Author's Profile Photo

P For Poetry

12/07/2025

P for Poetry - 02

1 min read
Poetry

" ကျွန်တော်မသိပဲမိုးတွေရွာသွားတယ် မကြည်ဖြူ "

အသံနဲ့လည်း ရောက်ရပါစေ
အလင်းနဲ့လည်း ရောက်ရပါစေ
မကြည်ဖြူ

အဖြူရောင်နဲ့ သီးတဲ့
စတော်ဘယ်ရီသီးလေးထဲမှာ
မကြည်ဖြူကို ကျွန်တော်တွေ့တယ်

အဖြူရောင်နဲ့ တီးတဲ့
စန္ဒယားခလုတ်တွေထဲမှာ
မကြည်ဖြူအသံကို ကျွန်တော်ကြားတယ်

ပြီးတော့...
ကမ္ဘာပေါ်မှာ တခြားကမ္ဘာတစ်ခုကို
ကျွန်တော် ရှာဖွေတွေ့ရှိတယ်

ကျွန်တော် ဘယ်သူနဲ့မှမတိုင်ပင်ပဲ
ရူးသွားမိတယ်ထင်တယ်

မကြည်ဖြူကိုမွေးတဲ့နေ့လေးဟာ
ကမ္ဘာကြီးစတင်ဖြစ်ပေါ်ရာနေ့လို့
စာအုပ်တွေထဲမှာ ..
အကျယ်ကြီးချရေးပေးခဲ့တယ်

အရောင်တွေကို အသံနဲ့ကြားရပြီး
အသံတွေကို အရောင်နဲ့မြင်ခဲ့ရ

မကြည်ဖြူသည်
ကျွန်တော် စိတ်ဖြင့်စိုက်သော
သစ်ပင်အဖြူလေးဖြစ်.

မကြည်ဖြူသည်
ကျွန်တော် စိတ်ကူးဖြင့်ကူးသော
ဝတ်မူန်နဲ့ လိူင်းဖွေးဖွေးလေးဖြစ်

မကြည်ဖြူသည်
အဖြူသက်သက်သာရှိသော
ကမ္ဘာငယ်လေးဖြစ်

မကြည်ဖြူသည်
ကျွန်တော်ညွှန်ပြလိုသော်
အဖြူရောင်အရပ်မျက်နှာလေးဖြစ်သည်

မကြည်ဖြူကိုသိပ်ချစ်တာပဲ..လို့
ကိုယ့်ကိုယ်ကိုယ် ရေရွတ်မိသောနေ့က
ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးမိခဲ့သည်

ဘာသားနဲ့လုပ်ထားတဲ့
လူကောင်လေးမို့လို့လဲ
အချစ်ရေ ..မနာလိုပါဘူးကွယ်

မကြည်ဖြူက
ကျွန်တော့်နာမည်လေး
သိသွားတဲ့နေ့မှာ
အလင်းနဲ့အမှောင်ဟာလည်း
ချစ်သူတွေဖြစ်သွားနိုင်တဲ့အကြောင်း
ကျွန်တော်နဲ့ အရာအားလုံးနဲ့ငြင်းတယ်

ကျွန်တော်ဟာ .
မကြည်ဖြူသိအောင်
စိတ်ထင်သာပြရဲသော
မကြည်ကဖြူသိအောင်
ကိုယ်ထင်မပြရဲသော
ကဗျာစောင့်နတ်သားပါ
မကြည်ဖြူရယ်..

မကြည်ဖြူကို
နိုဝင်ဘာနဲ့ တိမ်ဖြူဖြူတွေပေါင်းပြီး
စိတ်နဲ့တောင် ဝေးတဲ့နေရာကို
ခေါ်သွားကြတော့မယ်..တဲ့

ကျွန်တော်နဲ့ အရာအားလုံးပေါင်းပြီး
ဆွံ အ ကြောင် ကန်း

ကျွန်တော်တို့ တစ်နေရာတည်းမှာ
အကျယ်ကြီးဝေးတယ်
မကြည်ဖြူ

မကြည်ဖြူရှိနေတော့မယ့်
ကမ္ဘာ့ဟိုဘက်အခြမ်းလေးဟာ
ပိုလှသွားတော့မယ်ထင်တယ်

လေယာဉ်ပျံကြီးနဲ့မှမဟုတ်ပါဘူး
ပျံလွှားငှက်ကလေးနဲ့လည်းလိုက်ခဲ့မယ်

ခုတော့..
လက်ထဲက စက္ကူလေယာဉ်ပျံလေး
လွှတ်လိုက်ရတာတောင်
နာနာကျင်ကျင်နဲ့ကျွန်တော်..
နိုဝင်ဘာနဲ့လေယာဉ်ကွင်းဆီကို မသွားရဲဘူး

ဘာပဲဖြစ်ဖြစ် မကြည်ဖြူရယ်..
ကျွန်တော်နဲ့
တစ်ထပ်တည်းကျမယ့်နေ့
ကျွန်တော်က
မကြည်ဖြူကို နံရိုးတစ်ချောင်းပေးပြီး
မကြည်ဖြူက
ကျွန်တော့်ကို နှင်းဆီဖြူဖြူလေး
ပြန်ပေးမယ့်တစ်နေ့..
အဲ့ဒီနှင်းဆီဖြူဖြူလေးအား
ကျွန်တော်၏ ရင်ဘတ်တွင်စိုက်ပျိုးပြီး
မကြည်ဖြူအား ကြူမွှေးစေချင်ပါသည်

ပြီး ..
မကြည်ဖြူ၏ လက်ဖဝါးတွင်
ကဗျာတစ်ပုဒ် ရေးပေးချင်သည်
စာသံပေသံတော့ မပါဘူးကွယ်
ငါရဲ့စက္ကူဖြူဖြူလေးရေ
မြတ်နိုးခြင်းအထပ်ထပ်နဲ့
ထာဝရအဆက်ဆက်ချစ်တယ်

ဤ မှန် သော သစ္စာ ကဗျာ ကြောင့်
ချစ် ရ ပါ သော မကြည်ဖြူရေ...
အ သံ နဲ့ လဲ ကြား ပါစေ
အ လင်း နဲ့ လဲ မြင် ပါ စေ
မကြည်ဖြူရယ် .... ။

_ဇာတိ

Keep Reading

ကမ္ဘာကို အလှဆင်သူစည်းတစ်ဖက်ခြားသူမို့ (အခန်းဆက် ဝတ္ထု‌ရှည်)အရောင်စုံချင်ကြသူများ (ရွှေငါးရေးတဲ့ ကဗျာထဲက ပုံပြင်များ)အိမ်နှစ် ၈၀ ကျော်က‌ဗျာတစ်ပုဒ်P for Poetry - 02ဗိုက်ဆာနေတဲ့ ကြောင်ချယ်ရီရောင်ချစ်ခြင်းအယ်လ်ဘမ် ( ကဗျာလုံးချင်း )ကော်ဖီရာဇဝင် ( ကဗျာလုံးချင်း )ပျော်ရွှင်မှုအစ ပျော်ရွှင်မှုအဆုံး