နွယ်ငြိမ်းလင်းပွင့်
မှတ်ဥာဏ်ထဲကနေ
နင့်ကို ထုတ်ပစ်လိုက်ရင်
ငါ့ရဲ့ ငယ်ရွယ်မှုဟာလည်း ပဲ့ပါသွားမှာ။
ငါ့ရဲ့ ကဗျာရေးဝါသနာဟာ
နင့်ကြောင့် သန္ဓေတည်တယ်။
ငါ့ရဲ့ ချစ်ခြင်းတွေ၊ မြတ်နိုးတွယ်တာမှုတွေ၊
စိတ်ကူးအတောင်ပံတွေဟာလည်း
နင့်ကြောင့်ပဲ နိုးထလာတယ်။
နင့်ရဲ့ ဖြစ်တည်မှုဟာ ငါ့အတွက်
နေမင်းလို လမင်းလို ကြယ်စင်လို
အနွေးဓါတ် ဖြစ်ခဲ့တယ်။
အေးမြမှု ဖြစ်ခဲ့တယ်။
မျှော်လင့်ချက် ရောင်ခြည် ဖြစ်ခဲ့တယ်။
လေရူးသုန်သုန်ထဲမှာ
ရတ်ဘတ်တလာက စကားလက်ကို
သူမ တိတ်တခိုး သဘောကျနေတဲ့ အက်ရှလေနဲ့ ပတ်သက်ပြီး ပြောသလို
ငါဟာလည်း နင့်ကို "လမင်းကြီးကို လိုချင်ပါတယ် ဆိုပြီး ပူဆာတယ်။ တကယ်တမ်း လမင်းကြီးကို ရပြီလည်း ဆိုရော ဘာလုပ်ရမယ်မှန်း သိမှာ မဟုတ်ပါဘူး" ဆိုသလိုပါပဲ။
နင့်ကြောင့်
ခြေဖျားလက်ဖျား အေးစက်ရတာတွေ၊
ကိုယ်ပူချိန် တက်ရတာတွေဟာ
ငါ့ကိုယ်ငါ ပေးတဲ့ ဝေဒနာတွေပါပဲ။
အမှတ်သည်းခြေကြီးလွန်းတဲ့ ငါဟာ ....
အလယ်တန်းနဲ့ အထက်တန်း စာမေးပွဲတွေမှာ
သုံးကြိမ်တိတိ နင်နဲ့ အတူ ထိုင်ခဲ့ရတာ
Fresher Welcome အကြိုနေ့က နင့် ဆိုင်ကယ်နောက်က လိုက်လာခဲ့တာ
ကော်ရစ်ဒါမှာ နင်နဲ့ ဝင်တိုက်မလို ဖြစ်ခဲ့တာ
နင်နဲ့ တက္ကသိုလ် တူလို့ ပျော်ခဲ့ရတာ
နင် ကောင်မလေး ရသွားလို့ ဝမ်းနည်းခဲ့ရတာ
Welcome မှာ နင် ဆိုတဲ့ Perfect သီချင်းကို စွဲလမ်းမိသွားတာ စသဖြင့် စသဖြင့် ....
တစ်လုံး တစ်ပါဒမကျန် မှတ်မိနေတယ်။
ကိန်းဂဏန်းတွေကို မမှတ်မိတတ်တဲ့ ငါဟာ
နင့်မွေးနေ့ကိုလည်း မှတ်မိနေပြန်တယ်လေ။
ဒီနှစ်ပိုင်းတွေမှာ ရင့်ကျက် မာကျောလာရလို့
နင့်ကို အရင်ကလောက် မတမ်းတဖြစ်တော့ပေမယ့်
တိုက်ဆိုင်တာတွေရှိရင်တော့ သတိရတယ်။
မိုးတွေရွာတိုင်း နင့်ကို လွမ်းမိနေတုန်းပဲ။
နင့်ကို စွန့်ပစ် မေ့ပစ်ရအောင်
မဖန်တီးပေးတဲ့ ကံကြမ္မာကို
ကျေးဇူးတင်တယ်။
နင့်ရဲ့ ရွေးချယ်မှုကိုလည်း ကျေးဇူးတင်တယ်။
အခုချိန်ထိ ကျန်းမာ ပျော်ရွှင်နေပေးလို့ ကျေးဇူးတင်တယ်။
နင်နဲ့ တစ်မိုးအောက်ထဲမှာဆိုတဲ့
အတွေးက
ငါ့ကို နေပျော်စေတယ်။
ငါနဲ့ ဝေးသထက် ဝေးဝေးကို
ရောက်သွားတဲ့ နင့်ကို
ပေးနိုင်တဲ့ မွေးနေ့လက်ဆောင်က
ဟောဒီကဗျာလေးရယ်
ဖြူစင် လင်းသန့် သစ္စာမယွင်းတဲ့ မေတ္တာပို့ ဆုတောင်းတွေပါပဲ။
ငါ့ရဲ့ အတိတ်ကို ပြန်တူးဆွရင်
နင့်ကို ထည့်သွင်းထားတဲ့ အစိတ်အပိုင်းက ခပ်များများ။
နင်ဟာ ငါ့ရဲ့ ချိုမြိန်တဲ့ ငယ်ရွယ်မှု ဖြစ်ခဲ့ပါတယ်။
ကံကောင်းခြင်းတို့ နင့်ဘဝမှာ ဝေဆာပါစေ။
လွတ်လပ်ခြင်းတို့ နင့်ဘဝမှာ ပွင့်လန်းပါစေ။
အေးချမ်းခြင်းတို့ နင့်ဘဝမှာ မွှေးပျံ့ပါစေ။
12.6.25 (Thu)
Keep Reading