Author's Profile Photo

၂၁ မျဉ်းစောင်း

11/12/2025

ကမ္ဘာကို အလှဆင်သူ

6 mins read
Poetry
Art
Fiction
ကမ္ဘာကို အလှဆင်သူ's photo

10 ပေပတ်လည် အခန်းငယ်တစ်ခုတွင် လူတစ်ယောက် နံရံကို ကျောမှီပြီး စာအုပ်ဖတ်နေသည်။ ထိုအခန်းထောင့်တွင် စားပွဲတင် ခုံတစ်လုံး ရှိနေသည်။ ထိုခုံပေါ်တွင် ဆုတ်ဖြဲထားသောဓာတ်ပုံတစ်ပုံနှင့် ဓားခုတ်ကောင် တစ်ကောင် ရှိနေသည်။ ဓာတ်ပုံမှာ ဘယ်လိုဓာတ်ပုံမျိုးမှန်း မသိသာ၊ မထင်ရှားသေး။

“ပန်းချီဆရာ အသက်အောင့်ပြီး ရေးတယ်။” 


စာအုပ်ထဲက စာသားတချို့ သူ့နှုတ်ခမ်းထက်မှ ကျလာသည်။ သူ့ကိုယ်သူ တစ်ယောက်ထဲ ရေရွတ်ရင်း စာအုပ်ကိုပိတ်၊ အတွေးထဲမှာ တစ်ယောက်ထဲ မျောလွင့်နေသည်။ ဒီအချိန် အခန်းတံခါးအား တစ်စုံတစ်ယောက်က လာခေါက်သဖြင့် တွေးလက်စ အတွေးတွေအားလုံး အမျှင်တန်းပြတ်ကာ တံခါးဝဆီကို အာရုံရောက်သွားသည်။ 

“ဘယ်သူလဲ” 
“ငါ လှိုင်းထက်… တံခါးဖွင့်ပေးပါဦး” 
“အေး…အေး ခဏစောင့်၊ လာပြီ”


လှိုင်းထက်ဆိုသူမှာ ညနေဘက်တိုင်း သူ့အခန်းဆီ ရောက်လာနေကျဖြစ်သည်။ သူနဲ့လှိုင်းထက် နေတဲ့ တိုက်ခန်းချင်းက နီးတာတစ်ကြောင်း၊ အသက်အရွယ်က မတိမ်းမယိမ်း ကွာတာကတစ်ကြောင်း နှစ်ယောက်သား ပေါင်းဖြစ်ကြသည်။ 

“ဟေ့ကောင်… ဘာတွေဖတ်နေတာလဲ”


လှိုင်းထက် အခန်းထဲ ဝင်လာလာချင်း အိပ်ရာဘေးက စာအုပ်ကို မြင်သွား၍ မေးပုံရသည်။ လှိုင်းထက်ပြောလိုက်မှ သူရဲ့ အစောက အတွေးတန်းတွေအားလုံး ခေါင်းထဲအစီအရီ ရောက်လာသလို အနည်းငယ်ပြုံးပြီး မေးခွန်းတစ်ခု မေးလိုက်သည်။

“မင်း ၉ မျဉ်းစောင်း ကိုသိလား”


လှိုင်းထက် တစ်ယောက် ဇဝေဇဝါနှင့် သူ့မေးခွန်းကို ခဏစဉ်းစားပြီး ပြန်ဖြေသည်။

“ငါတို့ မှတ်ပုံတင်တွေထဲမှာပါတဲ့ ၉ မျဉ်းစောင်း၊ ၁၂ မျဉ်းစောင်း အဲ့တာမျိုးတွေလား”
“အေး… ဟုတ်တယ်။ ငါအခုဖတ်နေတဲ့ စာအုပ်ထဲက ဝတ္ထုတို တစ်ပုဒ်ရဲ့နာမည်က “၉ မျဉ်းစောင်းရဲ့ လက်ရာ စားပွဲထိုးတစ်ယောက်ရဲ့ တီရှပ်” တဲ့။ ဆရာ ညီပုလေး ရေးထားတာ။ မင်းလည်း သိမှာပါ။ နာဂသိန်းလှိုင်တို့၊ ဇွန်မိုးတို့ကို ရေးတဲ့ စာရေးဆရာ။ လူထု ဒေါ်အမာရဲ့သားကွာ။” 
“ အေး… အဲ့တာတွေကိုတော့ ငါလိုင်းပေါ်မှာ တွေ့ဖူးတယ်။ စားပွဲထိုးတစ်ယောက်ရဲ့ တီရှပ်တဲ့လား။ နာမည်က​ ဆန်းတော့ အဆန်းသားနော်” 


လှိုင်းထက်တစ်ယောက် သိချင်စိတ်တွေ မျက်နှာမှာ အထင်းသားပေါ်နေသည်။ 

“အေး… ငါပြောချင်တာလည်း အဲ့တာပဲကွ။ အဲဒီဝတ္ထုတိုထဲက အခန်းတစ်ခုမှာ “ပန်းချီဆရာ အသက်အောင့်ပြီး ရေးတယ်” ဆိုပြီး ရေးထားတာကွာ။ ငါ့ခေါင်းထဲအခုချိန်ထိ အဲဒီစာသားတစ်ကြောင်းကို စွဲနေတယ်ကွာ။”
“နေပါဦး။ ပန်းချီဆရာ အသက်အောင့်ပြီး ရေးတယ်ဆိုတာက သူ့ရဲ့ စုတ်ချက်ယိမ်းသွားမှာစိုးရိမ်လို့ မဟုတ်ဘူးလား”


သူ့အဖြေကြောင့် နည်းနည်းတော့ စိတ်ထဲထင့်သွားသည်။ သူသာ ဒီဝတ္ထုကိုဖတ်ဖူးခဲ့ရင် ဒီလိုစကားမျိုး ထွက်လာမှာ မဟုတ်ဘူးလို့ပဲ မှတ်ယူလိုက်သည်။ ဒါပေမဲ့ ဒီဝတ္ထုအကြောင်းကို ပြောပြချင်တဲ့စိတ်က လည်ချောင်းထက်မှာ တစ် နေတော့ မပြော၍ မဖြစ်တော့။

“အဲဒီလောက်မရိုးရှင်းဘူး လှိုင်းထက်ရ။ အဲဒီ ဝတ္ထုဇာတ်လမ်းအကြောင်း ရှင်းပြရရင် ဆရာညီပုလေးက ပန်းချီဆရာတစ်ယောက် ကချင်ပြည်နယ်ကို သွားပြီး Landscape ပန်းချီကားတစ်ချပ် ရေးတဲ့ အကြောင်းကို ပုံဖော်ထားတာ။ သူ့ပန်းချီကားထဲမှာ ဘုရားရှိခိုးကျောင်းနဲ့ စိန်ပန်းပင်ညီနောင်ရဲ့ ပုံတူကို ဆွဲတဲ့အကြောင်း ရေးထားတာမျိုးပေါ့။”


လှိုင်းထက် နည်းနည်းတော့ စိတ်ဝင်စားချင်ဟန် ပြလာသည်။ 

“အေး… မင်းပြောတဲ့အတိုင်းဆိုရင်က မြင်နေကျ ဝတ္ထုတို ပုံစံတွေထဲက အဖြစ်အပျက်တွေပဲ မလား? သူ့ရဲ့ ပန်းချီဆွဲပုံ၊ ဆွဲနည်း တွေက ထူးဆန်းနေလို့လား?”


လှိုင်းထက်ရဲ့ အမေးကြောင့် သူပြုံးလိုက်သည်။ လှိုင်းထက်တစ်ယောက် သူ့အကွက်ထဲကို တဲ့တိုးကြီး ဝင်တိုးလာတာကြောင့်မို့ ဖြစ်နိုင်သည်။

“အေးကွာ… ဆရာ့ရဲ့ ဝတ္ထုတစ်ပုဒ်ကို ပုံဖော်တဲ့ ပုံစံတွေကပဲ ဆွဲဆောင်ထားတာမဟုတ်ဘူး။ အဲဒီအထဲမှာပါတဲ့ ပန်းချီဆရာသုံးသွားတဲ့ ဆေးစပ်ပုံတွေက ထူးဆန်းနေလို့ကွာ။ ပြောရရင် ကချင်ပြည်နယ်ဘက်က ဘုရားရှိခိုးကျောင်းတစ်ခုရဲ့ ရှေ့မှာ ပန်းချီထိုင်ဆွဲနေတဲ့အချိန် သူ့ဘေးမှာရှိနေတဲ့သူတိုင်းကို သူ့ပန်းချီကားထဲမှာ ပါဝင်ခွင့်ပေးလိုက်တာမျိုးကွာ။ အဲဒီ ပန်းချီကားကို ပုံဖော်ဖို့အတွက် ရေနွေးကြမ်း၊ ကော်ဖီ၊ မိခင်နို့ရည်၊ တောင်ယာစီးဖိနပ်ရှည်အောက်က ရွံ့စေးနဲ့ ချိုင်းထောက်အဖျားမှာ ကပ်နေတဲ့ ဘိလပ်မြေရောင် ရွံ့စေးတွေကို ပေါင်းပြီး ပန်းချီရေးသွားတာ။ အဲဒါထက် ပိုဆန်းတာက သူ ပန်းချီဆွဲနေတဲ့ အချိန် ဘေးကနေ ကဗျာနဲ့တစ်လှည့်၊ သီချင်းနဲ့ တစ်ဖုန် ဖျော်ဖြေနေတဲ့သူတွေလည်း အသင့်ရှိနေတာမျိုးကွာ။ ငါတော့ အဲဒီ ဝတ္ထုတိုလေးရဲ့ ပုံရိပ်ကို မျက်လုံးမှာ ထင်းခနဲ ပေါ်လာသလို ဆရာ့ရဲ့လက်ရာကိုလည်း အားကျမိတယ်ကွာ” 


လှိုင်းထက်ရဲ့ပုံစံက အခန်းထောင့်မှာရှိနေတဲ့ စုတ်ဖြဲထားတဲ့ ဓာတ်ပုံဆီကို စိတ်ရောက်သွားပုံရသည်။ သူပြောပြတဲ့ ဝတ္ထုတိုအကြောင်းကို စိတ်ဝင်စားပုံ မပြတော့။ သူ့ကိုယ်သူ တွေးနေရင်းနဲ့ အခန်းထောင့်က ဓားခုတ်ကောင်ကို(Mantis) ငေးကြည့်နေသည်။ ဒီလိုနဲ့ သူ့ဘက်ကပဲ စကားတစ်ခွန်း ထပ်ပြောလိုက်သည်။

“ဒီကောင်လေးက ဒီထဲမှာ ပိတ်မိနေတာလား။ ဒါမှမဟုတ် တမင် အပြင်မထွက်တာလား။ မင်းရော ဘယ်လိုထင်လဲ”


လှိုင်းထက်မျက်နှာပေါ်မှာ အပြုံးရိပ်တချို့ ပြေးသွားပြီး သူ့မေးခွန်းကို မေးခွန်းတစ်ခုနဲ့ပဲ ပြန်ချေပလိုက်သည်။

“အဲ့ဒီအကောင်တွေက ခေါင်းတစ်ခုလုံး ပြတ်သွားတာတောင် လိင်ဆက်ဆံတာ မရပ်တဲ့ကြဘူးတဲ့။ မင်းကြားဖူးလား”


သူ အံ့ဩသွားသည်။ ပြီးတော့ သူ့ပြောတဲ့စကားကို အခုမှသူကြားဖူးသည်။ “ ခေါင်းတစ်ခုလုံးပြတ်သွားတာတောင် လိင်ဆက်ဆံတာ မရပ်ကြဘူး။” ဒီလိုဖြစ်ရပ်မျိုးက ဘယ်နေရာမှာမှ ရှိမယ်မထင်။ ဒါနဲ့ စိတ်ဝင်စားသွားပြီး မေးခွန်းထပ်မေးလိုက်သည်။

“ဟေ့ကောင်… လှိုင်းထက်၊ မင်းဟာက ဘယ်လိုစကားကြီးလဲ။ ဘာတွေများဖြစ်လို့လဲကွ။ ငါ့ကို ရှင်းပြစမ်းပါဦး။”


သူ့မေးခွန်းကို ပြန်ဖြေမလားဆိုပြီး ခေတ္တစောင့်ကြည့်ပေမဲ့ စကားတစ်ခွန်းမှ ထွက်မလာသည့်အတွက် စိတ်မရှည်တော့ဘဲ မေးလိုက်သည်။ 

“လှိုင်းထက်… ငါပြောတာ ပြန်ဖြေဦးလေကွ”
“မင်းရဲ့ အခန်းထောင့်မှာ မြင်နေရတဲ့ ဓားခုတ်ကောင် (mantis) တွေမှာ အထီးတွေက သူတို့ရဲ့ခေါင်းပြတ်ထွက်သွားမှ သူတို့ရဲ့ လိင်ဆက်ဆံတဲ့နှုန်းက ပိုပြီးအားကောင်း၊ ပိုပြီး မြန်လာတာကွ။ ထူးဆန်းဖို့တော့ အကောင်းသား။”


လှိုင်းထက် ပြောလိုက်တဲ့စကားကို သူ အခုမှ ကြားဖူးသဖြင့် အထူးအဆန်းဖြစ်နေသည်။ ဘယ်လိုသတ္တဝါမျိုးပါလိမ့်ဟု တွေးမိရင်း “ဟင်” တစ်လုံးပဲ သူ့ပါးစပ်ကနေ ထွက်ပြီးနောက် ရယ်လိုက်မိသည်။

“မင်းဟာက ဟုတ်ရော ဟုတ်လို့လား။ အဲ့တာဆို ဒီကောင်တွေက သောက်ရမ်း ထန်တဲ့ကောင်တွေပေါ့ကွာ။ ဟုတ်လား။”


သူရယ်သလို လှိုင်းထက် လိုက်မရယ်ပါ။ အဲဒီအစား သက်ပြင်းရှည်ကြီးတစ်ချက်ပဲ ထွက်ကျလာခဲ့သည်။ ပြီးနောက် သူ့မျက်နှာကို ကြည့်ပြီး

“မင်း သူတို့ရဲ့အဖြစ်ကို အဲဒီလို လှောင်ရယ်လို့မရဘူးကွ”


လှိုင်းထက်ရဲ့ မျက်လုံးတွေကို ကြည့်တာနဲ့ သူပြောစကားအပေါ်မှာ တကယ် အလေးအနက်ထားတဲ့ပုံ ပေါက်နေသည်။

“မင်းဟာက ဘာလို့လဲကွ။ မင်းပြောမှ ငါလဲ အဲဒီကောင်တွေအကြောင်းကို သိရတာလေ။ မင်းလည်း သိတဲ့အတိုင်း ငါက သတ္တဗေဒနဲ့ သိပ်ပြီး မအပ်စပ်၊​ မရင်းနှီးဘူးလေကွ။ မင်းက ဘာကြောင့် အဲဒီလိုမျိုး ပြောရတာလဲ?”


လှိုင်းထက်ရဲ့ တစ်လုံးချင်းပြောတဲ့စကားရဲ့နောက်မှာ သူ ဆွံ့အသွားသည်။

“တကယ်တော့ ဓားခုတ်ကောင် (Mantis) တွေဆိုတာ ကမ္ဘာကို အလှဆင်နေတဲ့သူ တွေပဲကွာ…။ မင်း သူတို့ရဲ့ ခေါင်းက ဘာကြောင့်ပြတ်ရတာလဲ ဆိုတာကို သိသွားရင် အခုလိုမျိုး လှောင်ရယ်မယ်တော့ မထင်ဘူး။”


သူ တကယ်စိတ်ဝင်စားသွားသည်။ “ကမ္ဘာကို အလှဆင်သူ ဓားခုတ်ကောင် (Mantis)” သူ့စိတ်ထဲမှာ ပြန်ရေရွတ်ကြည့်မိသည်။ လှိုင်းထက်ဆိုတဲ့သူက ကဗျာဆန်တာတွေကို သိပ်ခံစားတတ်တဲ့သူမဟုတ်ဟု သူကောင်းကောင်းကြီး သိထားသည်။ သူက တဲ့တိုးသမား။ 

“အေး လှိုင်းထက် အဲ့တာဆိုရင် မင်းအစောက ပြောခဲ့တဲ့ ကမ္ဘာကို အလှဆင်သူ အကြောင်းကို ရှင်းပြပါဦးကွာ။ ငါစိတ်ဝင်စားသွားပြီ။”


လှိုင်းထက်ဆီမှ လေသံအေးအေးဖြင့် စကားလုံးတစ်လုံးချင်း ထွက်ကျလာသည်။

“တကယ်တော့ ဓားခုတ်ကောင် (Mantis) တွေဆိုတာက သူ့အလိုလို ခေါင်းပြတ်သွားတဲ့အကောင်တွေ မဟုတ်ဘူးကွ။ သူ့ရဲ့ ဆက်ဆံဖော် အမ က သူ့ခေါင်းကို ပြန်ပြီး စားပစ်လိုက်တာ။”
“ဟင်… အဲ့တာဆို မင်းပြောပုံအရ ဓားခုတ်ကောင်တွေကလည်း Cannibalism ထဲမှာပါတာပေါ့။” 
“အေး…ဟုတ်တယ်။ အဲဒီထဲမှာ ပါတယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ အခု မြင်တွေ့နေရတာလိုမျိုးတွေတော့ မဟုတ်ဘူးပေါ့ကွာ။ သူတို့ကိုကျ သဘာဝတရားကြီးက ဖန်တီးပေးထားသလိုမျိုးပဲ။ ပုံမှန်အချိန်တွေမှာဆိုရင် အမတွေကလည်း သူ့ဘာသာသူ အစာရှာဖွေပြီး စားနိုင်တယ်ကွာ။ ဒါပေမဲ့ အထီးတစ်ယောက်နဲ့ တွေ့ပြီး သူတို့နှစ်ယောက်က ရင်သွေးလေးတွေ လွယ်မယ်လို့ စိတ်ကူးလိုက်တဲ့အချိန်မှာပဲ ဒီအဖြစ်အပျက်ကြီးက စတာပဲကွာ။”


သူ့အတွေးထဲ ဘယ်လိုမှ ဆက်စပ်လို့မရတော့။ ခေါင်းမပါဘဲ လိင်ဆက်ဆံခြင်းနဲ့ ဇာတ်တူသားစားခြင်း။ အခုကျ နောင်လာမဲ့ ရင်သွေးငယ်တွေအတွက်တဲ့။ 

လှိုင်းထက်က ဆက်ပြောသည်။

“ပြောရမယ်ဆိုရင် ဓားခုတ်ကောင်တွေအတွက်ကျတော့ အမတွေက သူတို့ရဲ့ ရင်သွေးလေးတွေ မွေးပေးဖို့အတွက် ခွန်အားတွေ၊ အာဟာရတွေ အများကြီး လိုအပ်တယ်ကွာ။ ဒီတော့ သူတို့လိုအပ်တဲ့ အစာအာဟာရတွေ၊ ခွန်အားတွေကို တခြားနေရာကနေ လိုက်ရှာမနေတော့ဘဲ ဘေးနားမှာရှိတဲ့ အထီးဆီကနေပဲ အားလုံးကို သိမ်းပိုက်လိုက်တာမျိုးကွာ။”


သူ့ခေါင်းထဲ မေးခွန်းများစွာ ပေါ်လာခဲ့သည်။ 

“နေပါဦး။ ဓားခုတ်ကောင် အမတွေက အဲဒီလောက်တောင် ရက်စက်ကြတာလား?”


လှိုင်းထက်က သူ့ဆီက မေးခွန်းကိုကြားတော့ တစ်ချက်ရယ်လိုက်သည်။

“ဒါကတော့ မင်းနေတဲ့ ဘက်ပေါ်မှာပဲ မူတည်မှာပဲလေကွာ။ မင်းက အထီးတစ်ကောင်ဘက်ကနေ ဝင်ပြီး ခံစားပေးတဲ့အတွက် ရက်စက်တယ်လို့ ခံစားရပေမဲ့ ငါကကျ နောင်တစ်ချိန်မှာ မွေးဖွားလာမဲ့ ရင်သွေးလေးတွေအတွက် အဆုံးထိ ပါရမီဖြည့်ပေးခဲ့တဲ့ အထီးတွေရဲ့ဘဝကို အားကျမိတယ်ကွာ။”


လှိုင်းထက်ရဲ့စိတ်ကို သူ နားမလည်နိုင်တော့။ သူနဲ့ပေါင်းလာခဲ့တဲ့တစ်လျှောက်လုံး ဒီလိုစကားမျိုး လှိုင်းထက်ပါးစပ်က တစ်ခေါက်မှ ထွက်ကျမလာခဲ့။ သူသိထားတဲ့ လှိုင်းထက်မှ ဟုတ်ရဲ့လားဟု မေးခွန်းထုတ်မိနေသည်။

“ငါ ဒီလိုမျိုး ဓားခုတ်ကောင်တွေကို တွေ့တိုင်း တွေးမိတဲ့အကြောင်းတွေရှိတယ်။ အဲဒါက အတွေးတွေကို ထိန်းချုပ်ထားတဲ့ ဦးခေါင်းမရှိတော့တဲ့နောက်မှာ သူတို့ရဲ့နှလုံးသားက ပိုပြိး လွတ်လပ်သွားသလားပေါ့။”


သူရဲ့မေးခွန်းများအားလုံး လှိုင်းထက် ပြောစကားအောက် ပြိုကျသွားတော့သည်။ 

“ဘာလို့ဆို ငါကလည်း အဲဒီ ဓားခုတ်ကောင်အကြောင်း စိတ်ဝင်စားတော့ နည်းနည်း တီးခေါက်ကြည့်လိုက်တဲ့အချိန်ကျ အထီးရဲ့ခေါင်းကို အမက စားလိုက်တဲ့နောက်မှာတောင် အထီးရဲ့ခန္ဓာကိုယ်က ပိုလွတ်လပ်သွားပြီး မိတ်လိုက်ခြင်းမှာ ပိုပြီး ဦးဆောင်လာနိုင်တယ်တဲ့”


ဒီတစ်ခေါက်တော့ သူမရယ်မိ။ 

“ငါတွေးမိတာတစ်ခုတော့ရှိတယ်။” 


လှိုင်းထက်က သူ့ကိုကြည့်ပြီးပြောသည်။ သူ့ရဲ့မျက်နှာမှာ တစ်ခုခုအပေါ် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချပြီးသွားသလို၊ လောကကြီးရဲ့ လွတ်မြောက်လမ်းကို ရှာတွေ့သွားသလို အထင်းသားပေါ်နေသည်။ ပြီးတော့ မေးခွန်းတစ်ခု ထွက်ကျလာသည်။

“မင်းရော ဓားခုတ်ကောင် ဖြစ်သွားမယ်ဆိုရင်ရော မင်းရဲ့ ဘဝဖြစ်တည်မှုကို လက်ခံနိုင်မှာလား? မင်းရဲ့အသွေးအသားတွေအားလုံးကို စတေးခံနိုင်မှာလား? ဒါမှမဟုတ် အမက ရန်မရှာခင် ထွက်ပြေးနိုင်မှာလား?”


လှိုင်းထက်မေးခွန်းကို ဘာဖြေရမှန်းမသိတော့။ မေးခွန်းထဲက ရွေးချယ်စရာလမ်းတွေထဲ မျောလွင့်နေတဲ့အချိန် လှိုင်းထက်မှ ထောင့်သို့သွားကာ ဓားခုတ်ကောင်ကို ယူလိုက်သည်။ ထို့နောက် ဓားခုတ်ကောင်အား မျက်စိရှေ့ထိ မတင်လိုက်ပြီး သူရှိရာသို့ ခြေလှမ်းပြင်လိုက်သည်။

သူ့ရှေ့ ရောက်ရောက်ချင်းမှာပဲ ဓားခုတ်ကောင်အား လက်ထဲသို့ ထည့်ပေးလိုက်သည်။

“မင်းရော… မင်းရဲ့ဖြစ်တည်မှုကို လက်ခံနိုင်ပြီလား???”


စကားဆုံးသည်နှင့် လှိုင်းထက်သည် သူ့မျက်လုံးများကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။ 

တစ်စက္ကန့်…

နှစ်စက္ကန့်…

သုံးစက္ကန့်…

အချိန် ဘယ်လောက်ကြာသွားလဲ သူမသိ။

နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ဓားခုတ်ကောင်ကို နောက်ဆုံးတစ်ကြိမ် သေချာစိုက်ကြည့်ပြီး ထိုင်ရာမှ ထလိုက်ကာ ဓားခုတ်ကောင်လေးအား သူ့ရဲ့နဂိုရှိရင်းနေရာသို့ ပြန်တင်ပေးလိုက်သည်။ နောက်ဆုံး စားပွဲတင်ခုံတစ်လုံးပေါ်တွင် ဓားခုတ်ကောင်တစ်ကောင်နှင့် အဲဒီအကောင်လေးရဲ့နောက်၌ ဆုတ်ဖြဲထားသော ဓာတ်ပုံအပိုင်းအစလေးများနှင့် မိန်းမတစ်ယောက်ရဲ့ မျက်နှာ။ အခန်းပတ်ဝန်းကျင်သည် နဂိုရှိရင်းအတိုင်း ပြန်ဖြစ်သွားသည်။ 

...

၂၁ မျဉ်းစောင်း

Keep Reading

ကမ္ဘာကို အလှဆင်သူစည်းတစ်ဖက်ခြားသူမို့ (အခန်းဆက် ဝတ္ထု‌ရှည်)အရောင်စုံချင်ကြသူများ (ရွှေငါးရေးတဲ့ ကဗျာထဲက ပုံပြင်များ)အိမ်နှစ် ၈၀ ကျော်က‌ဗျာတစ်ပုဒ်P for Poetry - 02ဗိုက်ဆာနေတဲ့ ကြောင်ချယ်ရီရောင်ချစ်ခြင်းအယ်လ်ဘမ် ( ကဗျာလုံးချင်း )ကော်ဖီရာဇဝင် ( ကဗျာလုံးချင်း )ပျော်ရွှင်မှုအစ ပျော်ရွှင်မှုအဆုံး