Author's Profile Photo

My Life's Corner

2/03/2026

အတိတ်မှ အတွေးတစ်စ

1 min read
Education
Entertainment
Self Improvement
အတိတ်မှ အတွေးတစ်စ's photo

ခုရက်ထဲ ကိုယ့်ရဲ့ ကလေးဘဝကိုပြန်မြင်ယောင်လာတယ်၊ အပူအပင်မရှိ ဖြူဖြူစင်စင်နဲ့ ဘာမှလဲ လောကကြီးအကြောင်း နားမလည်ခဲ့၊ အဲ့ဒီတုန်းကဆို လူကြီးဖြစ်ချင်လို့ဆိုပြီး အဖော်အပေါင်းသင်းတွေနဲ့ ကိုယ့်ရှေ့က လူကြီးတွေ လုပ်တဲ့အရာတွေကို ကစားနည်းလိုမျိုး ဆော့ခဲ့ကြသေးတာ၊ ထမင်းဟင်းချက်တိုင်းဆော့လိုက်၊ တွေ့သမျှ ခွက်တွေ ပလုံးတွေကို လိုက်စု၊ အိုးပုတ်ကလေးတွေဝယ်၊ လမ်းဘေးက အရွက်တွေကို လိုက်ခူးနဲ့ ဟင်းချက်တိုင်း ဆော့ခဲ့ကြတာ၊ စျေးရောင်းတိုင်းဆော့ရင်ဆော့၊ မဆော့ရင် မိုနိုပိုလီဆော့ရင်း သူများပိုင်နက်တွေကို လိုက်ဝယ်နဲ့ အဲ့အချိန်ထဲက ပိုင်ဆိုင်မှု ပိုက်ဆံတွေရှိရင် နိုင်တယ်ဆိုတဲ့ ကလေးအတွေးတွေ ရှိလာခဲ့တယ်၊ လသာတဲ့ညတွေဆိုလဲ လျှပ်စစ်မီးမရှိနဲ့ ညီအစ်မတွေ ထုပ်စီးထိုးတိုင်းဆော့ရင်ဆော့ မဆော့ရင် သရုပ်ဆောင်တိုင်းဆော့ပြီး မင်းသားမင်းသမီးတွေ လုပ်ခဲ့ကြသေးတာ။ အဲ့အချိန် ဝီခုန်းတို့ ရေသူမကားတို့က ခေတ်စားခဲ့တော့ ဇာတ်ကားထဲကလို နေနတ်သမီး၊ ရေနတ်သမီး လနတ်သမီးလုပ်ပြီး ယပ်တောင်ကြီးတွေ ဆံပင်အတုကြီးတွေနဲ့ ဆော့ခဲ့ကြသေးတာ၊ အလှအပတွေလဲ မက်ရကောင်းမယ်မသိ။ မိုးရွာရင်လဲ မိုးရေထဲမှာ သဲပုံပေါ်ပြီး ညီအစ်မတွေ ပြေးကြီး ကစားခဲ့ကြသေးတာ၊ ဦးလေး လုပ်ပေထားတဲ့ တမာပင်အောက်က ဝါးလုံးဒါန်းကြီးကိုလဲ တစ်ယောက်တစ်လှည့်စီ စီးကြလို့ပေါ့။ အဲ့တာတွေအပြင် ဒိုးစက်ကလေးတွေ ဝယ်လို့ရတော့ ဆော့ပြီး ပိုက်ဆံရှာခဲ့သေးတာ၊ ကျောင်းပိတ်ရက်ရောက်ပြီဆိုရင်တော့ ကာတွန်းစာအုပ်ဆိုင် အပြေးအလွှားသွားပြီး ဘိုဘိုတို့၊ မိမန်းလေးတွေကိုလဲ ဖတ်လိုက်ရတာ အမော။ အဲ့အချိန်ရတဲ့ ပျော်ရွှင်မှုတွေကလဲ ခုချိန်မှာ ပြန်ရနိုင်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူတော့ဘူး၊ အရင်လို ညီအစ်မတွေဆုံဖို့ဆိုတာလဲ မလွယ်ကူတော့ဘူး၊ အခုဆို တစ်ယောက်တစ်နေရာဆီနဲ့ ကိုယ့်အလုပ်ကို လုပ်နေကြပြီ။
အသက်၂၀ရောက်လို့ လူကြီးဖြစ်လာတဲ့အခါ လူတွေအကြောင်း၊ လောကအကြောင်း၊ ကိုယ့်ကိုယ်ကိုအကြောင်းကို ပိုပြီး သိလာရပါတယ်၊ ဒါဟာ ကောင်းတဲ့အရာတစ်ခုလဲဖြစ်သလို ပိုပြီးတော့လဲ ရင့်ကျက်ခဲ့ရပါတယ်။ တည်ငြိမ်လာပါတယ်။

အခုဆို ကိုယ့်ရှေ့မှာ ကလေးတွေ ဆော့နေတာမြင်ရင် ပြုံးပြီးတော့သာ ကြည့်နေဖြစ်တယ်။ ခုခေတ်ကလေးတွေ ဖုန်းတွေပေါ်မှာ အချိန်မကုန်ဘဲနဲ့ ရလာတဲ့အချိန်တို ကလေးဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဆော့ကစား ဖြတ်သန်းစေချင်ပါတယ်၊ အရင်လို လမ်းဘေးမှာ စာအုပ်ဆိုင်လေးတွေလဲ ပြန်မြင်ချင်မိတယ်။ ကလေးတွေ၊ လူငယ်တွေ စာပိုဖတ်လာတာကို မြင်ချင်မိတယ်။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို မပြောင်းလဲကောင်း မပြောင်းလဲနိုင်ပေမယ့်၊ ကိုယ့်ကို သွန်သင်ဆုံးမမယ့်သူမရှိရင်လဲ စာအုပ်တွေဖတ်ရင်း ကိုယ့်ကိုယ်ကို ဆုံးမနိုင်ကြောင်း လူငယ်တွေကို ပြောပြချင်ပါတယ်။ ကိုယ့်အမြင်တွေကို စာအုပ်တွေက တည့်မတ်ပေးနိုင်တယ်။

ငယ်ဘဝကို လွမ်းဆွတ်မိရင်း ရောက်လေရောက်ရာ တွေးမိတဲ့ အတွေးများသာ...

Su Pyae

Keep Reading

"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ