ထောင်ရှာဖန်း (Htaung Shar Phan)
လမ်းအဖုံဖုံ ဖြာထွက်လို့
တစ်ခုမှတော့ လမ်းမမည်၊
အတိတ်ပျက် အပိုင်းအစတွေကြား
လျှောက်လက်စ ခြေလှမ်းတွေပဲ ကျိုးပဲ့ကုန်ပြီ။
ဒီညမှာ ဟိန်းထွက်ဖို့ ရည်စူးထားတဲ့
တယောကြိုးမျှင်လေးတွေ ရဲ့ ရင်ဘတ်မှာလည်း
မပြည့်ဝတဲ့ ဆုတောင်းတွေက
အမာရွတ်လို ပွန်းခြစ်။
လက်ချောင်းနဲ့ လွဲသွားရတဲ့
တုန်ခါသံတွေ ကတော့
နက်မှောင်လွန်းတဲ့ ဒီညသန်းခေါင်မှာပဲ
မမြည်ဟီးခင်မှာတင် တင်းခနဲပြတ်လို့
အသံမဲ့ဘဝနဲ့ ကြွေရပြန်ပြီ။
တချို့ဘဝတွေဟာလည်း အဲ့ဒီလိုပဲ
ကျိုးပဲ့နေတဲ့ လမ်းပိုင်းစတွေပေါ်မှာ
ကြိုးပြတ်နေတဲ့ တူရိယာတွေလို၊
ကိုယ်ပိုင်သံစဉ်တွေ မဝေဆာရခင်
လမ်းတစ်ဝက်မှာတင်
ဂီတနုတ်အဖြစ် နိဂုံးချုပ်ခဲ့ရတယ်။
ကိုယ့်လောဘ၊ ကိုယ့်အတ္တအတွက်
ဘုရားမှာ ဆုတောင်းချင်ပေမဲ့
ကိုယ့်ဆုတောင်းတွေ
ပြည့်ဖို့အတွက်ကြောင့်နဲ့တော့
ဖယောင်းတိုင်ကို အရည်မပျော်စေချင်ဘူး
အမွှေးတိုင်ကိုလည်း ပြာမကျစေချင်ဘူး။
ကိုယ့်ဘဝကိုယ်၌က
ပြာကျလောင်ကျွမ်းပြီးသားမို့
သူတို့ပါ ကိုယ့်လို နာကျင်မှာကို
ဘဝတူအနေနဲ့ စာနာသမှု ထားမိပါတယ်လေ။
_Htaung Shar Phan_(သုသျှင်)
Keep Reading