ မှတ်မိနိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေနိုင်တယ်။
ဦးနှောက်က ကြွက်သားမဟုတ်ပေမယ့် လေ့ကျင့်ခန်းတွေရဲ့ သက်ရောက်မှုကိုတော့ ခံစားသိရှိနိုင်ဆဲပါ။ အလေးမတာက ခန္ဓာကိုယ်က ကြွက်သားတွေကို သန်မာစေနိုင်သလို စာဖတ်တာကလည်း မှတ်မိနိုင်စွမ်း နဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းစေနိုင်ပါတယ်။ စာပုံမှန် ဖတ်တာက ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးတာပါ။ ဒီလို စာပုံမှန် ဖတ်ပေးတာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းစေနိုင်ပါတယ်။
၆။ အိပ်ပျော်စေတယ်။
စာအုပ်က အိပ်ဆေးတစ်လက်ဆိုတာကို စာဖတ်သူလေးကြားဖူးမယ်ထင်ပါတယ်။ အိပ်မပျော်ဘူးဆိုရင် စာအုပ်လေးတစ်အုပ်လောက်ဖတ်ကြည့်လိုက်ပါ။ စာဖတ်ရင်း စိတ်ဖိစီးမှု လျော့နည်းလာပြီး အိပ်ချင်စိတ် ဖြစ်လာစေပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ညဘက်တိတ်ဆိတ်တဲ့အချိန် စာတစ်နာရီလောက်ဖတ်လေ့ရှိတာကြောင့် စာဖတ်ရင်း အိပ်ငိုက်ခြင်းနဲ့ တိုက်ပွဲဝင်နေရသူဖြစ်ပါတယ်။
အိပ်ချင်စိတ် ဖြစ်စေနိုင်သလို ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အခုလို အကျိုးကျေးဇူးတွေ များတယ်ဆိုတော့ စိတ်ရောကိုယ်ပါကျန်းမာပြီး အသက်ရှည်စေဖို့ တစ်နေ့ကို နာရီဝက်လောက်တော့ စာဖတ်တော့မယ်ဟုတ်။
စာဖတ်ခြင်းဟာ ကျန်းမာရေးမှာတင် အကျိုးကျေးဇူးများတာမဟုတ်ပါဘူး။
စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ တည်ငြိမ်ရင့်ကျက်တည်ငြိမ်လာတတ်ပြီး ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့မအံ့ဩတတ်ကြတော့ဘူး။
အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။ ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။
ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။
စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။
စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့် ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။ စသဖြင့် အကျိုးကျေးဇူးတွေ အများကြီးမှ အများကြီးပါ။
သို့ပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့ဂုဏ်ယူမနေသင့်ပါဘူး။ ဂုဏ်မယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက်မဖြစ်နိုင်သေးပါဘူး။ လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ စာဖတ်သူလေးဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။ ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။ စာဖတ်ခြင်းက စာဖတ်သူလေးကို မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတွေပေးပါလိမ့်မယ်။
ကျန်းမာသန်စွမ်း၊ အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့ လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။
ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ?
၁-အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကိုဖတ်ပေးသင့်ပါတယ်။
အဲ့လိုဖတ်ပေးခြင့်းကြောင့် အောင်မြင်သူတွေရဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို စာဖတ်သူလေးသိမြင်လာပါလိမ့်မယ်။
၂-ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက် အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။ ဂျပန်၊ တရုတ်၊ ကိုရီးယားလည်း ထိုနည်းတူစွာပါပဲ။ ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။ စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။
၃-စိတ်အားတက်ကြွစေမယ့် စာပေ (တက်ကျမ်း)
စာဖတ်သူလေးရဲ့စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့ တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။ တက်ကျမ်းတွေကို ဖတ်ပါများလာရင် စာဖတ်သူလေးရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။
၄-ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့ လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။ ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို တိုတိုတုတ်တုတ်နဲ့မဟုတ်ဘဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊ မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။
၅-ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။
၆-ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။ လိုချင်တပ်မှုစတဲ့ တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။
ဒီကနေ့က စပြီး ကျန်းမာချမ်းသာပြီး အောင်မြင်တိုးတက်တဲ့သူတစ်ယောက်ဖြစ်အောင် စာတွေဖတ်ကြပါစို့လားခင်ဗျာ။
ᏂᏗᏒᏬᏦᎥ ( April 30, 2024 . 8:00 PM )
Keep Reading