Author's Profile Photo

Aung Ko Ko

16/12/2025

ခေတ်မီဘက်ထရီနည်းပညာ(၃)မျိုး

4 mins read
Education
Science
Technology


ဘက်ထရီတွေဟာ ယနေ့ခေတ်မှာတော့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေပါ။ ကလေး ကစားစရာ အစ ဂြိုဟ်တုအဆုံး လျှပ်စစ်ပစ္စည်းအတော်များများမှာ ဘက်ထရီကို အသုံးပြုရပါ တယ်။ ဒီလို ဘက်ထရီတွေကို နေရာအစုံမှာ အသုံးပြုရတာမို့ တစ်နေ့ထက်တစ်နေ့၊ တစ်နှစ် ထက် တစ်နှစ်၊ တစ်ခေတ်ထက်တစ်ခေတ် ပိုမိုကောင်းမွန်အောင် ထုတ်လုပ်လာနေကြတာ အရင်က ဘက်ထရီအားပြည့်ဖို့ အလွန်ကြာမြင့်တဲ့ဘက်ထရီတွေကနေ မိနစ်ပိုင်းအတွင်း အားအမြန်ပြည်ပြီး အရင်ထက် ပိုမို အားခံတဲ့ ဘက်ထရီတွေ ဖြစ်လာပါပြီ။ ဘက်ထရီ နည်းပညာ များစွာ ရှိသလို အမျိုးအစားပေါင်းလည်း အများကြီးရှိပါတယ်။ အဲဒီထဲကမှ အနာဂတ်မှာ ပိုမိုတွင်ကျယ်လာဖို့ရှိတဲ့ ဘက်ထရီနည်းပညာသုံးမျိုးအကြောင်းကို ရေးသား တင်ပြပါမယ်။
ကျွန်တော် တင်ပြမယ့် ဘက်ထရီအမျိုးအစားသုံးမျိုးကတော့ Improved Li-ion (အဆင့်မြှင့်ထားသော လစ်သီယမ်-အိုင်ယွန်ဘက်ထရီ , Solid-State ဘက်ထရီနဲ့ Na-ion (ဆိုဒီယမ်-အိုင်ယွန်) ဘက်ထရီတို့ ဖြစ်ပါတယ်။

လစ်သီယမ်-အိုင်ယွန် ဘက်ထရီ


လစ်သီယမ်-အိုင်ယွန်ဘက်ထရီကတော့ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေ၊ ပါဝါဘန့်တွေမှာ တပ်ဆင်တဲ့ ဘက်ထရီအမျိုးအစားပါ။ ဒီဘက်ထရီအမျိုးအစားကို အဆင့် မြှင့်တင်လိုက်တာပါပဲ။ နဂိုရ် ရှိရင်းစွဲ လစ်သီယမ်-အိုင်ယွန် ဘက်ထရီကို စွမ်းဆောင်ရည်၊ ဘေးကင်းမှုနဲ့ သက်တမ်းပိုမိုရှည်ကြာမှု ရှိအောင် လုပ်ထားတာပါပဲ။ ဒီဘက်ထရီမှာ လျှပ်လိုက် ပစ္စည်း(Electrolyte) အရည်ကို အသုံးပြုထားပါတယ်။ အားသာချက်တွေကတော့ သူနဲ့ အလေးချိန်တူ ဘက်ထရီအမျိုးအစားတွေအားလုံးထဲမှာ စွမ်းအင်သိုလှောင်နိုင်မှု အများဆုံး ဖြစ်ပါတယ်။ နည်းပညာအနေနဲ့လည်း အတော်လေး ရင့်ကျက်နေပါပြီ။ အားသွင်းနှုန်းက လည်း နည်းပညာ တိုးတက်လာတာနဲ့အမျှ ပိုမို မြန်ဆန်လာနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ အားနည်း ချက်တွေလည်း ရှိတယ်။ အဲဒါကတော့ အများ သိကြတဲ့အတိုင်းပဲ လျှပ်လိုက်အရည် သုံးရတာ ဖြစ်လို့ မီးလောင်လွယ်တယ်။ မီးလောင်ရင်လည်း ငြှိမ်းရခက်တယ်။ ထုတ်လုပ်တဲ့ ပစ္စည်းတွေ ကလည်း လစ်သီယမ်၊ ကိုဘော့၊ နစ်ကယ်လို ပစ္စည်းတွေကို သုံးရတာမို့ ဈေးကြီးတယ်။ ပြီးတော့ ပျက်စီးသွားရင်လည်း Recycle ပြန်လုပ်ဖို့လိုအပ်တယ်။ စွန့်ပစ်မယ်ဆိုရင် ပတ်ဝန်း ကျင် ထိခိုက်မှု များပါတယ်။ လက်ရှိအခြေအနေမှာတော့ ဒီဘက်ထရီအမျိုးအစားက ဖွံ့ဖြိုးမှု အကောင်းဆုံးဖြစ်နေပါပြီ။ စီးပွားဖြစ်လည်း သုံးနေကြပါပြီ။ ကျွန်တော်တို့ ကိုင်နေတဲ့ စမတ် ဖုန်းတွေ၊ စမတ်နာရီတွေ၊ လက်ပ်တော့တွေ၊ လျှပ်စစ်ကား/ယာဉ်တွေမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြပြီဖြစ်ပါတယ်။

Solid-State (အစိုင်အခဲ လျှပ်လိုက်ပစ္စည်း) ဘက်ထရီများ


အရည်လျှပ်လိုက်ပစ္စည်းသုံးတဲ့ လစ်သီယမ်-အိုင်ယွန် ဘက်ထရီတွေက မီးလောင် လွယ်တာမို့ ပိုမိုဘေးကင်းတဲ့ နည်းလမ်းကို ရှာဖွေကြရာကနေ Solid-State ဘက်ထရီတွေကို ထုတ်လုပ်နိုင်လာကြပါတယ်။ ဒီဘက်ထရီမှာက လျှပ်လိုက်အရည်ကို မသုံးပါဘူး။ လျှပ်လိုက် အခဲကို သုံးတာပါ။ ဒီဘက်ထရီမှာတော့ လျှပ်ဆောင်အမှုန် (Ion+)တွေက အစိုင်အခဲလျှပ် လိုက် ပစ္စည်းတွေကို ဖြတ်သန်းသွားပါတယ်။ လျှပ်လိုက်ပစ္စည်းအဖြစ် ကြွေထည်၊ ပိုလီမာ စတာတွေကို သုံးပါတယ်။ ကြွေထည် ဆိုရင် လျှပ်ကာပစ္စည်း မဟုတ်ဘူးလားလို့ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကြွေထည်က လျှပ်ကာ ပစ္စည်းပါ။ သူ့ကို လျှပ်စီးကြောင်း မဖြတ်နိုင်ပါဘူး။ သူတို့က လျှပ်စီးကို ဖြတ်စီးခွင့်ပေးတာမဟုတ်ဘဲ လျှပ်ဆောင်အမှုန်တွေကိုသာ ဖြတ်သန်းခွင့်ပေးတာပါ။ အလွယ်ပြောရင်တော့ ကျွန်တော်တို့ ဘက်ထရီထဲကို သွင်းနေတဲ့ “အား” တွေကိုပဲ ဝင်စေတာပါ။ လျှပ်လိုက်ပစ္စည်းနဲ့ လျှပ်ကူးပစ္စည်းက မတူပါ ဘူး။
သူ့ရဲ့ အားသာချက်တွေကတော့ မီးလောင်နိုင်မှုအန္တရာယ် အလွန်နည်းပါတယ်။ စွမ်းဆောင်ရည်လည်း မြင့်မားပါတယ်။ ပိုပြီး တည်ငြိမ်တဲ့ဖွဲ့စည်းပုံကြောင့် သက်တမ်းလည်း ပိုရှည်နိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက်တွေကတော့ ထုတ်လုပ်မှုနည်းပညာရှုပ်ထွေးပါ တယ်၊ လက်ရှိမှာ ထုတ်လုပ်မှုနည်းပညာကြောင့် ကုန်ကျစရိတ် ကြီးမြင့်နေပါသေးတယ်၊ အစောပိုင်း သုတေသနအဆင့်မှာပဲ ရှိနေသေးပြီး ဈေးကွက်ထဲ မရောက်နိုင်သေးပါဘူး။

ဆိုဒီယမ်-အိုင်ယွန် ဘက်ထရီ


သူကလည်း လစ်သီယမ်-အိုင်ယွန် ဘက်ထရီနဲ့ ဆင်တူပါတယ်၊ ဒါပေမဲ့ ဈေးကြီးတဲ့ လစ်သီယမ် အစား ဈေးပေါတဲ့ ဆိုဒီယမ်ကို သုံးထားပါတယ်။ ဆိုဒီယမ်က ကမ္ဘာ့မြေလွှာမှာ ပဉ္စမမြောက် အပေါဆုံး ဒြပ်စင်ပါ။ ဒါ့အပြင် ပင်လယ်ရေက ရတဲ့ ဆားကနေလည်း ဆိုဒီယမ်ကို ပေါပေါများများ ထုတ်လုပ်နိုင်ပါတယ်။ လစ်သီယမ်က ကမ္ဘာ့မြေလွှာမှာ အဆင့် ၂၅ လောက်သာ ရှိပြီး သီးခြားသတ္တုသိုက်တွေကသာ ထုတ်ယူနိုင်တာပါ။ ဒါ့ကြောင့် ကုန်ကျစရိတ်က လစ်သီယမ်ထက် စာရင် အများကြီး သက်သာပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ အဓိက အားသာချက်ကြီးကတော့ ဈေးပေါပေါ ထုတ်နိုင်တာပါပဲ။ ဘေးကင်းမှုလည်း ပိုမို ကောင်းမွန်ပါသေးတယ်။
တစ်ခုမေးစရာရှိတာက လစ်သီယမ်လည်းပဲ မီးလောင်နိုင်သလို ဆိုဒီယမ်ကလည်းပဲ ရေနဲထိရင် မီးလောင်အလွန်လွယ်တာပဲ၊ ဘာ့ကြောင့် ဘေးကင်းမှု ပိုကောင်းရသလဲ ဆိုတော့ ဘက်ထရီတွေမှာ လစ်သီယမ်၊ ဆိုဒီယမ် သတ္တုဒြပ်စအသန့်တွေကို သုံးရတာမဟုတ်ပါဘူး၊ ဒြပ်ပေါင်းတွေကို သုံးရတာပါ၊ အဓိက အသုံးပြုရတာက လစ်သီယမ်၊ ဆိုဒီယမ် အိုင်ယွန်တွေပါ၊ လစ်သီယမ်ဘက်ထရီတွေကို အားအကုန် ထုတ်ပစ်ပြီး သုညဗို့ အနေအထားနဲ့ သယ်ဆောင် လို့ မရပါဘူး၊ ဘက်ထရီပျက်စီးနိုင်၊ မီးလောင်နိုင်သလို မပျက်စီးရင်တောင် အားပြန်သွင်းဖို့ ခက်ခဲ ပါတယ်။ ဆိုဒီယမ်ဘက်ထရီကတော့ အားကို သုညအထိ ထုတ်ပစ်ပြီးမှ သယ်ဆောင်နိုင်တဲ့ အတွက် ဘေးကင်းပါတယ်၊ မီးလောင်တဲ့အခါကျရင်လည်း လစ်သီယမ်က သူကိုယ်တိုင်ကိုက အောက်စီဂျင်ပြန်ထုတ်နေတာမို့ မီးငြှိမ်းဖို့ ခက်တယ်၊ ဆိုဒီယမ်ဘက်ထရီတွေကတော့ မီးလောင်ရင် အောက်စီဂျင် မထုတ်တာမို့ မီးငြှိမ်းဖို့ လွယ်ပါတယ်။
အဲဒီတော့ သူ့ရဲ့ အဓိက အားသာချက်ကတော့ ဈေးပေါပေါ ထုတ်နိုင်တယ်၊ ဘေးကင်း မှု ကောင်းတယ်၊ အပူလွန်မီးလောင်တာ ဖြစ်နိုင်ခြေ နည်းတယ်၊ အပူ/အအေးခံနိုင်မှု ပိုကျယ်ပြန့်တယ်။ အားနည်းချက်ကတော့ လစ်သီယမ်-အိုင်ယွန်ဘက်ထရီတွေထက် စွမ်းအင်သိပ်သည်းဆ(အားဝင်ဆံ့နိုင်မှု)နည်းသေးပါတယ် (တိုးတက်မှုတွေတော့ ရှိနေပါပြီ)၊ နည်းပညာ အစောပိုင်းအဆင့်ပဲ ရှိသေးတာမို့ သုတေသန လုပ်ငန်းတွေ လိုနေပါသေးတယ်၊ စီးပွားဖြစ်ထုတ်ဖို့ မလွယ်သေးပါဘူး။ နည်းပညာနုနယ်ပါ သေးတယ်။

ခြုံငုံနှိုင်းယှဉ်ချက်


ဒီသုံးမျိုးလုံးကို ခြုံငုံနှိုင်းယှဉ်လိုက်ရင်တော့ အောက်ပါအတိုင်း တွေ့ရမှာပါ

၁- စွမ်းဆောင်ရည်
လက်ရှိမှာ လစ်သီယမ်-အိုင်ယွန် က အမြင့်ဆုံးဖြစ်ပြီး Solid State ကလည်း အမြင့်ဆုံးကို ရောက် လာနိုင်ခြေ ရှိနေပါပြီ၊ ဆိုဒီယမ်-အိုင်ယွန် ကတော့ အသင့်အတင့်ပေါ့။

၂- ထုတ်လုပ်မှုကုန်ကျစရိတ်
Li-ion ကတော့ အမြင့်ဆုံး ဖြစ်ပြီး Solid-state ကလည်း အသင့်အတင့် မြင့်မားပါတယ်။ ဆိုဒီယမ်-အိုင်ယွန်ဘက်ထရီကတော့ ဈေးအပေါဆုံးပါ။

၃- ဘေးကင်းမှု
လက်ရှိအနေအထားမှာ Li-ion က ဘေးကင်းမှု သာမန်ပါပဲ (အရင်က မီးလောင် လွယ်ပေမဲ့ အခု ဘေးကင်းအောင် အဆင့်မြှင့်နေပါပြီ)၊ Solid State ကတော့ ဘေးကင်းမှု အမြင့်ဆုံးဖြစ်ပြီး ဆိုဒီယမ်-အိုင်ယွန် ဘက်ထရီကလည်းပဲ ဘေးကင်းမှု ကောင်းတဲ့အထဲ ပါပါ တယ်။

၄- အားသွင်းနှုန်း
လစ်သီယံ-အိုင်ယွန်က အားသွင်းနှုန်း ကောင်းနေပါပြီ၊ ဒါပေမဲ့ Solid State ကတော့ အားသွင်းနှုန်း အမြန်ဆုံး ဖြစ်လာနိုင်ပါတယ်၊ ဆိုဒီယမ်-အိုင်ယွန်က လစ်သီယမ်-အိုင်ယွန်ထက် ပိုမြန်လာနိုင်ပါတယ်။

၅- သက်တမ်း
လစ်သီယမ်-အိုင်ယွန် တွေက အပူချိန်ကြောင့် အခုပြောတဲ့ သုံးမျိုးထဲမှာတော့ သက်တမ်း တိုပါတယ်၊ Solid State တွေက အနာဂတ်မှာ သက်တမ်းအရှည်ဆုံး ဖြစ်လာနိုင်ပြီး ဆိုဒီယမ်-အိုင်ယွန်တွေကလည်း သက်တမ်း ရှည်တဲ့ထဲ ပါပါတယ်။ မရှည်လည်း ဈေးပေါမယ် ဆို ဘာအရေးလဲပေါ့လေ။

၆- နည်းပညာဖွံ့ဖြိုးမှု
လစ်သီယမ်-အိုင်ယွန်တွေက ဖွံ့ဖြိုးပြီးအဆင့်ကို ရောက်လုနီးပါပြီ၊ တွင်တွင်ကျယ် ကျယ်လည်း သုံးနေပါပြီ၊ Solid-State ဘက်ထရီတွေကတော့ သုတေသနပြုဆဲ ဖြစ်ပေမဲ့ ၂၀၃၀ ဝန်းကျင်မှာ ဈေးကွက်ထဲ ရောက်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။ ဆိုဒီယမ်-အိုင်ယွန်တွေကတော့ ရှေးဦးသုတေသနအဆင့်မှာပဲ ရှိနေသေးတာမို့ ဈေးကွက်ထဲ ရောက်ဖို့ နည်းနည်း လိုပါဦးမယ်။

၇- အသုံးချမှု
လစ်သီယမ်-အိုင်ယွန်ဘက်ထရီတွေကို စမတ်ဖုန်း၊ လက်ပ်တော့၊ လျှပ်စစ်ကား (EVs) တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေပါပြီ၊ Solid-state ဘက်ထရီတွေကိုတော့ စွမ်းဆောင်ရည်အမြင့်ဆုံးလိုအပ်တဲ့ လျှပ်စစ်ကားတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေအတွက် သုံးကြမှာပါ၊ ဆိုဒီယမ်အိုင်ယွန်ဘက်ထရီတွေကိုတော့ မြန်နှုန်းနိမ့်လျှပ်စစ်ကား/ဆိုင်ကယ် တွေ၊ ဓာတ်အားပေးစက်ရုံတွေရဲ့ ဓာတ်အားသိုလှောင်မှုစနစ်တွေမှာ သုံးမှာပါ။

နိဂုံး


အနာဂတ်ကာလမှာ ဘက်ထရီအမျိုးအစားတစ်မျိုးတည်းကသာ လွှမ်းမိုးသွားမှာ မဟုတ်ဘဲ လိုအပ်ချက်ပေါ် မူတည်ပြီး ဒီနည်းပညာသုံးမျိုးလုံးက တွဲဖက် ဖွံ့ဖြိုးလာမယ်ဆိုတာ ကို နိဂုံးချုပ်အနေနဲ့ သုံးသပ်တင်ပြလိုက်ရပါတယ်။


မောင်သိပ္ပံ
၁၆-၁၂-၂၀၂၅


Keep Reading

အိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)Student မဟုတ်တဲ့ ကျောင်းသားကမ္ဘာ့စွမ်းအင်အနာဂတ်အတွက် သန့်ရှင်း၊ ထက်မြက်သော Sustained Fusion Energyအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၂"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါ