Author's Profile Photo

Nicolette

11/04/2024

စတိုခန်း - ပင်ကိုယ်ရေး သရဲ၀တ္ထုတို

2 mins read
Poetry
Art
18 Again
စတိုခန်း - ပင်ကိုယ်ရေး သရဲ၀တ္ထုတို's photo

"စတိုခန်းထဲမှာ ထားထားတဲ့ ခုံအပုလေး သွားယူပေးပါလား" ကျွန်တော့်အဘိုးက ပြောတယ်။


ကျွန်တော် အဘိုးမျက်နှာကို စိတ်ကုန်သလိုကြည့်လိုက်တယ်။


နေ့ခင်းဘက်ခိုင်းရင် ဘာပဲဖြစ်ဖြစ် ကျွန်တော် လုပ်ပေးပါတယ်။


အခုလို ညဘက်ကြီးတော့ စတိုခန်းထဲကို လုံးဝ မသွားချင်ပါဘူး။


ကျွန်တော်နဲ့ ကျွန်တော့်အစ်မ အဘိုးရဲ့အိမ်ကိုရောက်တာ ရှစ်နှစ်ရှိပြီ။


ကျွန်တော်တို့မိဘတွေကွာရှင်းလိုက်ကတည်းက အဘိုးရဲ့အိမ်မှာလာနေကြတာ ကျွန်တော့် အသက် ၁၁ နှစ်ကတည်းက အခုဆို အသက် ၁၉ နှစ်ရှိပြီ။


မိဘတွေက ပိုက်ဆံပဲ ပို့ပေးကြတယ် အဘိုးကတော့ ကျွန်တော်တို့ကို စောင့်ရှောက်ပေးတယ်။


အဘိုးအိမ်က နှစ်ထပ်တိုက်ဟောင်းကြီး။


အဘွားဆုံးသွားပြီးနောက်ပိုင်း အတူတူနေတဲ့ အဒေါ်တစ်ယောက်လဲ ထပ်ဆုံးသွားတယ်။


မြေးအဘိုးသုံးယောက်အတွက် အိမ်ကြီးက အရမ်းကြီးနေတယ်။


အထူးသဖြင့် စတိုခန်း။


အိမ်ကြီးရဲ့ အနောက်ဘက်ဆုံးကျကျမှာ မသုံးတော့တဲ့ ပစ္စည်းတွေ စုပုံထားတဲ့အခန်းကျယ်တစ်ခုရှိတယ်။


အဲ့အခန်းကို ကျွန်တော် စိတ်အပျက်ဆုံးပဲ။ ညဆိုရင် စတိုခန်းထဲကနေ အသံစုံကြားရတယ်။


အရင် အိမ်ကြီးထဲမှာနေသွားကြတဲ့ လူတွေရဲ့ ဝိညာဉ်တွေက မသုံးတော့တဲ့ ပစ္စည်းတွေလိုပဲ စတိုခန်းထဲမှာ စုပြုံနေမယ်လို့ ဘာကြောင့်မှန်းမသိ ကျွန်တော် ယုံကြည်နေတယ်။


စတိုခန်းထဲကို ကျွန်တော် ဝင်သွားလိုက်တိုင်းလဲ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကြားကနေ တစ်ယောက်ယောက်က ကျွန်တော့်ကို စိုက်ကြည့်နေသလိုပဲ။


တစ်ခါတစ်လေ နေ့ဘက်ကြီးတောင် စတိုခန်းရှေ့ကနေ ဖြတ်သွားရင် ချောင်းဆိုးသံလိုလို စကားတီးတိုးပြောသံလိုလို ကြားရတက်တယ်။


စတိုခန်းထဲ မသွားရဲတဲ့ ပြဿနာကြောင့် အဘိုးနဲ့ အစ်မရဲ့ လှောင်ပြောင်ခြင်းကို အမြဲခံနေရတယ်။


ကျွန်တော့်အစ်မက အရမ်းကို အကြောက်အလန့်ကင်းတဲ့သူပါ။


အဘိုးက ကျွန်တော့်ကို ယောင်္ကျားလေးဖြစ်ပြီး ပျော့ညံ့တယ်လို့ပြောတယ်။


တကယ်တော့ သရဲကြောက်တာ မကြောက်တာမှာ ယောင်္ကျား၊ မိန်းမနဲ့တော့ မဆိုင်ဘူးလို့ ကျွန်တော်ထင်တယ်။


ကြောက်တဲ့သူက ကြောက်ကို ကြောက်မှာပဲ။


တစ်ညမှာတော့.......


အဘိုးရယ် ကျွန်တော်ရယ် အစ်မရယ် မြို့ထဲသွားပြီး အပြန်မှာ ကားပျက်သွားတယ်။


ကားပျက်တဲ့နေရာက အိမ်နဲ့နီးပါတယ်။


သိပ်တော့ စိတ်ပူစရာ မရှိပါဘူး အဘိုးက ကားကို ကျွမ်းကျွမ်းကျင်ကျင်ပြင်တက်ပါတယ်။


ဒါပေမယ့် ပြဿနာက ကားပြင်ရင် လိုတဲ့ပစ္စည်းတွေထည့်ထားတဲ့အိတ်လေးက စတိုခန်းထဲမှာ ကျန်ခဲ့တာပဲ။


"မြေးရေ အိမ်ပြန်ပြီး သွားယူစမ်းပါ" အဘိုးက ကျွန်တော့ကို သွားယူခိုင်းတယ်။


"သူသွားမှ မဟုတ်ဘူးအဘိုး သမီးပဲသွားလိုက်မယ်" မျက်နှာပျက်နေတဲ့ ကျွန်တော့ကို ကြည့်ပြီး အစ်မက ဝင်ပြောတယ်။


အဘိုးကို ကြည့်ရတာ ဒေါသထွက်သွားသလိုပဲ "ငါညဘက်ကြီး မင်းအစ်မကို လွတ်မှာမဟုတ်ဘူး မင်းက အဲ့လောက်တောင် သုံးစားမရဘူးလား"။


ကျွန်တော် တော်တော်လေး စိတ်ပျက်သွားပါတယ်။


စတိုခန်းထဲသွားတာ ညဘက်ကြီး ကြောက်စရာကောင်းတဲ့နေရာတွေကို သွားတာကလွဲရင် အဘိုးအတွက် ဘာမဆို ကျွန်တော် လုပ်ပေးခဲ့ပါတယ်။


"ကိုယ့်အိမ်က အခန်းကိုတောင် ကိုယ်ကြောက်နေတဲ့ကောင်" အဘိုးက ဆက်ပြောတယ်။


"ကျွန်တော် သွားပါမယ်" ကျွန်တော် လှည့်ထွက်လာခဲ့တယ်။


"ဟဲ့ ဓာတ်မီးယူသွားဦး" အစ်မက လှမ်းအော်ပေမယ့် ကျွန်တော်လှည့်မကြည့်ဖြစ်ပါဘူး။


လမ်းတစ်လျှောက်လဲ အိမ်တွေက ဖွင့်ထားတဲ့ လမ်းမီးတွေနဲ့ လင်းထိန်နေပါတယ်။


အိမ်ကို ပြန်ရောက်တဲ့အခါမှာတော့ အောက်ထပ်က ရှိသမျှ မီးတွေကို ကျွန်တော် လိုက်ဖွင့်နေမိတယ်။


ပြီးတော့ စတိုခန်းရှေ့မှာ ရပ်ပြီးဝင်သွားဖို့ကို အားယူနေရတယ်။


စတိုခန်းထဲ ဝင်တဲ့အခါမှာတော့ တွဲလောင်းချထားတဲ့ မီးအပိတ်အဖွင့် ခလုပ်ကို နှိပ်လိုက်တယ်။


မီးချောင်းက ကျွမ်းခါနီးလို မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတယ်။


သရဲတစ်ကောင်ကောင်က ကျွန်တော့ကို တမင်ခြောက်ချင်လို့ မီးချောင်းကို လင်းလိုက် မှိန်လိုက် လုပ်နေတာများလား။


အတွေးတွေနဲ့အတူ ဇောချွေးတွေပြန်လာတယ်။


ကျွန်တော့အနောက်မှာ ဖြူဖြူကြီး ရပ်နေသလိုပဲ။


လှည့်ကြည့်လိုက်တော့ ချိတ်ထားတဲ့ မိုးကာအင်္ကျီဖြစ်နေတယ်။


နားထဲမှာလဲ စကားပြောသံတွေလိုလို ကြားနေရတယ်။ ကျွန်တော့ကို ကြည့်ရင်းလှောင်ရယ်နေကြသလိုပဲ။


ကားပြင်တဲ့ပစ္စည်းတွေဘယ်မှာလဲ အခုထိရှာလို့မတွေ့သေးဘူး။


အခန်းအတွင်းထဲအထိ ဇွတ်အတင်းတိုးဝင်သွားမိတယ်။


အခန်းထောင့်က ဗီရိုအဟောင်းကြီးပေါ်မှာ တစ္ဆေတစ်ကောင် ငုတ်တုတ်ထိုင်နေသလိုပဲ။


ကျွန်တော်မော့ကြည့်လိုက်တော့ ဝက်ဝံရုပ်တစ်ရုပ်ဖြစ်နေတယ်။


ဟော ဟိုမှာ အိတ်တစ်လုံး။


ဒါကားပြင်တဲ့အိတ်ဖြစ်ရမယ်။


အိတ်ကို လှမ်းအဆွဲမှာပဲ မီးပျက်သွားတယ်။


လောကကြီးတစ်ခုလုံး မှောင်အတိကျသွားတယ်။


"အား......" ကြောက်လန့်တကြားနဲ့ အော်ပေမယ့် အသံထွက်မလာပါဘူး။


စိတ်ထဲကနေပဲ အော်လိုက်တာ ဖြစ်ရမယ်။


ဟိုဝင်တိုး ဒီဝင်တိုးနဲ့ စတိုးခန်းကနေ ထွက်ဖို့အပေါက်ကို ရှာနေမိတယ်။


ဓာတ်မီးမယူလာမိတာကိုလဲ အရမ်းနောင်တရနေပါပြီ။


အမှောင်ထဲမှာ အရိပ်တွေ အများကြီးတွေ့တယ်။


တစ္ဆေတွေ ကျွန်တော့ကို ဝိုင်းဆွဲတော့မယ်ထင်တယ်။


အရမ်းမာတဲ့ အရာတစ်ခုကို တိုက်မိပြီး ကျွန်တော်လဲကျသွားတယ်။


ပြန်အထမှာပဲ ဘာမှန်းမသိတဲ့အရာကြီးတစ်ခု ခေါင်းပေါ်ကို ပြုတ်ကျလာတယ်။


လောကကြီး ထပ်မှောင်သွားတယ်။


မီးပျက်တာထက်ပို မှောင်ပါတယ်။


ကျွန်တော်ပြန်နိုးလာတော့ စတိုခန်းရဲ့ မျက်နှာကြက်မှာ လွင့်မျောနေတာကို သတိထားမိတယ်။


ကျွန်တော့ရဲ့ ခန္ဓာကိုယ်ကတော့ ကြမ်းပြင်မှာ လဲလို့။


မီးလဲ ပြန်လာပါပြီ။


ကျွန်တော့ပေါ်ကို သစ်သားသေတ္တာတစ်ခုပြုတ်ကျသွားတာပဲ။ ကျွန်တော်ဝင်တိုးမိလို့လေ။


အဘိုးနဲ့ အစ်မ ကျွန်တော့်ကို မြင်ရင် အရမ်းဝမ်းနည်းနေကြမယ်ထင်တယ်။


စတိုခန်းပတ်ချာလည်ကို တစ်ချက်ဝေ့ဝဲကြည့်လိုက်တယ်။


အခန်းထဲမှာ ကြောက်စရာကောင်းတဲ့ တစ္ဆေတွေရှိမနေပါဘူး။


ကျွန်တော်ကလွဲရင်ပေါ့.......။


Learning Tips တွေ၊ English စာအုပ် Review တွေနဲ့ ပင်ကိုယ်ရေး သရဲ ၀တ္ထုလေးတွေ ရေးပါတယ်။
အကောင့်လေးကို Follow လုပ်ကြပါဦးနော် ☺️

Keep Reading

အမည်မရှိ ကမ္ဘာအလံဖြူဘဝတူမို့ စာနာမိတယ်ညဖွက်ထားတဲ့ကြောင်နက်ဖမ်းဆုပ်ရန် ခတ်ခဲသောအပိုင်းအစကမ္ဘာကို အလှဆင်သူစည်းတစ်ဖက်ခြားသူမို့ (အခန်းဆက် ဝတ္ထု‌ရှည်)အရောင်စုံချင်ကြသူများ (ရွှေငါးရေးတဲ့ ကဗျာထဲက ပုံပြင်များ)အိမ်နှစ် ၈၀ ကျော်က‌ဗျာတစ်ပုဒ်