ထောင်ရှာဖန်း (Htaung Shar Phan)
ရပ်တန့်ခြင်းဟာ အပြစ်မဟုတ်တဲ့ လောကမှာ
မပြတ်သားနိုင်ခြင်းဆိုတာ ဝဋ်ကြွေးပေါ့။
တစ်ဖက်သတ် ဆွဲဆန့်ထားတဲ့ သံယောဇဉ်ဟာ
ကြိုးတန်းပေါ်က လူတစ်ယောက်လို
ယိုင်နဲ့စွာနဲ့... အရှုံးဆီ အခေါက်ခေါက် သွားနေရ။
ချစ်စဉ်က...
ယုယခြင်းတွေကို အသက်ရှူလမ်းကြောင်းလို့
ထင်ခဲ့ပေမဲ့
မချစ်တော့တဲ့အခါ
ငါ့ရဲ့ တည်ရှိမှုဟာ မင်းအတွက်တော့
လေလွင့်နေတဲ့ "ကျွတ်ကျွတ်အိတ်" တစ်လုံးလို
ရှောင်ကွင်းချင်စရာ အာရုံနောက်မှုသက်သက်။
အနိုင်မယူရက်တဲ့ နှလုံးသားကို
အရှုံးနဲ့ပဲ ထွင်းထုလိုက်ပါတော့
မင်း စိတ်တိုင်းကျ ခုတ်ထွင်နိုင်ဖို့
ငါ့ရဲ့ မာနတွေကို အလံဖြူလုပ်လို့
အကြွင်းမဲ့ ချစ်ခြင်းနဲ့
ငါအောက်ကျို့ခယပါတယ်။
ကမ္ဘာကြီးတောင် တစောင်းလည်နေတာပဲ။
တစ်ဖက်က ဆက်မချစ်နိုင်တော့တာ
အပြစ်မဟုတ်ပေမဲ့၊
မပြတ်သားနိုင်ဘဲ
အချစ်မပျက် ဆက်ချစ်ချင်သူကတော့
အပြစ်သင့်ရလေသတဲ့လား။
#_Htaung Shar Phan_(သုသျှင်)
Keep Reading