ထောင်ရှာဖန်း (Htaung Shar Phan)
နေမင်းက ငါ့ကို အသိအမှတ်မပြုဘူး၊
အလင်းဟာ ငါ့သားရေပေါ်မှာ
ခလုတ်တိုက်လဲကျပြီး
ငါ့ကို ညရဲ့ အစွန်းထွက်တစ်ခုအဖြစ်
စွန့်ပစ်ခဲ့တယ်။
မွေးဖွားခြင်းမှာတင်
ငါ့နာမည်ဟာ "နိမိတ်ဆိုး" ဖြစ်ခဲ့ရတယ်၊
ငါဖြတ်သန်းတဲ့ လမ်းကြားတွေမှာ
မျက်လုံးတွေက တံခါးဂျပ်တွေလို
ပိတ်သွားတတ်ပါရဲ့။
ကံကြမ္မာဆိုတာ လက်ဖဝါးပေါ်က
လက္ခဏာမျဉ်းတွေမဟုတ်ဘူး၊
ဂုဏ်ဆိုတာ အရောင်အဆင်းတွေလို့အသိအမှတ်ပြုလိုက်ရတဲ့နေ့ကစပြီး
ငါ့ကိုယ်ငါ ညထဲမှာပဲ အမြစ်တွယ်ခဲ့တယ်။
အမှောင်ချင်းတူတာတောင်
သူတို့က ငါ့ကို ကျောခိုင်းကြတယ်၊
မည်းတာချင်းတူတောင်
သူတို့က ပိုဖြူတယ်ဆိုတဲ့
အကြည့်တွေရဲ့ လှောင်ရိပ်တွေက
ဓားသွားထက် ပိုအေးစက်တယ်။
အမှန်တော့
ငါဟာ အလင်းမရှိလို့
ပျောက်ကွယ်နေရသူမဟုတ်ဘူး၊
အလင်းကသာ ငါ့ကို ကြောက်လို့
ဖယ်ပေးထားတာ။
တစ်လောကလုံးက
နိုးထဖို့ အလင်းကို တောင်းပန်နေချိန်မှာ
ငါကတော့ ညရဲ့ သွေးကြောတွေထဲမှာပဲ
လွတ်လပ်ခြင်းကို တိတ်တဆိတ် သွေးနေခဲ့တယ်။
ဟုတ်တယ်...
ငါဟာ ညဖွက်ခံထားရတဲ့ ကြောင်နက်၊
ဒါပေမဲ့ ငါ့မျက်လုံးတွေကတော့
မင်းတို့ အလင်းထဲမှာ ရှာမတွေ့နိုင်တဲ့
အမှန်တရားတွေကို မြင်နိုင်တယ်။
#_Htaung Shar Phan_(သုသျှင်)
Keep Reading