ရွှေငါး
.jpg)
တခါတုန်းက ဝက်ဝံငယ်
နှင်းတွေလိုပဲ ဖြူဖွေးတယ်။
ရေခဲပေါ်က နေ့စဉ်ဘ၀
အဖြူရောင်ဆို စိတ်တိုင်းမကျ။
မိုးရွာပြီးစ တနေ့မှာ
ရောင်စုံသက်တန့် မြင်လိုက်တာ။
အဲဒီအချိန်မှာ သူ့ဆန္ဒ
အရောင်လေးတွေ သူတောင့်တ။
☁️🌈☁️ 🔴🟠🟡🟢🔵🟣 ☁️🌈☁️
ခရီးထွက်လို့ ရှာဖွေချင်
သူငယ်ချင်းနဲ့ သူတိုင်ပင်။
မီးခိုးရောင် ဝေလငါး
အရောင်လှလှ လိုချင်သွား။
ဒီလိုနဲ့ပဲ သူတို့နှစ်ဦး
ပင်လယ်ပစ်ပြီး မြစ်ဆီကူး။
လမ်းခုလတ်တစ်နေရာ
မိတ်ဆွေတစ်ယောက် ထပ်တွေ့တာ။
အရောင်မွဲတဲ့ လိပ်မလေး
လှချင်လို့တဲ့ လိုက်ခဲ့သေး။
မြစ်ထဲကနေ ချောင်းထဲဝင်
မိချောင်းမလည်း အတူလိုက်ချင်။
ဒီလိုနဲ့ပဲ လေးကောင်သား
အရောင်ရှာဖို့ ခရီးသွား။
☁️🌈☁️ 🔴🟠🟡🟢🔵🟣 ☁️🌈☁️
ရက်အနည်းငယ် ကြာတဲ့အခါ
ရောင်စုံငှက်လေး တွေ့သွားရှာ။
ဝါစိမ်းနီပြာ ကြက်တူရွေး
သိပ်လှနေလို့ ဝက်ဝံမေး။
အရောင်စုံစုံ ဘယ်လိုရ
သိချင်လို့ပါဗျ။
☁️🌈☁️ 🔴🟠🟡🟢🔵🟣 ☁️🌈☁️
အားလုံးကလည်း သိချင်နေ
အရောင်လှမယ့် နည်းလမ်းတွေ။
သစ်ကိုင်းပေါ်က ကြက်တူရွေး
စိတ်ရှည်ရှည်နဲ့ သူဖြေပေး။
ဘယ်လိုရလည်း မသိပါ
မွေးကတည်းက ပါလို့လာ။
လှပေမဲ့လည်း ဒုက္ခများ
(မ)လိုချင်ပါနဲ့လား။
သူတို့လေးကောင် မယုံပေါင်
အရောင်လှဖို့ ကြံကာဆောင်။
အကြံပေးစကား မယုံလို့
ဆက်သွားခဲ့တယ် ဗျို့။
☁️🌈☁️ 🔴🟠🟡🟢🔵🟣 ☁️🌈☁️
နောက်တနေ့မှာ ဝေလငါး
ရွံ့နီအိုင်ကို တွေ့လို့သွား။
ရွံ့နီတွေ ကိုယ်မှာလူး
အနီရောင်ဖြစ်လို့ သူပျော်မြူး။
ပန်းခင်းထဲမှာ လူးလို့ပြောင်း
အပြာရောင်နဲ့ မယ်မိချောင်း။
ဝက်ဝံကလည်း သစ်ရွက်ခူး
အစိမ်းရောင်တွေ ကိုယ်မှာ လူး။
လိပ်ကလေးက လက်တိုတို
လိုချင်တာက လိမ္မော်ရောင်မှို။
သူငယ်ချင်းတွေ ဝိုင်းခူးပေး
ခုတော့ လိမ္မော်ရောင်လိပ်ကလေး။
☁️🌈☁️ 🔴🟠🟡🟢🔵🟣 ☁️🌈☁️
အားလုံး အရောင်စုံလို့ ပျော်
ပျော်ရွှင်စွာနဲ့ အိမ်ပြန်သော်…
ချောင်းဆီကနေ မြစ်ကိုကွေ့
ကြက်တူရွေးနဲ့ ပြန်ကာတွေ့။
အရောင်တွေနဲ့ လှပါတယ်
ရန်သူလာတော့ ဘယ်လိုလုပ်မယ်။
စေတနာနဲ့ အကြံပေး
အရေးကြီးတာ အသက်ဘေး။
ထင်ပေါ်လွန်းရင် မုဆိုးများ
သဘောကျပြီး ဖမ်းဆီးသွား။
ကိုယ့်အရောင်ဟာ အကောင်းဆုံးပါ
သဘာ၀က ပေးထားတာ။
ကိုယ့်ကိုယ်ကိုယ်သာ မြတ်နိုးကြ
အလှဆိုတာ အန္တရာယ်…ကွ။
ပြောကြားပြီးတော့ သူထွက်သွား
လက်ခံစရာ သူ့စကား။
☁️🌈☁️ 🔴🟠🟡🟢🔵🟣 ☁️🌈☁️
အဲဒီတော့မှ နောင်တရ
ရေနဲ့ဆေးပြီး ပြန်ဖျက်ကြ။
အလှအပထက် အန္တရာယ်ဟာ
ပိုပြီးတော့ အရေးကြီးတာ။
ဆင်ခြင်သွားမိ မိတ်ဆွေများ
ပင်လယ်ကြီးဆီ ပြန်လို့သွား
ကိုယ့်အရောင်ကိုယ် တန်ဖိုးထား။
☁️🌈☁️ 🔴🟠🟡🟢🔵🟣 ☁️🌈☁️
(ရွှေငါးရေးတဲ့ ကဗျာထဲက ပုံပြင်များ)
Keep Reading