Author's Profile Photo

Kaung Hein Soe - Strategic

18/11/2025

ကျရှုံးလေပြီးသော.. Start Up များအကြောင်း.. အပိုင်း (၂)

3 mins read
Business
General Knowledge
ကျရှုံးလေပြီးသော.. Start Up များအကြောင်း.. အပိုင်း (၂)'s photo

Start Up Business တွေ ကျရှုံးခဲ့ရတဲ့ အဓိက အကြောင်းအရင်းတွေကို ဆက်လက်လေ့လာကြည့်ရအောင်ပါ။
.
(၆) ဈေးနှုန်း ကြီးမြင့်…
.
လုပ်ငန်းငယ်လေးအနေနဲ့ Product တစ်ခုခုကို စတင်ထုတ်လုပ်ဖြန့်ချိတဲ့အခါမှာ ငွေအင်အားကလဲ နည်းပါးသေးတဲ့အတွက် စက်ကိရိယာတွေ ဝယ်ယူရင်းနှီးမြုပ်နှံတာ၊ ကုန်ကြမ်းကိုအများဈေးနဲ့ ဝယ်လှောင်ထားနိုင်တာ စတာတွေ အားနည်းတတ်လေ့ရှိပါတယ်။ ဒီအခါမှာ အခြားသော ငွေအင်အားနိုင်တဲ့ လုပ်ငန်းကြီးတွေထက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ များပြားသွားရလေ့ရှိတတ်ပါတယ်။ ဒါပေမယ့် ဈေးကွက်အတွင်းမှာ ဈေးနှုန်းမြင့်တင်ရောင်းချလို့မရဘူးဆိုရင် အများနည်းတူ ဈေးနှုန်းနဲ့ရောင်းရင် အရှုံးစပေါ်လာတတ်လေ့ရှိပြန်ပါတယ်။
.
ဒါတွေ မဖြစ်ဖို့ကတော့ လုပ်ငန်းစမယ်ဆိုကတည်းက Business Plan ကိုသေချာ စဉ်းစားရေးဆွဲဖို့လို ပါတယ်။ အနည်းဆုံးဖွဲ့စည်းပုံ နဲ့ဘယ်လိုလည်ပတ်မလဲ၊ ဈေးအသက်သာဆုံးဖြစ်အောင် ဘယ်လို လုပ်ဆောင်မလဲ၊ အကောင်းဆုံး ကုန်ကြမ်း ဝယ်ယူနိုင်မယ့် Supplier ကဘယ်မှာ ဖြစ်မလဲ စတာတွေ ကိုသေချာ လေ့လာဖို့လိုပါတယ်။
.
.
(၇) ရှယ်ယာရှင်တွေ မညီညွတ်…
.
အများစုက ပထမဆုံး ကိုယ်ပိုင်လုပ်ငန်းလေးလုပ်တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် တစ်ဦးတည်း စတင်တာထက် အခြားသူ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုတဲ့ သူတွေ နဲ့ ရှယ်ယာခေါ်ပြီး လုပ်ဆောင် ကြလေ့ရှိပါတယ်။ ရှယ်ယာရှင်တွေ အားလုံးက လူညီတယ် လုပ်ငန်းကိုအထောက်အကူဖြစ်စေတယ် ဆိုရင်တော့ အတိုင်းထက်အလွန် အဆင်ပြေပါတယ်။ ဒါပေမယ့် လုပ်ငန်းကို လည်ပတ်နေသူနဲ့ ရှယ်ယာ ရှင်တွေ ကြားမှာ လုပ်ငန်းအကြောင်းဆုံးဖြတ်ချက်တွေ သဘောထားကွဲလွဲလာရင် တော့ Personal ပိုင်းတွေပါ ပါဝင်လာတတ်ပြီးလုပ်ငန်းကို ထိခိုက်ရတတ်ပါတယ်။ ဥပမာ တစ်ဦးက ဒီ Product အသစ်ထုတ်ချင်တယ် နောက်တစ်ယောက်က နောက်တစ်ခု နောက်တစ်ယောက်က ဘာမှအသစ် ထပ်မထုတ်ဘူးရှိပြီးသားတွေကိုပဲ ပိုထုတ်ပြီးပိုရောင်းမယ် စသဖြင့်ကနေ သဘောထားကွဲ လွဲတတ်ကြသလို အမြတ်ခွဲဝေမှု၊ လစာ ရယူမှု၊ ဝန်ထမ်းခန့်အပ်မှု စတဲ့ အခြေအနေမျိုးစုံကနေ စိတ်သဘောထား ကွဲလွဲတတ်ကြပါတယ်။
.
ဒါတွေ အတွက်ကတော့ လုပ်ငန်းစမယ်ဆိုကတည်းက ရှယ်ယာ သဘောတူစာချုပ်မှာ လုပ်ငန်းပိုင်ဆိုင်မှု၊ အမြတ်ခွဲဝေမှု၊ လုပ်ငန်းလည်ပတ်မှု၊ ကိုယ်စီတာဝန်ယူမယ့်အပိုင်း စတာတွေကို သေချာ ညှိနှိုင်းသတ်မှတ် ချုပ်ဆိုဖို့လိုအပ်ပါတယ်။
.
.
(၈) ဝန်ထမ်းပြဿနာ…
.
ကော်ပိုရေးရှင်းကြီးတွေမှာတော့ ဝန်ထမ်းအင်အားထောင်သောင်းချီရှိပြီး လူမှန်နေရာမှန်တွေကို ရွေးချယ်ခန့်အပ်နိုင်ဖို့ HR ဌာနတွေ Recruitment ဌာနတွေ သီးသန့်ထားရှိပြီးဆောင်ရွက်ကြလေ့ ရှိပါတယ်။ ဒါပေမယ့် Start Up လေးတွေ မှာတော့ ပိုင်ရှင်ကလဲကိုယ်ပဲ ဝန်ထမ်းခန့်လဲကိုယ်ပဲ ဆိုတော့ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း အတွေ့အကြုံမရှိတဲ့အခါ လူမှန်နေရာမှန်မဟုတ်ပဲ. Performance မကောင်း တဲ့သူတွေကို ခန့်အပ် မိတတ်လေ့ရှိပါတယ်။ လုပ်ငန်းကြီးတွေမှာ တစ်ဦးလောက်က အဆင်မပြေရင် သိပ်မသာပေမယ့် လူနှစ်ယောက်တစ်ပိုင်းလောက်သာရှိမယ့် Start Upမှာတော့ တစ်ယောက် မကောင်းတာဟာ လုပ်ငန်းတစ်ခုလုံး ထိခိုက်သည်အထိ ဖြစ်တတ်လေ့ရှိပြန်ပါတယ်။
.
.
(၉) အကြံတူ နောက်လူသာသွား…
.
တစ်ချို့ Start Up လုပ်ငန်းလေးတွေရဲ့ Business Idea တွေ Product Idea တွေဟာ သိပ်ကိုကောင်းမွန်ပြီး ဈေးကွက်မှာပေါက်သွားနိုင်တယ်ဆိုတဲ့ အခြေအနေမျိုး တွေ့ရလေ့လည်းရှိတတ်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲကို စတင်ဖြန့်ချိတဲ့အခါမှာ လုပ်ငန်းငယ်လေးဖြစ်တဲ့အတွက် အတွေ့အကြုံနည်းတာ၊ Customer မိတ်နည်းသေးတာ၊ ငွေအရင်းအနှီးနည်းပါးသေးတာ စတဲ့အချက်လေးတွေကြောင့် product ဟာပေါက်သင့်သလောက် မပေါက်ပဲဖြစ်နေတတ်ပါတယ်။ ဒီအချိန်မှာပဲ တခြား ငွေအင်အားလဲနိုင် အတွေ့အကြုံလဲများတဲ့ လုပ်ငန်းကြီးက ကိုယ့် Idea ကို ကူးယူ၊ အားနည်းချက်တွေကို ပြုပြင်ပြီး ဖြန့်ဝေလိုက်တဲ့အခါ ဝက်ဝက်ကွဲပေါက်သွားတာမျိုးတွေလည်း အများအပြား တွေ့ရလေ့ရှိပြန်ပါတယ်။ ဒီအတွက်ကိုယ့် Product ရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုထိန်းသိမ်းမလဲ၊ မူပိုင်ခွင့်တွေကို ဘယ်လို ကာကွယ်မလဲဆိုတာတွေကလဲ အရေးကြီးလာပါတယ်။
.
.
(၁၀) စိတ်မပါတော့ဘူး…
.
လူတိုင်းကို ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်လားမေးလိုက်ရင် လုပ်ချင်တယ်လို့ပဲအများစုက ဖြေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုဟာ အတော်လေး. Pressure များပါတယ်။ Start Up အနေနဲ့ဆိုရင် ကိုယ်ပဲ သူဌေး ကိုယ်ပဲသန့်ရှင်းရေး ကိုယ်ပဲဧည့်ကြို ကိုယ်ပဲ Delivery ဆိုတာမျိုးကို လုပ်ငန်းရှင် အများစု ကြုံတွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် ပိတ်ရက်ဆိုတာမျိုး အားလပ်ရက်ဆိုတာမျိုးကလဲ မရှိနိုင်တော့ပါဘူး။ ဝန်ထမ်းဘ၀ကမှ သောကြာညလိုမျိုးမှာ စိတ်လွတ်လက်လွတ် ကဲလို့ရပေမယ့် လုပ်ငန်းလည်း  လုပ်လိုက်ရော စာရင်းချုပ်ပြီးချိန်က ည၁၂ နာရီ တို့ ဘာတို့ဖြစ်နေတတ်ပြန်ပါတယ်။ ဆိုတော့ တကယ်သာ ရူးခါနေအောင် Passion မရှိဘူးဆိုရင် အဲဒီလိုခက်ခဲတဲ့ ကာလတွေကို ကျော်ဖြတ်နိုင်ဖို့က မလွယ်လှပါဘူး။ Start Up လုပ်ငန်းတွေ ပြိုလဲသွားတဲ့ အဓိကအကြောင်းတွေထဲမှာ လုပ်ငန်းရှင် ကိုယ်တိုင် Burned Out ဖြစ်သွားတာကလည်း အကြောင်း တစ်ခုအနေနဲ့ရှိနေပါတယ်။
.
.
(၁၁) စာရင်းမပိုင် ကုန်ထုတ်မနိုင် …ကိုယ်ပိုင်မလုပ်နဲ့…
.
တစ်ချို့တွေရဲ့ အခက်အခဲက ငွေကြေး စာရင်းဇယားပိုင်း နားလည်မှု နည်းပါးတာဖြစ်ပါတယ်။ စာရင်းကို ဘယ်လိုမှတ်သားရမယ် အသားတင်အမြတ်ကို ဘယ်လိုဖော်ထုတ်ရမယ်၊ ရနေတဲ့ အမြတ်က ထိုက်တန် လား မတန်ဘူးလား သုံးသပ်ရမယ်၊ လုပ်ငန်းအခြေအနေကို ငွေကြေးပိုင်းအမြင် တွေကနေ စိစစ်ရမယ် စတဲ့ Finance ပညာရပ်ပိုင်းတွေ အားနည်းတဲ့အခါ အလေအလွင့်တွေများပြား၊ ကြွေးဆုံးတွေများပြီး ရစရာတွေ မရ ၊ ဖြစ်ကာ လုပ်ငန်း ပြိုလဲနိုင်ပါသေးတယ်။ ဒါ့အပြင် အခြားသော Operation တွေဖြစ်တဲ့ Production ပိုင်းကို မနိုင်တာ၊ ဝန်ထမ်း မထိန်းသိမ်းတတ်တာ၊ Expenses တွေ မထိန်းတတ်တာ စတာတွေ ကြောင့်လဲ အခက်တွေ့ရလေ့ရှိပါတယ်။
.
.
(၁၂) သေမယ့်နှစ်မှ…စစ်ထဲလိုက်မိ…သို့မဟုတ် Wrong Timing
.
ဘယ်စီးပွားရေး ဖြစ်ဖြစ် အချိန်ကိုက် ဖို့လိုပါတယ်။ ခေတ်ကောင်းမီဖို့လိုပါတယ်။ ဥပမာ ကျွန်တော်ယခင်က online learning platform တစ်ခုကို စတင်ခဲ့ဖူးပါတယ်။ အဲဒီနှစ်တွေတုန်းက လူတွေက အွန်လိုင်းကနေ စာသင်တယ်ဆိုတာကို ဟာသ တစ်ခုလိုသာ သဘောထား နေကြတာတောင် ရှိပါသေးတယ်။ အဲဒီတုန်းက ကိုယ့် Platform အကြောင်း လူတွေကို အာပေါက်အောင် ရှင်းပြရပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်ကိုဗစ် စဖြစ်တဲ့အချိန်မှာတော့ အခြေအနေ တွေက ဆန့်ကျင်ဖက်ဖြစ်သွားပါတယ်။ အပြင်မထွက်ပဲ လူတွေကအိမ်ထဲပဲနေရတဲ့အခါ online ပဲဖိသုံးပါတော့တယ်။ ဒီတော့ အရာအားလုံးကို online ကနေပဲ ရအောင်လုပ်ရင်း စာသင်တာကပါ သမာရိုးကျ ဖြစ်ရပ်တစ်ခု ဖြစ်လာတော့တာပါပဲ။ ကျွန်တော် ရဲ့. Online Class တွေဟာလည်း အဲဒီ ကာလမှာ သင်တန်းသားပေါင်း ထောင်နဲ့ချီ ရရှိခဲ့တာပါပဲ။ ဆိုတော့ ကိုယ်လုပ်ငန်းစမယ့် အချိန်ဟာ စဖို့ သင့်တဲ့ အချိန်လား လုပ်ငန်းကိုအားပေးချိန်လား ဆွဲချချိန်လား ဆိုတာ ပါ မှန်းဆတတ်ရပါမယ်။
.
ဒါတွေကတော့ Start Up Business တွေ ကျဆုံးကြရတဲ့ အဓိကအကြောင်းအချက်တွေဖြစ်ပါတယ်။ လက်ရှိ မိမိလုပ်ငန်းနဲ့ ဘာတွေ တိုက်ဆိုင်နေတယ်ဆိုတာကို သုံးသပ်ပြီး ပြင်ဆင်ကာ လုပ်ငန်းကြီးများ အဖြစ်သို့ ပြောင်းလဲ တိုးတက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ဗျား။
.
.
လုံလောက်တဲ့အသိပညာဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
.
.
Kaung Hein Soe - Strategic
Business Consultant

Keep Reading

ရင်းနှီးမြုပ်နှံမှု လုပ်မယ်ဆိုရင်သင့်လုပ်ငန်းအောင်မြင်ဖို့ 'S' ၇လုံးကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၄ ) ဒုတိယအကြိမ် ရှယ်ယာထည့်ဝင်ခြင်း ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၃ ) ရှယ်ယာထည့်ဝင်ခြင်း ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း အေးဂျင့်တိုင်းအတွက် ကျရှုံးလေပြီးသော.. Start Up များအကြောင်း.. အပိုင်း (၂)သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခုစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဈေးကွက်ထဲကို စတင် ဝင်ရောက်တော့မယ်ဆိုရင် ဘာတွေသုံးသပ်ရမလဲ မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်