မောရိသျှ
လူတွေရဲ့ အသိအမှတ်ပြုမှု၊ ဂရုစိုက်မှုတွေက ဘဝ အတွက် အင်မတန် အရေးကြီးပါတယ်။ ဒါပေမယ့် လူတိုင်းရဲ့ အသိအမှတ်ပြုမှု၊ ဂရုစိုက်မှုကို အချိန်ပြည့် ရနိုင်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ချစ်သူ၊ ရည်စား၊ အိမ်ထောင်ဘက်၊ လက်တွဲဖော် စသဖြင့် ရင်းနှီးတွယ်တာမှု ဆက်ဆံရေး ဆိုတာကို တည်ဆောက်ကြတာပါ။ ဒါက နှလုံးသား ရေးရာ ဖြစ်သွားပါပြီ၊ ဒါပေမယ့် ဒီကိစ္စကလည်း ဂရုစိုက်ခံချင်တဲ့ အလိုဆန္ဒကြောင့် တည်ဆောက်ရတဲ့ အလုပ်ဖြစ်နေတယ်။
လုပ်ငန်းခွင် နယ်ပယ်က စလို့၊ အသက်ရှင် နေထိုင်ရေး အတွက် နယ်ပယ် အသီးသီးမှာ ဂရုစိုက်မှု ရဖို့က အင်မတန် အရေးကြီးတော့၊ ဘယ်လိုလုပ်မှ အသိအမှတ်ပြုခံရမလဲ။ သေချာတာက အချိန်ပြည့် ရဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဲတော့ လူသား အနေနဲ့ ဒီ ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးသော ဖြစ်တည်မှုစံ ကို သတ်မှတ်လိုက်တယ်။
ကိုယ်ပိုင်ဖြစ်မှု ရဲ့ ဇာတိ “အတ္တ” ဟာ ပြဿနာ သောင်းခြောက်ထောင် အတွက် အဖြေပါ။ ပြင်ပ ပတ်ဝန်းကျင် က မပေးနိုင်တဲ့ အသိအမှတ်ပြုမှု၊ ဂရုစိုက်မှုတွေကို ကိုယ်တိုင် ပေးနိုင်၊ ရယူနိုင်ဖို့အတွက် “အတ္တ” က စွမ်းဆောင် နိုင်ပါတယ်။ အသိစိတ်၊ အာရုံ၊ အတွေးအခေါ်၊ အကြံအစည်ကစလို့၊ လောက အပေါ် ကိုယ့်ရဲ့ ရှုမြင်ပုံ၊ တန်ဖိုးထားပုံ၊ လက်ခံပုံတွေ အဆုံး၊ ကိုယ်တိုင် ဖန်တီးလိုက်တဲ့ “အတ္တစိတ်” ကြောင့်၊ ကိုယ်ပိုင်ဖြစ်မှု ကို အခြေခံပြီး၊ ကိုယ့်ရဲ့ ဖြစ်တည်မှု အပေါ် အသိအမှတ်ပြုခွင့်၊ ဂရုစိုက်ခွင့် ရသွားပါတယ်။
ဘယ်အရာမဆို အတိုင်းအတာ ရှိပါတယ်။ အဲဒီလိုပဲ အတ္တ အနေနဲ့ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို မြှင့်တင်ခွင့် ရှိနေပါစေ၊ ကိုယ်ပိုင်ဖြစ်မှုဟာ တခြား ဖြစ်တည်မှုတွေနဲ့ နိုင်းယှဉ် ဖြစ်တည်ခွင့် မရှိပါဘဲ၊ ကိုယ်တိုင်ရပ်တည်နိုင်စွမ်း မရှိပါ။ ကွဲပြား ခြားနားခြင်း ရှိနေလို့သာ ကိုယ်ပိုင်ဖြစ်မှု ဆိုတာ ရှိနိုင်တာ ဖြစ်ပါတယ်။ အတ္တလည်း ထိုနည်းလည်းကောင်းပါပဲ။ တခြား ဖြစ်တည်မှုတွေကို စံထားပြီး၊ ကိုယ်ပိုင်စံနဲ့ ကိုယ်တိုင် လက်ခံနေလို့သာ “အတ္တ အခြေခံ အသိအမှတ်ပြုမှု၊ ဂရုစိုက်မှု” ရှိနိုင်တာပါ။
ကိုယ်ပိုင်ဖြစ်မှုကို တန်ဖိုးထားတဲ့ အတိုင်းအတာ အပေါ် လိုက်ပြီး အတ္တရဲ့ အစွဲကြီးပုံ အားကောင်းပါတယ်။ အတ္တစိတ် အားကောင်းမှု အပေါ် အခြေခံပြီး ကိုယ်ရည်ကိုယ်သွေး တိုးတက်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို အသိအမှတ် ပြုနေပါစေ၊ ဂရုစိုက်မှု အတွေးတွေ မွေးနေပါစေ၊ သဘာဝ ပတ်ဝန်းကျင်ကနေ သက်ရောက်လာတာ မဟုတ်တဲ့အတွက်၊ အတ္တစိတ် အားနည်းလာတိုင်း စိတ်မလုံခြုံမှုတွေ၊ သံသယတွေ၊ ဝေခွဲမရမှုတွေ ဖြစ်လာတတ်ပါတယ်။ တစ်ဖက်က အတ္တစိတ်က မာနကို အခြေခံပြီး အတွေးများလာရင် ကိုယ်သာလျှင် အကောင်းဆုံး ဆိုတဲ့ ထောင်လွှားစိတ်မျိုး ဖြစ်လာပြီး၊ နောက်တစ်ဖက်မှာကျတော့ အတ္တစိတ်ကို သိမ်ငယ်စိတ်က လွှမ်းခြုံသွားတဲ့ အတွက် စိတ်မလုံခြုံမှု ဖြစ်လာပြီး ကိုယ့်ကိုယ်ကို စက်ဆုပ်ရွံရှာတဲ့ စိတ်မျိုးဖြစ်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်းခြင်း နဲ့အတူ ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်သွားပြီး ယုံကြည်မှု ကင်းမဲ့သွားရခြင်းက အတ္တမာန အပေါ် လွန်ကဲစွာ မှီခိုနေမိခြင်းကြောင့်ပါ။
စိတ်မလုံခြုံမှု များသူတွေက အတ္တမာန အပေါ် အမှီခို လွန်တတ်ကြပြီး၊ “ခံရသူ” စိတ်ခံစားချက်မျိုးနဲ့ ကိုယ့်ကိုယ်ကို နာကျင်ရသူလိုမျိုး ခံယူတတ်ကြတယ်။ အဲဒီအခါမှာ “ခံစားနေရသူ” ကာယကံရှင် ဖြစ်တာကြောင့် ဂရုစိုက်မှုကို ပိုလိုချင်တတ်ပြီး၊ ဖြစ်တည်မှု အပေါ် အသိအမှတ်ပြုစေချင်တတ်ကြပါတယ်။
ပတ်ဝန်းကျင်မှာ ဒီလိုလူတွေ ရှိနေတတ်တယ်။ သူတို့ကိုယ်သူတို့ ဒုက္ခသည်လိုမျိုး၊ ခံရသူ သားကောင်နေရာ မှာ နေပြီး အားလုံးရဲ့ ဂရုစိုက်မှုကို ရှာတတ်ကြတယ်။ ဆတ်ဆတ်ထိမခံ ဖြစ်နေတတ်ပြီး၊ သူကလွဲရင် အားလုံးက မှားနေသလိုမျိုး စွပ်စွဲစိတ် ကြီးနေတတ်ကြတယ်။ ဒါတွေ အားလုံးက အတ္တမာန အပေါ် မှီခိုလွန်းလို့ ဖြစ်တာပါ။
အတ္တစွဲတွေက များသောအားဖြင့် - စိတ်တို စိတ်ဆက် လွယ်ကြပါတယ်။ စကားပြောဆိုနေရင်လည်း သူများပြောတာကို နားထောင်ရမယ့်အစား၊ သူတို့အကြောင်းလောက်ကိုပဲ ထပ်ခါလဲလဲ ပြောချင်ကြပါတယ်။ မျက်လုံးပုံစံ၊ ခေါင်းအနေ အထား၊ လေယူလေသိမ်း၊ အားလုံးက မူမမှန်ဘဲ၊ တစ်ကိုယ်ကောင်းဆန် တဲ့ အမူအရာတွေ ဖြစ်နေတတ်ကြပါတယ်။ ပတ်ဝန်းကျင် အမြင်ကို ဂရုမစိုက်သလိုမျိုး အမူအရာ ပြသလောက်၊ သတိထားခံချင်တဲ့ ပုံစံပေါက်နေတတ်ပါတယ်။
#မောရိသျှ
Keep Reading