Kaung Hein Soe - Strategic
“သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား” ဆိုတဲ့ အကြောင်းလေးကို မျှဝေလာတာ အခုဆိုရင် အပိုင်း(၆) ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
ကျွန်တော်တို့လုပ်ငန်းက ရှေ့ကတွက်ခဲ့တဲ့အနေအထားတွေအရ အခုဆိုရင် Net Profit ထွက်လာပြီဖြစ်ပါ တယ်။ ရှေ့ကအပိုင်းတွေမှာတုန်းက Business တစ်ခုလုပ်တော့မယ်၊ ရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်တော့မယ်ဆိုရင် ဘာနဲ့ ကိုက်ညှိကြည့်ရမယ်လို့ ပြောခဲ့သလဲဆိုတော့ ဘဏ်တိုးနဲ့ ညှိရမယ်လို့ပြောခဲ့ပါတယ်။ “ဘဏ်တိုးနဲ့ညှိ အဖြေသိ Risk လည်းကြည့်ရမည်” ဆိုတဲ့စကားလေးကို မှတ်သားထားဖို့လိုပါတယ်။
ဘာကြောင့်ဘဏ်တိုးနဲ့ညှိရသလဲဆိုတော့ ကျွန်တော်တို့က သိန်း ၁၀၀ နဲ့ စီးပွားရေးတစ်ခုလုပ်မယ်။ တစ်လတစ်လ ရလာတဲ့အမြတ်က ဘဏ်တိုးလောက်မှမရှိဘူးဆိုရင် ဘာကြောင့် အပင်ပန်းခံပြီးတော့ Business ကိုလုပ်နေဦးမှာပါလဲ။ ဒါသည် ငွေရေးကြေးရေးအမြင်တစ်ခုတည်းအရ ကြည့်တာဖြစ်ပါတယ်။ ဘဏ်ထဲထည့်ထား လိုက်ရင် ဘဏ်အတိုးနှုန်းကို အလွယ်တကူရနိုင်ပါတယ်။ ကိုယ်က ပင်ပင်ပန်းပန်းတစ်လလုံး လုပ်ရတဲ့အတွက် ရတဲ့ Net Profit သည် ဘဏ်တိုးထက်တော့များသင့်ပါတယ်။ ဒါသည် ကျွန်တော်တို့သိရမယ့် Concept တစ်ခုဖြစ် ပါတယ်။
ဒါဆိုရင် ရှေ့အပိုင်းတွေမှာပြောခဲ့သလို Depreciation တွေလည်း နုတ်ပြီးပြီ၊ Tax တွေလည်းဆောင်ပြီး ပြီ၊ Interest တွေလည်း ပေးပြီးပြီဆိုတော့ ကျန်တဲ့ပမာဏ အသားတင်အမြတ်သည် လုပ်ငန်းက တကယ်မြတ်ပြီ လားဆိုတော့ မမြတ်သေးပါဘူး။ နောက်ထပ် ချိန်ထိုးကြည့်စရာတစ်ခုရှိပါသေးတယ်။ ဒါသည်ဘာလဲဆိုတော့ ၁၉၇၀ တုန်းက ကော်ဖီတစ်ခွက်သည် ဘယ်လောက်ကျလဲဆိုတော့ ၂၅ ဆင့် ပဲကျပါတယ်။ ၁၉၈၀ ရောက်တော့ နှစ်ဆလောက်တက်လာပြီး ၄၅ ဆင့် ဖြစ်လာပါတယ်။ အဲ့လိုနဲ့ ဈေးတက်လာလိုက်တာ ၂၀၁၉ မှာ တစ်ဒေါ်လာခွဲ လောက် ဖြစ်သွားတာတွေ့ရပါတယ်။ ဘယ်နှဆတက်လာလဲဆိုတော့ ၅ဆ ၆ဆ လောက်နီးပါး ဈေးနှုန်းက ကွာခြားသွားတာကိုတွေ့ရပါတယ်။ ဒါသည် အမေရိကန်နိုင်ငံမှာဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လည်း တစ်ချက်စဉ်းစားကြည့်ရပါမယ်။ ကျွန်တော်ငယ်ငယ်တုန်းက မုန့်ဟင်းခါးစားရင် တစ်ကျပ်လောက်ပဲပေးရပါတယ်။ နှစ်ကျပ်ဆိုရင် ဗိုက်ဝနေအောင်စားလို့ရတဲ့ ပွဲကြီးတစ်ပွဲ စားလို့ရပါတယ်။ အခုဆိုရင် တစ်ပွဲကို တစ်ထောင်ကျော်နေပြီပဲဖြစ်ပါတယ်။ ကုန်ဈေးနှုန်းက အဆ ထောင်နဲ့ချီပြီး ကွာခြားသွားတာကို သွားတွေ့ရပါတယ်။ ကုန်ဈေးနှုန်းက ဘာကြောင့်ကွာခြားသလဲဆိုတော့ ငွေကြေးဖောင်းပွမှုဆို တဲ့ “Inflation” ကြောင့်ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုက ကော်ဖီတစ်ခွက်ရဲ့ ဈေးတွေကို အချိန်တစ်ခုကြာတဲ့ အချိန်မှာ ပိုပြီးတော့ များသွားစေပါတယ်။
“Inflation(ငွေကြေးဖောင်းပွမှု)” ဆိုတာ တစ်နည်းအားဖြင့် ငွေကြေးတွေရဲ့ ဝယ်ယူနိုင်တဲ့စွမ်းရည် “Buying Power” ကိုလျော့ကျသွားစေပါတယ်။ ဥပမာ ဒီနှစ်မှာ ပစ္စည်းတစ်ခုကို ၁၀၀ နဲ့ဝယ်နိုင်မယ်ဆိုရင် ငွေကြေးဖောင်းပွမှုသာ ၁၀ ရာခိုင်နှုန်းရှိနေမယ်ဆိုရင် နောက်တစ်နှစ်ပြည့်တဲ့အချိန်မှာ ဒီပစ္စည်းကို ၁၁၀ နဲ့ဝယ်မှ ရမယ်ဆိုတဲ့ အနေအထားမျိုးဖြစ်နေတာ တွေ့ရပါတယ်။ Inflation ဖြစ်ရတဲ့ အကြောင်းအရင်းက အများကြီးရှိပါ တယ်။ ပို့ကုန် သွင်းကုန်မညီမျှတာ၊ နိုင်ငံခြားငွေကြေးတွေ မာလာတာ၊ အစိုးရရဲ့ ငွေကြေးပေါ်လစီတွေ၊ ဗဟိုဘဏ် ကချမှတ်ထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ဘဏ်အတိုးနှုန်းတွေ၊ ချေးငွေအတိုးနှုန်းတွေ၊ ငွေစက္ကူရိုက်နှိပ်ထုတ်တဲ့ နှုန်း ထားတွေ၊ ဒေသတွင်းရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ၊ အလုပ်လက်မဲ့နှုန်းတွေ၊ နိုင်ငံအတွင်းငွေကြေးစီးဆင်းမှု တွေ၊ GDP ပမာဏတွေ ဒါတွေအားလုံးသည် ပေါင်းစုံပြီးတော့ ငွေကြေးဖောင်းပွမှုကို ဖြစ်စေနေလေ့ရှိပါတယ်။
ငွေကြေးဖောင်းပွမှုကို ရှောင်လွှဲလို့ရလားဆိုတော့ ရှောင်လွှဲလို့ မရဘူးလို့ဘဲ ပြောရပါလိမ့်မယ်။ ဘာ ကြောင့်လဲဆိုတော့ အမေရိကန်မှာ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းလောက်ရှိတယ်။ ဂျပန်မှာဆို ‘၀(သုည)’ ရာခိုင်နှုန်းလောက် ရှိတယ် ဒီလိုအနေအထားမျိုးကြုံရလေ့ရှိပါတယ်။ Inflation မဖြစ်ရင် သူ့ရဲ့ပြောင်းပြန် Deflation ဖြစ်နိုင်ပါတယ်။ Deflation ဆိုတာ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေက ကျုံ့ကျုံ့သွားတာပဲဖြစ်ပါတယ်။ ဥပမာ ကျွန်တော်က သိန်း ၁၀၀ နဲ့ တိုက်ခန်းတစ်ခန်းဝယ်လိုက်မယ်။ ငွေကြေးက ၁၀ရာခိုင်နှုန်း ကျုံ့နေတော့ တိုက်ခန်းက နောက်နှစ်မှာ သိန်း ၉၀ ပဲတန်တော့တာဖြစ်ပါတယ်။ ၁၀ သိန်းက အလိုလိုနေရင်းပျောက်သွားနိုင်ပါတယ်။ ဒီလိုဆို ပိုဆိုးတယ် လို့ယူဆနိုင်တဲ့အတွက် နိုင်ငံတော်တော်များများသည် Inflation Rate ကို ငြိမ်အောင် Percent တစ်ခု အနေ အထားမှာပဲ ထိန်းထားကြလေ့ရှိကြပါတယ်။ ဒါကတော့ ယေဘုယျသဘော ပြောပြခြင်းဖြစ်ပါတယ်။
ဆိုလိုတာကတော့ “Inflation Rate(ငွေကြေးဖောင်းပွမှု)” သည် ရှိနေပါတယ်။ အဲ့တော့ ကျွန်တော်တို့ လုပ်ငန်းက အမြတ်သည် ဘာထပ်ပိုများရမလဲဆိုတော့ Inflation နှုန်းထက် ပိုပြီးတော့များဖို့လိုပါတယ်။
Inflation Rate တွေသည် တိုင်းဒေသကြီး၊ ပြည်နယ်ဒေသတွေအရ ဘယ်လောက်ရှိသလဲဆိုတာကို တွက်ချက်ပေးထားပါတယ်။ ရန်ကုန်ဆို ၆ ရာခိုင်နှုန်းလောက်ရှိပါတယ်။ မန္တလေးမှာဆို ၉.၉၆ ရာခိုင်နှုန်းဆိုတော့ ၁၀ ရာခိုင်နှုန်းနီးနီး ဖြစ်နေတဲ့အတွက် အားလုံးကိုခြုံပြီးကြည့်လိုက်မယ်ဆိုရင် Inflation Rate သည် ၁၀ ရာခိုင်နှုန်း လောက်ဖြစ်နေတာကို သွားပြီးတွေ့ရပါတယ်။ ဒါတွေသည် ဇူလိုင် ၂၀၁၉ ခုနှစ်က Data အရ “Myanmar Central Statistical Organization” ကနေ မြန်မာပြည်ရဲ့ ဒေသအလိုက်ထုတ်ပြန်ထားတဲ့ Inflation Rate တွေကို Source ယူထားတာပဲဖြစ်ပါတယ်။
၁၀ ရာခိုင်နှုန်းရဲ့ အနေအထားက ဘာလဲဆိုတော့ ကျွန်တော်က ဒီနှစ်မှာ သိန်း ၁၀၀ ရှိတယ်ဆိုရင် ဒီ သိန်း ၁၀၀ ရဲ့ ဝယ်နိုင်တဲ့စွမ်းရည် “Buying Power” သည် တစ်နှစ်လောက်ကြာသွားတဲ့အချိန်မှာ ဝယ်နိုင်တဲ့စွမ်းရည် ၁၀ ရာခိုင်နှုန်းလောက် လျော့ကျလာတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငွေ Buying Power က ၁၀ ရာခိုင်နှုန်း ပိုကျသွားတယ်၊ ကုန်ဈေးနှုန်းတွေသည် ၁၀ ရာခိုင်နှုန်း ပိုတက်လာတယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ကုန်ဈေးနှုန်း ၁၀ ရာခိုင်နှုန်း ပိုတက်တယ်ဆိုရင် ကျွန်တော်တို့လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းသည် ၁၀ ရာခိုင်နှုန်း ကုန်ဈေးနှုန်းတက်တဲ့ ငွေကြေးဖောင်းပွမှုထက် ပိုများသင့်သလား နည်းသင့်သလားဆိုတော့ ပိုများသင့်ပါတယ်။
အကယ်၍ ကျွန်တော်တို့လုပ်ငန်းသည် Cash အနေနဲ့ အမြတ်တော့ထွက်လာတယ်၊ ဒါပေမဲ့ တစ်နှစ်လုံး ရဲ့အမြတ်က ၁၀ သိန်းအောက်ကို ရောက်နေတယ်ဆိုရင် တစ်နှစ်လုံးစာငွေကြေးဖောင်းပွမှုနဲ့ ကာမိလားဆိုတော့ မကာမိပါဘူး။ မကာမိတဲ့အတွက် ဒီလုပ်ငန်းသည် ငွေကြေးအရ Profit တွေ ဖြစ်တယ်ဆိုသော်ငြားလည်း ဆုံးရှုံး တယ်လို့ပြောရမှာဖြစ်ပါတယ်။ ဆိုလိုတာက တစ်လကို သိန်း ၁၀၀ နဲ့လည်ပတ်လိုက်တယ်၊ တစ်လကို ၁၀ သိန်း မြတ်တယ်။ ၁၀ လဆိုရင် သိန်း ၁၀၀ ဖြစ်မယ်၊ တစ်နှစ်ဆိုရင် သိန်း ၁၂၀ အသားတင်အမြတ်ထွက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သိန်း ၁၂၀ အသားတင်အမြတ်သည် ၁၂၀ စာ တစ်နှစ်ကြာသွားတဲ့အချိန်မှာ မြတ်တဲ့အမြတ်လို့ယူဆလို့မရ ပါဘူး။ ငွေကြေးဖောင်းပွမှု ၁၀ ရာခိုင်နှုန်းကို နုတ်ဖို့လိုပါသေးတယ်။ ၁၂၀ ကို ၁၀ ရာခိုင်နှုန်း နုတ်ကြည့်လိုက်တော့ ၁၂ သိန်းနုတ်ရမှာဖြစ်ပါတယ်။ ၁၂ သိန်းနုတ်လိုက်ရင် ၁၀၈ သိန်းပဲကျန်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့လက် ထဲမှာ ၁၂၀ မြတ်တယ်ဆိုပေမဲ့ တကယ်တမ်းကျတော့ တန်ဖိုးအရ ၁၀၈ သိန်းပဲ မြတ်တယ်ဆိုတဲ့ အနေအထားကို တွေ့ရမှာဖြစ်ပါတယ်။
နောက်ထပ်တစ်ချက်က ဘာနဲ့ချိန်ထိုးကြည့်ရမှာလဲဆိုရင် Inflation Rate နဲ့ ချိန်ထိုးကြည့်ရမှာ ဖြစ်ပါ တယ်။ Myanmar Inflation Rate တွေသည် Website တွေမှာ ရယူနိုင်ပါတယ်။ အစားအသောက်ဆိုရင် ဘယ် လောက်တက်လာသလဲ၊ ကျန်းမာရေးဆိုရင် ကုသစရိတ်ဘယ်လောက်တက်လာသလဲ ဆိုတာတွေကို အသေးစိတ် ကြည့်နိုင်မှာဖြစ်ပါတယ်။
ကိုယ့်ရဲ့လုပ်ငန်းက အမြတ်ထွက်နေပြီဆိုရင် ဒီအမြတ်ထွက်တဲ့ပမာဏထဲကနေပြီးတော့ ဘာကို နုတ်သင့် သလဲဆိုတော့ ငွေကြေးဖောင်းပွမှု Percent ကို နုတ်ရမှာဖြစ်ပါတယ်။ ဒါမှသာကျွန်တော်တို့လုပ်ငန်းက တကယ် မြတ်နေလား မမြတ်နေဘူးလားဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။
Keep Reading