Aung Khant Maw
ကလေးမလေး လုပ်လိုက်မိတဲ့ ပထမဆုံးအမှားကတော့ သူမရဲ့ စာအုပ်တွေကနေ စာရွက်တွေ ဆွဲဖြဲပစ်တာပဲ။ ဒီတော့ ကျွန်တော်တို့လည်း စာရွက်တစ်ရွက် ဆုတ်ဖြဲရင် အခန်းထဲ လေးနာရီကြာအောင် ပိတ်ထားပြီး တစ်ယောက်ထဲထားမယ်ဆိုတဲ့ စည်းမျဉ်းကို သတ်မှတ်လိုက်ကြတယ်။ အစပိုင်းရက်တွေမှာတော့ သူမက တစ်ရက်ကို စာရွက်တစ်ရွက် ဆုတ်ဖြဲတယ်၊ ပြီး စည်းမျဉ်းကလည်း အတော်အသင့်အလုပ်ဖြစ်ပါသေးတယ်။ ပိတ်ထားတဲ့ တံခါးနောက်က အော်ဟစ်ငိုရှိုက်သံက အသည်းထိတ်စရာ ဖြစ်တာကလွဲရင်ပေါ့။ ဒါက သမီးပြန်ပေးဆပ်ရမယ့် တန်ဖိုးပဲ၊ ဒါမှမဟုတ် သမီးလိုချင်တာအတွက် ပြန်ပေးရမယ့် တန်ကြေး တစ်စိတ်တစ်ပိုင်းပဲ လို့ ကျွန်တော်တို့လည်း အကြောင်းပြထားရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့လက် ဆုပ်အားကောင်းလာတာနဲ့အမျှ သူက တစ်ခေါက်ကို စာရွက်နှစ်ရွက်ဆုပ်ဖြဲတတ်လာတယ်၊ သူ့ကို အခန်းထဲ ရှစ်နာရီကြာအောင် တစ်ယောက်ထဲ ပိတ်ထားရတော့မယ်လို့ ဆိုလိုတာပေါ့ ၊ လူအားလုံးအတွက် နှစ်ဆ နားညီးတော့မှာ။ ဒါပေမဲ့လည်း သူ့အကျင့်က မပျောက်သွားဘူး။ အဲ့ဒီနောက် အချိန်နဲ့အမျှ သူမ စာရွက် သုံးလေးရွက်အထိ ဆုတ်ဖြဲတဲ့ရက်တွေ ရှိလာတယ်၊ ဆိုလိုတာက သူမကို တစ်ယောက်ထဲ ဆယ့်ခြောက်နာရီလောက်ဆက်တိုက် အခန်းထဲ ပိတ်ထားရတော့မှာ။ ပုံမှန် အစာစားတာ ထိခိုက်ပြီး ကျွန်တော့်အမျိုးသမီးလည်း စိတ်ပူပန်ရတာပေါ့။ သို့ပေမဲ့ အကယ်၍ ခင်ဗျားဟာ စည်းမျဉ်းတစ်ခုကို သတ်မှတ်ပြီးရင် မဖောက်ဖျက်သင့်ဘူး၊ ခိုင်မြဲနေသင့်တယ်လို့ ကျွန်တော်ခံယူထားတယ် ၊ ဒီလိုမှ မဟုတ်ရင် သူတို့လေးတတွေ အတွေးမှားတွေ ဝင်လာကြလိမ့်မှာပေါ့။ သူမက အဲ့ဒီတုန်းက ဆယ့်လေးလ၊ ဆယ့်ငါးလ လောက်ပဲ ရှိသေး။ ဒါပေါ့၊ သူမက တစ်နာရီလောက် အော်ဟစ်ငိုယိုပြီးရင် အိပ်ပျော်သွားတတ်တယ် ၊ ဒါက သက်ညှာမှုတစ်ခုပေါ့လေ။ သူမ အခန်းကလည်း သိပ်ကိုကောင်းပါတယ်၊ လှုပ်လို့ရတဲ့ သစ်သားမြင်းစီးရုပ် ရယ်၊ အမွှေးပွတိရစ္ဆာန်ရုပ်လေးတွေရယ် ၊အရုပ်မလေးတွေ ရာချီလောက် ရှိတာ။ အကယ်၍သာ အချိန်ကို ကောင်းကောင်း အသုံးချတတ်မယ်ဆိုရင် လုပ်စရာတွေ၊ ပဟေဠိတွေ၊ ဆော့စရာပစ္စည်းတွေ မှ အပုံလိုက်ကြီး။ ကံဆိုးချင်တော့ တစ်ခါတစ်လေ ကျွန်တော်တို့ တံခါးဖွင့်ကြည့်လိုက်ရင် ကလေးမက အထဲမှာရှိနေတုန်းက နောက်ထပ် စာအုပ်တွေကနေ စာရွက်တွေ ထပ်ဖြဲထားတာကို တွေ့လိုက်ရတယ်၊ ဒီတော့ မျှတအောင် ဒီစာမျက်နှာတွေအတွက်ပါ ထည့်ပေါင်းရပြန်တာပေါ့။
ကလေးမလေးရဲ့ နာမည်က မွေးထဲကမြူးကြွ လေ။ ကျွန်တော်တို့ ကလေးကို ဝိုင်အနီ၊ အဖြူ၊ အပြာ တချို့ကိုတိုက်ပြီး အသေအချာ စကားပြောကြည့်သေးတယ်။ ဒါပေမဲ့ ဘာမှထူးပြီး ကောင်းမလာဘူး။
သူမက အတော်လေး ဉာဏ်ကောင်းကြောင်းကိုတော့ ကျွန်တော်လက်ခံပါတယ်။ သူအခန်းအပြင်ဘက်မှာ ရှိနေတဲ့ ရှားရှားပါးပါးအချိန်တွေမှာ ကြမ်းပြင်ပေါ် ကစားနေတုန်း ခင်ဗျားကို လာကြည့်စေချင်တယ်။ ပြီး သူမဘေးမှာ စာအုပ်တစ်အုပ် ပွင့်လျက်သားရှိနေပြီး စစ်ဆေးကြည့်ရင်တော့ ပုံမှန်အတိုင်းပဲလို့ ထင်မိမှာပဲ။ အဲ့ဒီနောက် သေချာအနီးကပ်ကြည့်မှသာ စာရွက်ထောင့်မှာ နည်းနည်းလေး စုတ်ပြဲနေတဲ့ စာရွက်တစ်ရွက် ကိုတွေ့ရလိမ့်မယ်။ ပုံမှန် သမရိုးကျ မတော်တဆပြဲတာမျိုးမဟုတ်တာဆို ကိစ္စမရှိပေမယ့် ကျွန်တော်ကတော့ သူမလက်ချက်မှန်း သိခဲ့တယ်လေ၊ သူမက စာရွက်ထောင့်လေးတွေကို ဆုတ်ဖြဲပြီး ဝါးစားနေတာ။ ဒီတော့ အဲ့ဒီအတွက်ပါ ထည့်ရေတွက်လိုက်ရတယ်။ ဒီအမူအကျင့်တွေကလည်း ဒုက္ခပေးလာနိုင်တယ်လေ။ ကျွန်တော့်အမျိုးသမီးကတော့ ကျွန်တော်တို့တတွေ သိပ်ကို တင်းကျပ်မိနေပြီး ကလေးလည်း ကိုယ်အလေးချိန်ကျလာပြီလို့ ပြောလေရဲ့။ ဒါပေမဲ့ ကျွန်တော်ကလည်း ကလေးမလေးဟာ အချိန်အကြာကြီး အသက်ရှင် နေထိုင်ရဦးမှာဖြစ်ကြောင်း၊ လူအများတကာ နဲ့ ယှဉ်တွဲနေထိုင်ရမှာ ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းတွေ သိပ်ကိုများတဲ့ ကမ္ဘာကြီးမှာ နေထိုင်ရမှာဖြစ်ကြောင်း ထောက်ပြလိုက်တယ်။ ပြီး သင်သာ အဲ့ဒီစည်းမျဉ်းစည်းကမ်းတွေအောက် ဘယ်လိုလှုပ်ရှားရမယ်ဆိုတာ မသိရင် အားလုံးက သွေးအေးအေးနဲ့ ရှောင်ဖယ်၊ဝိုင်းပယ်ထားဖို့ ဝန်လေးတာ မဟုတ်ဘူး။ ကျွန်တော်တို့ သူမကို သူ့အခန်းထဲ အကြာဆုံး ပိတ်ထားဖူးတာကတော့ ရှစ်ဆယ့်ရှစ်နာရီ ဆက်တိုက်ပေါ့။ ကျွန်တော့်အမျိုးသမီးက တံခါးပတ္တာကို သံတူရွင်းနဲ့ ရိုက်ဖျက်မှသာ ပြီးသွားတာ၊ ဒါတောင်မှ ကလေးမလေးမှာ ဆယ့်နှစ်နာရီစာ အကြွေးကျန်သေး၊ ဘာကြောင့်ဆို သူက စာရွက် နှစ်ဆယ့်ငါးရွက်တောင် ဆုတ်ဖြဲထားတာကိုး။ ကျွန်တော်က တံခါးပတ္တာကို ပြန်ပြင်တပ်ပြီး သော့ခပ်ကြီးကြီး တပ်ထားလိုက်တယ်၊ သံလိုက်ကဒ်လေး ထည့်ဖွင့်မှ ပွင့်မယ့်သော့မျိုးပေါ့၊ ပြီး ကဒ်ကို ကျွန်တော်ကပဲ သိမ်းထားလိုက်တယ်။
ဒါပေမဲ့ ဘာကမှ တိုးတက်ပြောင်းလဲ မလာဘူး။ ကလေးမလေးက အခန်းထဲကထွက်ရင် ငရဲပြည်က လင်းနို့တွေလိုပဲ၊ ပြီးတာနဲ့ အမြန်ပဲ အနီးဆုံးမှာ ရှိတဲ့ စာအုပ်တစ်အုပ်၊ ‘ လမင်းရေ ကောင်းသောညပါ’ ဆိုတဲ့စာအုပ်ဖြစ်ဖြစ်၊ တခြားဘယ်စာအုပ်ဖြစ်ဖြစ် ဆွဲယူပြီး စတင် ဆုတ်ဖြဲတော့တာပါပဲ။ ဆယ်စက္ကန့်အတွင်းမှာပဲ ‘လမင်းရေ ကောင်းသောညပါ’ ဆိုတဲ့စာအုပ်ရဲ့ စာမျက်နှာ သုံးဆယ့်လေးရွက်က ကြမ်းပြင်ပေါ် ရောက်နေပြီ။ စာအုပ်အဖုံး အပါအဝင်ပေါ့။ ကျွန်တော် စပြီး စိုးရိမ်စိတ် ဝင်လာတယ်။ သူမရဲ့ အကြွေး နာရီတွေ အားလုံးပေါင်းလိုက်ရင် သူမက ၁၉၉၂ ခုနှစ်ထိ အခန်းထဲက ထွက်ရလိမ့်မှာ မဟုတ်ဘူး။ ပြီး သူ့ကြည့်ရတာလည်း လူမမာရုပ်ပေါက်လာတယ်။ သူ ဘယ်ကိုမှ မသွားရတာဖြင့် ရက်သတ္တပတ်များစွာ ရှိပြီလေ။ ကျွန်တော်တို့မှာ လူ့ကျင့်ဝတ်နဲ့ မကိုက်ညီတာတွေ အနည်းနဲ့အများ ရှိလာသလိုပဲ။
ကျွန်တော် ဒီပြဿနာကို စာအုပ်က စာရွက်တွေကို ဆုတ်ဖြဲပစ်တာဟာ ဘာပြဿနာမှ မရှိပါဘူးလို့ ကြေညာလိုက်ပြီး ဖြေရှင်းလိုက်တယ်၊ အတိတ်တုန်းက ဆုတ်ဖြဲခဲ့တဲ့ စာရွက်တွေအတွက်လည်း အားလုံးက ပြဿနာမရှိဘူးလို့ သတ်မှတ်လိုက်ရတာပေါ့။ မိဘတစ်ယောက်အနေနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ အရာပါပဲ။ သင့်မှာ အပြောင်းအလဲတွေ များစွာရှိပြီး တစ်ခုချင်းဆီတိုင်းက ရွှေလို အဖိုးတန်တယ်လေ။ ကျွန်တော်နဲ့ ကလေးမလေးက ကြမ်းပြင်ပေါ်မှာ ပျော်ပျော်ကြီး ဘေးချင်းယှဉ်ထိုင်ရင်း စာအုပ်တွေထဲက စာရွက်တွေကို ဆုတ်ဖြဲကြရတာပေါ့၊ ပြီး တစ်ခါတစ်ရံ အပျော်သဘောနဲ့ လမ်းမပေါ် ထွက်ပြီး ကားလေကာမှန်တွေကို အတူတကွ ရိုက်ခွဲကြတာပေါ့။
[ Donald Barthelme’s The Baby ကို မြန်မာပြန်ပါတယ်။ ]
Keep Reading