Mai Nyo (မိုင်ညို)

"မင်းလိုကောင်ကို ငါမွေးထားတာလို့ပြောရမှာ ရှက်လိုက်တာကွာ"
ထိုစကားကိုကြားလိုက်ရသည့်ခဏ၌ လင်းလက်တစ်ကိုယ်လုံး တုန်ယင်သွားသည်။ အဖေဖြစ်သူဆီက ဤစကားကိုကြားရလိမ့်မည်ဟု မထင်ထားခဲ့။ စောစောကအထိ တင်းခံထားသော မျက်ဝန်းအိမ်မှမျက်ရည်စက်များသည် တလိမ့်လိမ့်ကျဆင်းလာ၏။
"ရတယ်အဖေ။ ကျွန်တော်က အဖေ့အတွက် ရှက်စရာတစ်ခုလို့ အဖေမြင်ရင် အဖေ့အိမ်မှာ ကျွန်တော်မနေဘူး။ ပြီးတော့ ကျွန်တော်လဲတစ်ခုပြောလိုက်မယ်။ အခုလိုမျိုး ကိုယ့်သားသမီးကိုတောင် နားလည်မပေးနိုင်တဲ့ အဖေတစ်ယောက်ကျွန်တော့်မှာရှိနေတာကို ကျွန်တော်လဲရှက်တယ်"
စကားဆုံးသည်နှင့် အဖေ့မျက်နှာဘယ်လိုဖြစ်ပြီးကျန်ရစ်မလဲကိုပင် မကြည့်တော့ဘဲ အိမ်ပေါ်က ဆင်းလာခဲ့၏။ ရင်ထဲမှ ရှက်ရွံ့မှုနှင့်နာကျည်းမှုတို့ကြောင့် ဘဝမှာ တစ်ခါမှမပြောဖူးသောစကားတွေကို လင်းလက်ပြောခဲ့မိသည်။ ဒီအတွက်တော့ သူနောင်တမရပါ။ Gay တစ်ယောက်ဖြစ်တာကို လက်မခံနိုင်ရခြင်းအပေါ် နားလည်ပါ၏။ သို့ပေသည့် သားဖြစ်သူအပေါ်နားလည်ဖို့ ကြိုးစားမည့်အစား အရှက်ရစရာတစ်ခုလိုမြင်နေခြင်းကိုတော့ နှလုံးသားက နာကျည်းမိသည်။ အမေဖြစ်သူ တိမ်းပါးသွားပြီးကတည်းက ယခုအရွယ်အထိ အဖေကပင် ပြုစုစောင့်ရှောက်ခဲ့သည်မို့ ထိုစကားက သူ့ကို ပိုနာကျင်စေ၏။
လောလောဆယ်တော့ လင်းလက် သူငယ်ချင်းတစ်ယောက်၏အဆောင်တွင် လိုက်နေသည်။ အဆောင်ခကိုမူ သူငယ်ချင်းဖြစ်သူကစိုက်ထားပေးသောကြောင့် အလုပ်တစ်ခုတော့ ရှာရမည်။ တစ်ဖက်မှာလည်း ကျောင်းစာကို မလစ်ဟင်းအောင်လုပ်ရမည်။ တက္ကသိုလ်ဒုတိယနှစ်ပဲရှိသေးသည်မို့ ကျောင်းတစ်ဖက်နှင့်အလုပ်လုပ်ရမည်မှာ လွယ်တော့မလွယ်လှ။ သို့သော် ဘဝကဖန်လာပြီမို့ ရင်ဆိုင်ရပေဦးမည်။
ကံကောင်းသည်ဟုဆိုရမလား...သိပ်မကြာလိုက်ခင်မှာပင် သူငယ်ချင်းတစ်ယောက်၏ အသိကော်ဖီဆိုင်၌ အချိန်ပိုင်းအလုပ်လေးရခဲ့သည်။ အချိန်ပိုင်းဆိုသော်ငြားလည်း သူဌေးမှာ နိုင်ငံခြားပြန်မို့ ကျောင်းသားတွေကိုနားလည်သည့်အတွက် နာရီကြေးကို ထိုက်ထိုက်တန်တန်ပေးသည်။ ထို့အတွက်ကြောင့်လည်း အဖေ့အိမ်မှာနေတုန်းကလောက် ချောင်ချောင်လည်လည်မဟုတ်သည့်တိုင် အဆောင်လခကို အချိန်မှန်မှန်ပေးနိုင်သည်။
ယနေ့တွင်တော့ လင်းလက် စိတ်ရွှင်နေသည်။ ရွှင်နေသည့်စိတ်နှင့်အတူ အဆောင်သို့ပြန်သည့်ခြေလှမ်းများလည်း သွက်နေသည်။ ကျောင်း၌ Presentation လုပ်ရာတွင် လင်းလက်ဦးဆောင်သည့်အဖွဲ့က ပထမရခဲ့သည်။ ဒါ့အပြင် သူဌေးကလည်း အလုပ်လုပ်တာသဘောကျသည်ဟု ဆိုကာ ဘောနပ်စ်ပေးလိုက်သေးသည်။ အိမ်မှထွက်လာပြီးနောက် ပျော်ရွှင်မှုကို အသေအချာခံစားမိသည်မှာ ဤတစ်ကြိမ်ကပထမဆုံးဖြစ်၏။
မှောင်ရီပျိုးပြီမို့ ခပ်သွက်သွက်လျှောက်လာသည်။ အဆောင်ရှိရာ လမ်းကြားထဲသို့ ချိုးဝင်လိုက်သည်နှင့် ခြေလှမ်းများတန့်သွားသည်။ လမ်းထိပ်က သရက်ပင်အောက်တွင် ကျောင်းမှာနာမည်ကြီးသည့် ရဲဝင့်တို့အဖွဲ့ရှိနေသည်။ သူတို့နာမည်ကြီးသည်မှာလည်း ကောင်းသောနာမည်ကြီးခြင်းမျိုးတော့မဟုတ်။ အားနည်းသူတွေကို အုပ်စုဖွဲ့အနိုင်ကျင့်တတ်သည်ဟု နာမည်ကြီးခြင်းဖြစ်သည်။ မိမိနှင့်ရန်ငြှိုးရန်စမရှိသည်မို့ လင်းလက်လည်း မသိကျိုးကျွန်ပြုကာ ဆက်လျှောက်လာသည်။
"ဟေ့ကောင်...နေအုံး"
ကိုယ်ကပြဿနာကိုသွားမရှာသော်လည်း ပြဿနာကတော့ ကိုယ့်ကိုလာရှာလေပြီ။
"ဟေ့ကောင်...မင်းကို နေအုံးလို့ပြောနေတယ်လေ"
လင်းလက် ခြေလှမ်းများကိုရပ်လိုက်ပြီး ရဲဝင့်တို့ရှိရာကို လှည့်ကြည့်လိုက်သည်။ ရဲဝင့်နှင့်အတူ သူ၏ မိုက်ဖော်မိုက်ဖက် ဆိုးဖော်ဆိုးဖက် နိုင်ထူး၊ သိန်းတင်နှင့် မင်းဘို တို့ပါလေသည်။
"ဘာလဲ"
"ဟ...ငါ့ကောင်တွေ။ ဒီကောင်က အလာကြီးပါလားဟ။ ငါ့ကို ဒီလိုလေသံနဲ့ ပြန်မေးရဲတယ်"
"မမေးရဲရအောင် မင်းက ဘာကောင်မို့လို့လဲ"
လင်းလက်နည်းနည်းတင်းသွားသည်မို့ ခပ်မာမာလေးတုံ့ပြန်လိုက်သည်။
"နေစမ်းပါအုံး။ အခုမှသတိရတယ်။ မင်းက အခြောက်မလား။ ယောကျ်ားချင်းကြိုက်တဲ့ကောင်ဆို"
လင်းလက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အံကြိတ်လိုက်မိသည်။ ယောက်ျားချင်းချစ်ကြိုက်ခြင်းက ဤမျှပင် မှားယွင်းနေသည်လား။ လူသားအချင်းချင်း အချစ်စိတ်ဖြစ်ပေါ်မိသည်က မည်သူ့ကိုထိခိုက်စေသနည်း။
"ပြီးတော့ မင်းနာမည်က ဘယ်သူပါလိမ့်။ ဪ...သိပြီ။ လင်းလက်လွန်းလွင်။ နာမည်ကြီးကလဲကွာ။ ခေါ်ရတာရှုပ်လိုက်တာ။ လတွေအပြွတ်လိုက်ပါနေတာပဲ။ လပြွတ်ဆိုပြီးရောပေါ့။ ဟား...ဟား...ဟား..."
နာကျည်းစိတ်ကြောင့်ရော ဒေါသကြောင့်ပါ မျက်ရည်တို့ကျလာသည်။
"ဟာ...ငါ့ကောင်တို့ရေ။ ဟိုမှာကြည့်စမ်း။ လပြွတ်ခြောက်လေးငိုနေပြီ။ ဟား...ဟား...ဟား..."
လင်းလက်၏ သည်းခံနိုင်စွမ်း ကုန်လေပြီ။ မျက်လုံးများပင် ဝေဝါးကုန်ပြီး ရဲဝင့်ကို ပြေးထိုးသည်။ ရဲဝင့်ကတော့ ရန်ဖြစ်တာကို အသားကျနေပြီမို့ သူ့ထိုးချက်ကို အလွယ်တကူရှောင်လိုက်နိုင်၏။ လင်းလက်ကတော့ မြင်မြင်ရာလိုက်ထိုးတော့သည်။ ရဲဝင့်နှင့်သူ့အပေါင်းအပါများကလည်း ပြန်ထိုးသည်။ အများနှင့်တစ်ယောက်မို့ ခဏအတွင်းမှာပင် လင်းလက်လဲကျသွား၏။ ရဲဝင့်က လဲကျသွားသော လင်းလက်ကို ထိုးမည်အပြုတွင် မျက်နှာကို ဘေ့စ်ဘောတုတ်တံနှင့် အရိုက်ခံလိုက်ရသည်။
လင်းလက်မော့ကြည့်မိတော့ ရှပ်အဖြူလက်ရှည်ကို လက်ခေါက်တင်ထားပြီး ဘောင်းဘီအပြင်ထုတ်ဝတ်ထားသည့် ကောင်လေးတစ်ယောက်က လက်ထဲကဘေ့စ်ဘောတုတ်တံနှင့် ရဲဝင့်တို့အဖွဲ့အား ရိုက်နေသည်ကို တွေ့လိုက်ရသည်။ မျက်နှာကိုတော့ အထိုးခံထားရသည့်အရှိန်ကြောင့် သဲသဲကွဲကွဲမမြင်ရပေ။ ထိုကောင်လေးက ကိုယ်ခံပညာကိုတော့ ကောင်းကောင်းတတ်မြောက်ထားပုံရသည်။ အများနှင့်တစ်ယောက်ဆိုသည့်တိုင် ရဲဝင့်တို့မှာ အရေးမသာလှ၍ ထွက်ပြေးကြရလေ၏။ လင်းလက်ကတော့ အထိုးခံထားရသည့်အရှိန်ကြောင့် မထနိုင်သေး။
ခဏကြာတော့ စောစောက ရှပ်အဖြူနှင့်ကောင်လေးပြန်ရောက်လာပြီး သူ့ကိုလာထူသည်။ သည်တော့မှ လင်းလက်ထနိုင်သည်။ သည်တော့မှပဲ ထိုကောင်လေး၏မျက်နှာကို သေချာမြင်ရသည်။ ရုပ်ရည်ကချောလှသည်ဟု မဆိုသာသော်လည်း ဆွဲဆောင်မှုရှိသည့်မျက်နှာပေါက်မျိုးဖြစ်သည်။ အထူးသဖြင့် ထိုကောင်လေး၏ မျက်ခုံးမွေးများမှာ ထင်ထင်ရှားရှားရှိလှ၏။
"မနိုင်မှန်းသိတာတောင် ဝင်ချတယ်။ တော်တော်မိုက်တာပဲ မင်း"
သူက လင်းလက်ကို အနားက ပလက်ဖောင်းဆီသို့ တွဲခေါ်ရင်း အပြစ်တင်ဟန်ဆိုသည်။
"ကျေးဇူးတင်ပါတယ်"
"မလိုပါဘူး။ ငါဝင်မရိုက်ရင် သေတော့မယ်ထင်လို့။ ရော့...ရေသောက်လိုက်အုံး"
စကားပြောမချိုလှသော်လည်း ကြင်နာတတ်သည်။ လင်းလက် သူ့ပေးသည့်ရေကိုသောက်ပြီး အနည်းငယ် အဆင်ပြေသွားသည်။
"မင်းကြည့်ရတာ ကျောင်းသားလိုပဲ။ ကိုယ်ခံပညာလဲ တတ်တယ်နော်"
"အင်း။ ဒါနဲ့ မင်း ဟုတ်လား။ ငါ့ကို အသက်ဘယ်လောက်ထင်လို့လဲ"
"မသိဘူးလေ။ ငါ့ထက်တော့ငယ်မယ်ထင်တာပဲ"
"ဟင်း...ငါ့အသက်က ၂၄ ရှိပြီ။ လူတွေကို အမြင်နဲ့မဆုံးဖြတ်နဲ့ချာတိတ်။ ကဲ...မင်းလဲပြန်တော့။ ကိုယ်လဲ သွားတော့မယ်"
"နေပါအုံး။ နာမည်လေးတော့ ပြောခဲ့ပေါ့"
"မာန် လို့သိထားရင်ရပြီ။ အဲလိုပဲခေါ်။ ကြီးတယ်ဆိုပြီး ကိုမာန်တွေဘာတွေမလုပ်နဲ့။ ကြားရတာ ကန့်လန့်ကန့်လန့်ကြီး။ ခေါ်ချင်သပဆို အစ်ကို လို့ခေါ်လဲစိတ်မဆိုးဘူး။ သွားပြီ"
ပြောပြောဆိုဆို သူက ဘေ့စ်ဘောတုတ်ကို လွယ်အိတ်ထဲထည့်ပြီး ထွက်သွားသည်။ လင်းလက်လည်း လမ်းလျှောက်နိုင်ပြီမို့ အဆောင်ကိုပြန်ခဲ့သည်။ အဆောင်ရောက်တော့ ဒဏ်ရာတွေနှင့် လင်းလက်ကို အခန်းဖော်ကမေးသည်။ လင်းလက်လည်း အရှက်ကွဲစော်ကားခံခဲ့ရတာကို ပြန်မပြောချင်သည်ကြောင့် ရန်ဖြစ်ခဲ့ကြောင်းသာပြောပြီး ဒဏ်ရာတွေကို ဆေးထည့်ဖို့ ရေချိုးသန့်ရှင်းလေသည်။
ရေချိုးပြီး ပြန်ထွက်လာတော့ အခန်းဖော်ကဆီးပြီးပြော၏။
"ဟိုမှာ မင်းအတွက်ဆိုပြီး လူတစ်ယောက်လာပေးသွားတယ်။ ဘာလဲတော့မသိဘူး။ မင်းခုတင်ပေါ် ငါတင်ထားတယ်"
လင်းလက်ကြည့်လိုက်တော့ ဆေးတွေနှင့် ရေခဲတစ်ထုပ်ဖြစ်နေသည်။ စာလေးတစ်စောင်လည်းပါသည်။
"ရေခဲအုံပြီး ဆေးလိမ်း။ ဆေးလဲသောက်"
စာကတိုသည်။ ဤမျှသာပါ၏။ သို့သော် စိတ်ရင်းကိုမြင်နေရသည်။ ဘယ်သူဘယ်ဝါလို့မရေးထားသော်ငြား လင်းလက်သိလိုက်ပါသည်။
နောက်နေ့ လင်းလက်ကျောင်းသွားတော့ အနောက်မှ ခြေသံလိုလိုကြားသည်။ အများသူငါသွားလာနေသည့်လမ်းပေါ်မှာ ခြေသံကြားရသည်က မထူးဆန်းသော်လည်း နောက်ယောင်ခံလိုက်နေသလိုဖြစ်နေသည်ကတော့ထူးဆန်းသည်။ အနောက်ကိုလှည့်ကြည့်လိုက်တော့ မနေ့ကကောင်လေး။ မဟုတ်သေး။ ကောင်လေးဆိုသည်ထက် အစ်ကိုကြီးဆို ပိုမှန်မည်။
"အစ်ကို ကျွန်တော့်နောက်လိုက်လာတာလား"
"ကျွန်တော် လို့တောင်ဖြစ်သွားပြီပဲ...ဟား...။ မင်းနောက်မလိုက်ပါဘူး။ ကိုယ့်လမ်းကိုယ်သွားနေတာ လမ်းချင်းတူတာလို့ပဲတွေး။ သိပ်မတွေးနဲ့။ ဆံပင်ဖြူမယ်"
မာန်က လင်းလက်ကို လွယ်လွယ်ပြောပြီး ကျော်တက်သွာ
Unlock to read this premium article with 10 points.