Moe Sat
"အိမ်..."တဲ့။ စကားလုံးလေးက တစ်လုံးတည်း။ အဲဒီစကားလုံးလေးတစ်လုံးဟာ ဝမ်းသာပျော်ရွှင်ခြင်းတွေ၊ ဝမ်းနည်းကြေကွဲမှုတွေကို ခေတ်အဆက်ဆက်ထမ်းပိုးလို့။ နွေးထွေးလုံခြုံမှုတွေ၊ အေးအတူပူအမျှဖြတ်သန်းခဲ့ကြတဲ့အခိုက်အတန့်တွေ၊ မွေးနေ့အမှတ်တရနေ့ရက်တွေ၊ ပျော်ပျော်ပါးပါးထမင်းဝိုင်းတွေ စသည်ဖြင့် မိသားစုဆိုတဲ့ ချစ်ခြင်းမေတ္တာကို သူက လက်ခံထားသလို ကုန်ဈေးနှုန်းကြီးတာတွေ၊ ကျူရှင်လခအချိန်မီပေးရမှာတွေ၊ပရိယေသန ဝမ်းစာမလုံလောက်တာတွေ၊ လူမှုရေးပြဿနာတွေ စသည်ဖြင့် အခက်အခဲစုံစုံလင်လင်ကိုလည်း ရင်ဆိုင်ရပြန်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ချမ်းသာခြင်း၊ ဆင်းရဲခြင်းတွေနဲ့ အရောင်ဆိုးထားတဲ့ လောကဓံရဲ့အကဲစမ်းမှုတွေကို ခဏခဏဖြတ်သန်း ကျော်လွှား အန်တုနိုင်ခဲ့တဲ့ သူရဲကောင်းဟာ ကျွန်တော်တို့၊ ခင်ဗျားတို့ရဲ့ "အိမ်"ပါပဲ ။
ကိုးကွယ်ရာဘာသာတရား၊ အသားအရောင်၊ လူမျိုး စတဲ့ ကွဲပြားခြားနားချက်တွေရှိပေမယ့်လည်း လူသားတိုင်း လူသားတိုင်းဟာ လူရယ်လို့ဖြစ်လာပြီဆိုကတည်းက ရည်ရွယ်တဲ့စိတ်ကူးတွေ ၊ မျှော်လင့်ချက်အိပ်မက်တွေ၊ ဆန္ဒပန်းတိုင်တွေ ကိုယ်စီကိုယ်ငှရှိတာခြင်းကတော့ အတူတူပါပဲ။ ဘယ်သူမှ ဆင်းဆင်းရဲရဲနေပြီး ဆင်းဆင်းရဲရဲမသေချင်ကြဘူး။ ချဉ်ပေါင်ဟင်းနဲ့ငရုပ်သီးထောင်းချည်းစားပြီးတော့လည်း အသက်မရှင်ချင်ကြဘူး။ အဲဒီတော့ ကျွန်တော်တို့ရဲ့ ချဉ်ခြင်းတပ်မှုတွေကို အကောင်အထည်ဖော်ရင်းနဲ့ စားဝတ်နေရေးဆိုတဲ့ ခန္ဓာဝန်ကြီးနဲ့ ထိပ်တိုက်တွေ့ရတော့တာပါပဲ။
စားရေး၊ ဝတ်ရေး၊ နေရေးဆိုတဲ့ အရေးသုံးပါးမှာ နောက်ဆုံးကနေပြီး မိဦးလို့ နာမည်ပေးရမှာ နေထိုင်ရေးပါပဲ။ ကျောတစ်နေရာစာပဲဖြစ်ဖြစ်၊ နန်းတော်ကြီးတမျှ ကြီးမားတဲ့နေရာပဲဖြစ်ဖြစ် နေစရာရှိဖို့က အဓိကပါ။ နေစရာရှိပြီးမှ ဝမ်းဝအောင်စားဖို့၊ အရှက်လုံအောင်ဝတ်ဖို့ဆိုတဲ့ ဆင့်ကဲလိုအပ်ချက်တွေကို ဖြည်းဆည်းကြရတာပါ။ အဲဒီတော့ နေစရာအိမ်လေးတစ်လုံးပိုင်ဆိုင်ရဖို့က ကျွန်တော်တို့လူသားအားလုံးရဲ့ အခြေခံလိုအပ်ချက်၊ အတောင့်တဆုံးအိပ်မက်တစ်ခုဖြစ်လာတော့တာပါပဲ။
အိမ်လေးတစ်လုံးဆောက်နိုင်ဖို့ ကျွန်တော်တို့အသီးသီးကြိုးစားကြရပါတယ်။ ငှက်သိုက်လောက်ရှိတာလည်း အိမ်။ ဓနိမိုး ထရံကာလည်း အိမ်။ ပျဉ်ထောင်ပျဉ်ခင်းထားလည်း အိမ်။ အုတ်ကာ သွပ်မိုးတော့လည်း အိမ်။ နှစ်ထပ် သုံးထက်တိုက်ကြီးတွေကလည်း အိမ်တဲ့။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အိမ်ဆိုတဲ့ အမှတ်သညာက နွေးထွေးစေတယ်။ ကြည်နူးစေတယ်။ လုံခြုံစေတယ်။ ပြည့်စုံစေတယ်။ ပြီးတော့ လွမ်းဆွတ်စေတာရောပေါ့။ အိမ်နဲ့ဝေးနေရသူတွေအဖို့ မိမိအိမ်ကို မဆိုထားနဲ့အုံး။ မိမိအိမ်ရှိတဲ့ ဇာတိမြို့၊ ဇာတိရွာရဲ့နာမည်လေးကြားရင်တောင် သတိရတတ်ကြတာကိုး။
"ဘဝမှာ ဉာဏ်ပညာနဲ့ချစ်ခြင်းမေတ္တာက အရေးအကြီးဆုံးပဲ"တဲ့။ ဆောင်းရာသီတစ်တွင်းလုံး ရေချိုဖြစ်တဲ့သမုဒ္ဒရာမှာနေပေမယ့် နွေဦးပေါက်ချိန်မှာ အတားအဆီး၊ အခက်အခဲတွေကိုမမှုဘဲ ခရီးရှည်လျားစွာ ရေကိုဆန်တက်ကူးခတ်လာကြပြီး ရေငံဖြစ်တဲ့ မြစ်ဝချောင်းဝတွေကို အရောက်လာတတ်ကြတဲ့ ဆော်လမွန်ငါးတွေရဲ့ အိမ်အပြန်ခရီး။ မိုးဦးရာသီရောက်တိုင်း အသိုက်ဟောင်းရှိရာအရပ်ကို မဖြစ်ဖြစ်အောင် ပြန်လာတတ်ကြတဲ့ ကြိုးကြာငှက်တို့ရဲ့အိမ်အပြန်ခရီး။ တိရိစ္ဆာန်တွေတောင်မှ ချစ်ခြင်းမေတ္တာတွေနဲ့ဖုံးလွှမ်းထားတဲ့သူတို့အိမ်ကို အရောက်ပြန်လာတတ်ကြသေးတာပဲ။ လူဆိုတဲ့အသိဉာဏ်နဲ့ တည်ဆောက်ထားရတဲ့အိမ်ကလေးမှာ ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်တောင် ပြည့်နှက်နေမလဲကွယ်။
ကျွန်တော်တို့အိမ်ကလေးဟာ သစ္စာတရားရဲ့ပြယုဂ်ပါ။ လမ်းတွေ ဘယ်လောက်ဟောင်းဟောင်း၊ သက္ကရာဇ်တွေ ဘယ်လိုပြောင်းပြောင်း အိမ်ကလေးက အမြဲတမ်း ရင်ဖွင့်ကြိုဆိုနေတုန်း။
ကျွန်တော်တို့အိမ်ကလေးဟာ အကယ်ဒမီရ သရုပ်ဆောင်တစ်ယောက်ပါ။ နွေဆို နေအပူခံရ။ မိုးဆို မိုးအစိုခံရ။ ဆောင်းဆို နှင်းအပက်ခံရပေမယ့် ဝင်ရောက်နားခိုသူတွေရှေ့မှာ နှာစေးချောင်းဆိုးတောင် ဖြစ်မပြဘဲ ဟန်ဆောင်ကောင်းကောင်းနဲ့ ဖိတ် ခေါ်နေတတ်တုန်း။
ကျွန်တော်တို့အိမ်ကလေးဟာ ကြိုးဝိုင်းထဲက ချန်ပီယံတစ်ယောက်ပါ။ ရာသီအဆက်ဆက် နေ့ရက်တိုင်းမှာ ကျွန်တော်တို့ရဲ့ လောဘ၊ ဒေါသ၊ မောဟတွေအတွက် ဝိတ်တန်းတစ်ခုပြီးတစ်ခု
ရင်ဆိုင်ထိုးသတ်အနိုင်ယူပေးတတ်တုန်း။
ကျွန်တော်တို့အိမ်ကလေးဟာ ယိုင်နဲ့နဲ့ခြံစည်းရိုးလေးတစ်ခုပါ။ ကျွန်တော်တို့နဲ့အတူလိုက်ပါလာတဲ့ ပျော်ရွှင်မှုတွေကို ကြည်နူးလိုက်၊ ကျွန်တော်တို့ယူဆောင်လာတဲ့ ကြေကွဲမှုတွေကို ကြေကွဲလိုက်နဲ့ အခုထိ သန်မာပြနေတုန်း။
နောက်ဆုံး ကျွန်တော်တို့အိမ်ကလေးဟာ ရိုးမြေကျပေါင်းသင်းရမယ့် ကျွန်တော်တို့ရဲ့ ဝင်သက်ထွက်သက်ပါပဲ။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံရပ်ခြားမှာ နေနေတဲ့သူတွေက ရွာကလေးကတဲသာသာအိမ်ကလေးကို လွမ်းဆွတ်တုန်း။ တိုက်နဲ့ ကားနဲ့ ဇိမ်ခံပစ္စည်းအစုံအလင်နဲ့နေရသူတွေက အရင်တုန်းက ထရံအိမ်အဟောင်းလေးကို သတိရတုန်း။ အိမ်ထောင်ကျပြီး တစ်အိုးတစ်အိမ် ခွဲခြားနေနေပေမယ့် မိဘမောင်နှမတွေနဲ့နေခဲ့ဖူးတဲ့အိမ်ကလေးကို တမ်းတတုန်း။ ဟိုး.....ရှေးရှေးတုန်းက ကိုယ်နေခဲ့ဖူးအိမ်ကလေး မရှိတော့လို့ကွက်လပ်ဖြစ်နေတာပဲဖြစ်ဖြစ်၊ တစ်ခြားသူကဝယ်ပြီးအိမ်အသစ်ဆောက်လိုက်တာပဲဖြစ်ဖြစ် အဲဒီနေရာလေးကို နောက်ဆုံးတစ်ခေါက်လောက်တော့ သွားပြီး ငေးကြည့်ချင်သေးတယ်။ ရောက်အောင်လည်း သွားနိုင်ကြတာပဲမဟုတ်လား။ ဘာလို့လဲဆို ကျွန်တော်တို့က ချစ်ခြင်းမေတ္တာတရားနဲ့ပျံသန်းကူးခတ်နေကြတဲ့ ကြိုးကြာငှက်၊ ဆယ်လမွန်ငါးတွေလေ။
မိုးစက်
Keep Reading