ရွှေငါး
.jpg)
တစ်ခါတုန်းက ကြောင်တစ်ကောင်
ဗိုက်ဆာလွန်းလို့ ယောင်တောင်တောင်
သူအော်တာက ညှောင် ညှောင် ညှောင်။
😺 😺 😺
အိမ်ရှင်ကြီးက ဒီလိုမေး
ဘာလို့ အော်လဲ ကြောင်ညိုလေး
စားထားတာဖြင့် မကြာသေး။
ကြောင်ညိုကြီးက မကျေနပ်ပါ
ဗိုက်ဆာလွန်းလို့ အပြင်ထွက်ရှာ
ဟိုနားဒီနား ပတ်လို့ပြေး
တွေ့လိုက်ပါပြီ ကြွက်ကလေး။
🐭 🐭 🐭
အိုး… ဟိုးရှေ့က ကိုကြောင်ကြီး
မပျော်မရွှင်နဲ့ စောစောစီး
စားပြီးပြီလား ဘော်ဒါကြီး။
အေး စားတော့ပြီးပြီ ကြွက်ကလေးရာ
ငါးလေးကောင်နဲ့ ငါ့ ကြောင်စာ
ဒါပေမဲ့လည်း မ၀သေး
မင်းကို စားမယ် ခုမနှေး။
ဒီလိုနဲ့ပဲ ကြောင်ကြီးဟာ
အိမ်ပြင်ထွက်ပြီး အစာရှာ
ခွေးပိန်လေးနဲ့ ထပ်တွေ့တာ။
🐶 🐶 🐶
ဗျိုး… မိတ်ဆွေ ကြောင်ကြီးရေ
ဘယ်ကိုသွားဖို့ ရှာကြံနေ
ဒါနဲ့ စားပြီးပြီလားလေ။
စားပြီးပါပြီ ခွေးပိန်ရာ
ငါးလေးကောင်နဲ့ ငါ့ ကြောင်စာ
ကြွက်ညို၀၀ ထပ်စားရ
တစ်လုတ်စာတော့မက
ဒါပေမဲ့လည်း မ၀သေး
မင်းကို စားမယ် ခုမနှေး။
စားပြီးတာနဲ့ ကြောင်ကြီးဟာ
ခြံပြင်ထွက်ပြီး ဟိုဒီရှာ
နွားငယ်တစ်ကောင်နဲ့ ထပ်ဆုံတာ။
🐮 🐮 🐮
အလို ကြောင်ညို အဆွေတော်
ဘယ်ဆီသွားဖို့ ခြံကိုကျော်
ထမင်းစားပြီးပြီလားနော်။
စားပြီးပါပြီ နွားငယ်ရာ
ငါးလေးကောင်နဲ့ ငါ့ ကြောင်စာ
ကြွက်ညို၀၀ ထပ်စားရ
တစ်လုတ်စာတော့မက
အရိုးများတဲ့ ခွေးပိန်ကျား
ထပ်တွေ့သေးလို့ စား
ဒါပေမဲ့လည်း မ၀သေး
မင်းကို စားမယ် ခုမနှေး။
မတင်းတိမ်တဲ့ ကြောင်ကြီးဟာ
ရွာပြင်ထွက်ပြီး ရှာပြန်တာ
နေမင်းကြီးက နှုတ်ဆက်လာ။
🌞 🌞 🌞
အို.. ၀၀ဖီးဖီး ကြောင်ကြီးရေ
ဘယ်များသွားမလို့ ဟန်ပြင်နေ
ထမင်းစားပြီးပြီလား ဟေ။
စားပြီးပါပြီ နေမင်းရာ
ငါးလေးကောင်နဲ့ ငါ့ ကြောင်စာ
ကြွက်ညို၀၀ ထပ်စားရ
တစ်လုတ်စာတော့မက
အရိုးများတဲ့ ခွေးပိန်ကျား
ထပ်တွေ့သေးလို့ စား
ခြံပြင်နားက ကိုနွားငယ်
တွေ့လို့ ထပ်စားတယ်
ဒါပေမဲ့လည်း မ၀သေး
မင်းကို စားမယ် ခုမနှေး။
နေမင်းကြီးကို စားလိုက်တော့
ကောင်းကင်တခုလုံး မှောင်သွားပေါ့။
မ၀သေးတဲ့ ကြောင်ကြီးဟာ
လမင်းကြီးနဲ့ တွေ့ပြန်တာ။
🌜 🌜 🌜
ဟိုအရှေ့က ကြောင်ညိုကြီး
ပုံစံကိုက ၀ဖြီးဖြီး
ဘာတွေကိုများ အလျှံအပယ်တီး။
ပြောရရင်တော့ လမင်းရာ
မတင်းတိမ်တဲ့ ဒီဗိုက်မှာ
ငါးလေးကောင်နဲ့ ငါ့ ကြောင်စာ
ကြွက်ညို၀၀ ထပ်စားရ
တစ်လုတ်စာတော့မက
အရိုးများတဲ့ ခွေးပိန်ကျား
ထပ်တွေ့သေးလို့ စား
ခြံပြင်နားက ကိုနွားငယ်
တွေ့လို့ ထပ်စားတယ်
လာနှုတ်ဆက်တဲ့ နေမင်းကြီး
ထပ်တောင် စားထားပြီး
ဒါပေမဲ့လည်း မ၀သေး
မင်းကို စားမယ် ခုမနှေး။
လမင်းကြီးပါ စားလိုက်တော့
ကြယ်ရောင်လေးသာ ကျန်တာပေါ့
ဒါပေမဲ့လည်း ဆက်ကာသွား
ဆိတ်ကြီးတစ်ကောင်နဲ့ တိုးပါသဗျား။
🐐 🐐 🐐
လောဘကြီးတဲ့ ကြောင်ကြီးဟာ
ဆိတ်ထီးဆီကို ချဉ်းကပ်လာ
စားပစ်မယ်လို့ သူကြံတုန်း
ကြားလိုက်တာက တ၀ုန်း၀ုန်း
ဒေါသကြီးတဲ့ ထိုဆိတ်ထီး
ပြေးဝှေ့ပါသတဲ့ စိတ်ဆိုးတကြီး။
ကြောင်ကြီးခမျာ အန်ထွက်ရှာ
ကြွက် ခွေး နွား တို့ ထွက်ကျကာ
ကံသီပေလို့ တော်ပါသေး
နေနဲ့ လပါ လွတ်မြောက်ပြေး။
ထိုနေ့ကစ ကြောင်ညိုကြီး
လောဘမကြီးဘဲ ဆင်ခြင်ပြီး
တော်သင့်ရုံသာ စားသောက်လို့
လိမ္မာသွားပြီဗျို့။
😿 😿 😿
₍^. .^₎Ⳋ
(ရွှေငါး)
Keep Reading