Author's Profile Photo

Kaung Hein Soe - Strategic

20/01/2026

တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၈)

2 mins read
Business
General Knowledge
တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၈)'s photo

ယခင်မျှဝေမှုမှာတုန်းက လူတွေရှိရင် ပြဿနာတွေရှိမယ် ။ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ရင် လူတွေက ကိုယ့်ကို ငွေတွေ အလိုလိုပေးကြလိမ့်မယ်။ ဒီတော့ ပြဿနာတွေကို မြင်အောင် ကြည့်လေ့ရှိတဲ့ အပြုအမူကို ဖန်တီးလေ့ကျင့်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီအပြုအမူဟာ အခြားသူတွေ ဘယ်သူမှ မမြင်မတွေ့တဲ့ ငွေဝင်လမ်းတွေကို တွေ့မြင်ပြီး လုပ်ဆောင် အောင်မြင်သွားနိုင်ပါတယ်။ ဒီ concept ကို သက်သေပြုတဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခုကို များမကြာခင် သင်္ဘောသားဘ၀ တရုတ်ပြည်မှာပဲ ဆက်ပြီး ကြုံရပြန်ပါတယ်။

တရုတ်ပြည်ဆိပ်ကမ်းတစ်ခုမှာ သင်္ဘောဆိပ်ကပ်ပါတယ်။ မြို့နာမည်က ရှားမင်းမြို့လို့ ဆိုပါတယ်။ ဒီတစ်ခါတော့ သင်္ဘော လူတွေ အားလုပ်ကြတာနဲ့ မြို့ထဲလည်ပတ်ဖို့ ပြင်ဆင်ရင်း ဘယ်လိုသွားကြမလဲလို့ စုံစမ်းကြပါတယ်။ ဒီလိုစုံစမ်းနေတုန်း သင်္ဘောကျင်းထဲကို စလွန်းကားလေး တစ်စင်းဝင်လာပြီး ကားပေါ်ကနေ အသက်ငယ်ငယ် ခပ်ချောချော တရုတ်မလေးတစ်ဦး ဆင်းလာပါရော။

ပြီးတာနဲ့ သင်္ဘောမှာ သင်္ဘောသားဦးရေ၊ ဘယ်ကို လည်ပတ်မယ် ဆိုတာတွေ မေးပါလေရော။ သူက ကားနဲ့ ကြိုပို့လုပ်ပေးတဲ့ Service ပေးပါတယ်တဲ့။ တစ်ခေါက်ကို ကားထဲမှာ လူလေးဦးလိုက်ပါနိုင်ပြီး တစ်ဦးကို ဒေါ်လာ၂၀ ပေးဖို့ဆိုပါတယ်။ ဒီလေးဦးကို မြို့ထဲက သွားလိုတဲ့နေရာ ငါးနေရာကို လိုက်ပို့ပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လေးဦးလုံးကို လည်ပတ်တာစောင့်နေမှာ မဟုတ်လဲ တစ်နေရာကိုပို့ထားလိုက်နောက်လူလေးဦး တစ်သုတ် လာကြိုလိုက်နဲ့ လုပ်မှာဖြစ်လို့ အချိန်မပုပ်အောင် ဖုန်းကြိုဆက်ပေးဖို့ ပြောပါတယ်။ သူပြောတဲ့ အစီအစဉ်က အဆင်ပြေလေတော့ ပထမ အသုတ်မှာတင် ကျွန်တော်ပါ ပါလာခဲ့ပါတယ်။

ကားပေါ်ရောက်တော့ စကားနည်းနည်းပြောရင် ရင်းနှီးလာတဲ့အခါ ဒီလို ကားမောင်း ကြိုပို့လုပ်တာ ဘယ်လောက်ရသလဲလို့မေးမိပါရော ။ သူမက တစ်သုတ်ကို လေးဦး ဒေါ်လာ ၈၀ နဲ့ တစ်ရက်ကို ငါးသုတ်လောက်ထိ အများဆုံး ရတတ်ကြောင်း ဒီနေ့တော့ သုံးသုတ် ရထားကြောင်း ပြောပါတယ်။ ဆိုတော့ အနည်းဆုံး တစ်ရက်ကို ၂၀၀ ကနေ ၂၄၀ ဒေါ်လာထိရမှာဖြစ်လို့ ဝိုး… လို့ဆိုမိပါရော။

ဘာကြောင့်ဆို. အငယ်တန်းအင်ဂျင်နီယာဖြစ်တဲ့ ကျွန်တော်က တစ်လလုံးနေတော့မှ အမေရိကန်ဒေါ်လာ ၃၀၀ သာ ရလို့ပါပဲ။ စက်ခန်းထဲက အင်ဂျင် ပြင်ဆင်တာမျိုး အကြီးစား အပင်တပန်း အလုပ်တွေ ပိုလုပ်ရလို့ ရလာတဲ့ အိုဗာတိုင်ကြေး ပင်ပန်းကြေးလေး ဘာလေးပေါင်းမှ တစ်လ လေးရာ လောက်သာရပြီး လူသူနဲ့ ခွဲနေရ၊ လူလိုမနေရတဲ့ ဘ၀ကိုတွေးမိပြီး ဝမ်းနည်းသွားတာကလဲ ပါပါတယ်။

ဒါပေမယ့် ငယ်ငယ်ရွယ်ရယ် မိန်းကလေးတစ်ဦးတောင် တစ်ရက် ဒေါ်လာ ၂၀၀ ကျော် တစ်လဆို ဒေါ်လာ ထောင်ပေါင်းများစွာ ကားမောင်းရင်း ရှာနေနိုင်လေတော့ ငါဆိုရင်လဲ သူ့ထက် ပိုပြီး ရှာနိုင်မှာလို့ တွေးမိရင် အားတက်ရပြန်ပါတယ်။

စာအုပ်ထဲက ဖတ်ထားတဲ့ ပြဿနာကိုရှာပြီး ဖြေရှင်းပေးတာ ငွေဖြစ်ကြောင်း ဒီဖြစ်ရပ်ကလည်း သက်သေပါပဲ။ တကယ်တော့ ဆိပ်ကမ်းကပ်လာတဲ့ သင်္ဘောပေါင်းများစွာက နေ့စဉ် မြို့ထဲ လည်ပတ်ဖို့အတွက် အခက်အခဲ အတော်ရှိနေတာပါ။ သင်္ဘောဆိပ်ကမ်းဆိုတာဟာလည်း လူနေမြို့ကနေခပ်ဝေးဝေးမှာ နေရာကျယ်ကျယ် တည်ဆောက်ထားလေတော့ သွားလာရေးကလည်း ခက်ခဲပါတယ်။

ဘတ်စ်ကားရှိပေမယ့်လဲ တစ်ခါလည်ပတ်ဖို့ အချိန် လေးနာရီလောက်သာ အများဆုံး ရတတ်တဲ့ သင်္ဘောသားတွေအဖို့ အချိန်ကုန်ကလဲ မခံနိုင်ပါဘူး။ ဆိုတော့ ဒီလိုကားနဲ့ အချိန်အတိအကျ သွားချင်တဲ့နေရာတွေ ရွေးပို့ပေးတာ သင်္ဘောသားတွေအတွက် အတော် အဆင်ပြေတာပါပဲ။

ယခင်က သူမက တစ်ရက်ကို လေးဦးတစ်သုတ်ပဲ ပို့ပေးပါတယ်တဲ့။ ဒါပေမယ့် ခရီးစဉ် သေချာ မဆွဲတတ်တော့ ပါလာတဲ့ သင်္ဘောသားတွေကလဲ ဈေးဝယ်ချင်သူကတစ်ဦး၊ အရက်သောက် အစားကောင်း စားချင်သူကတစ်ဦး၊ တရုတ်ပြည်ရောက်တုန်း ပျော်ပါးချင်တဲ့ သူကတစ်မျိုး၊ နာမည်ကျော်နေရာတွေ လည်ပတ်လိုသူက တစ်မျိုးဆိုတော့ တစ်သုတ်ထဲနဲ့တင် နေရာစုံ တစ်နေကုန်သွားကာ သင်္ဘောသားတွေလည်း အချိန်ကုန်ပါတယ်တဲ့ ။

ဒါနဲ့ပဲ သူကပဲ ခရီးစဉ် သတ်မှတ်ပေးလိုက်ကာ နံပါတ် ၁ အဖွဲ့ကဘယ်အချိန် ထွက်မယ် ဘယ်နေရာကို အဓိကအရင် ပို့မယ် အဲဒီမှာ အချိန် ဘယ်လောက်ရမယ် ပြီးရင်ဘယ်ကို သွားမယ်။ အဖွဲ့နှစ်က ဘယ်နေရာကို အရင်အဓိက သွားမယ် စသဖြင့် ခရီးလမ်းကြောင်း သတ်မှတ်လိုက်တော့ သွားလိုသူတွေလည်း အဆင်ပြေ သူလည်း ပိုက်ဆံ ပိုရသွားပါရောတဲ့ ။

ဒီကနေ ထပ်သိရတာက ပြဿနာ ဖြေရှင်းနည်းပါပဲ။ ဒီပြဿနာကို လူအားနဲ့ ဖြေရှင်းတဲ့အခါ လူအင်အားက လုပ်နိုင်စွမ်းအကန့်အသတ် ရှိနေတတ်ပါတယ်။ ဒါကို အထက်ကလို Planning ချမှတ်ခြင်းလိုမျိုး Skill တစ်ခုခုနဲ့ ပေါင်းစပ် အသုံးပြု ဖြေရှင်းလိုက်တဲ့အခါ ဝင်ငွေကိုဆ နဲ့ တိုးတက်စေတယ်လို့ တွေ့ရတာပါပဲ။ ဆိုလိုတာက ပြဿနာများကို ကျွမ်းကျင်မှု တစ်ခုခု Skill နဲ့ ပေါင်းစပ် ဖြေရှင်းခြင်းဟာ ငွေဝင် နိုင်မှုပိုများတယ်လို့ ဆိုချင်တာပါ။ ဒါဟာလည်း အလေ့အထ အပြုအမူ တစ်ခုပါပဲ။

အလုပ်တစ်ခု လုပ်ရတော့မယ်ဆိုရင် ကြိုတင်အစီအစဉ် ဆွဲတတ်သူ Planning၊ ဖြစ်နိုင်ချေ ဆုံးရှုံးနိုင်ချေတွေကို မြင်ပြီး ကာကွယ်ထားတတ်သူ Risk Management၊ ဖြစ်လာနိုင် တဲ့ အပြောင်းအလဲတွေကို စီမံနိုင်သူ Change Management၊ စတဲ့ ကျွမ်းကျင်မှုတွေ လိုသလို Operational Skillတွေ ဖြစ်တဲ့ ကားမောင်းနိုင်တာ၊ ဆော့ဝဲလ် ရေးတတ်တာ၊ AI ကိုအသုံးချတတ်တာတွေဟာလည်း Skillတွေ ဖြစ်ပါတယ်။

အထက်က တရုတ်မလေးဟာ ကားမောင်းတတ်ခြင်း Skill ရှိမနေရင် ဒီလိုငွေရှာဖို့က ခက်ခဲဦးမှာ ဖြစ်ပါတယ် ။ဒါကြောင့်နောက်ထပ် အပြုအမူတစ်ခုက ပြဿနာတွေကို ကျွမ်းကျင်မှု တစ်ခုခုနဲ့ ပေါင်းစပ်ဖြေရှင်းတဲ့ အလေ့အထ အပြုအမူကို ဖန်တီးတည်ဆောက်ယူပါလို့ ပြောချင်တာပါပဲ။

လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။

Kaung Hein Soe – Strategic
Serial Investor

Keep Reading

Customer Needs အမျိုးအစား ငါး ခုတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၈)ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၅ ) တက္ကစီ အငှားလုပ်ငန်း Strategy တွေ ထိရောက်ဖို့....အေးဂျင့်တစ်ယောက် နေ့စဉ်အလုပ်Risk နည်းချင်လားကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၁ ) အထည်ရောင်းခြင်းစီးပွားရေး Ideaကို ဘယ်ကနေရှာဖွေမလဲ