မောရိသျှ
အဆက်မပြတ်တဲ့ ဂရုစိုက်မှုတွေကို လိုချင်စိတ်နဲ့ မွေးလာခဲ့ကြတယ်။ ပေါင်းသင်းဆက်ဆံရေး တိရစ္ဆာန်လည်း ဖြစ်တာမို့၊ အသက်ရှင်သန် နေထိုင်ရေး နဲ့ ပျော်ရွှင်သာယာရေး အတွက် အချစ်ခံ၊ ဂရုစိုက်ခံ၊ တွယ်တာမြတ်နိုးခံရ ဖို့ မဖြစ်မနေ လိုအပ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် တွယ်တာတာမျိုး၊ ဂရုစိုက်တာမျိုး မရှိလို့ကတော့ ဘယ်သူမှ မရှင်သန် နိုင်တော့ဘူး။ အသက်ရှိလျက်နဲ့ ဘဝသေသွားတယ်။ အဲတာကြောင့် အထီးကျန် ဘဝ နဲ့ ရှင်သန်ရတာကို အန္တရာယ် အရှိဆုံးသော ရှင်သန်မှု အဖြစ် ပညာရှင်တွေက သတိပေးတာ ဖြစ်တယ်။
အထီးကျန် ဘဝ နဲ့ အချိန် အကြာကြီး အသက်ရှင်ဖူးသူတွေဆိုရင်၊ ပေါင်းသင်းဆက်ဆံရေး နဲ့ တွယ်တာမှု ဆိုတာက လူသား အတွက် ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို အသိဆုံးပါ။ ဒီနေရာမှာ လူလူချင်း အပေးအယူ လုပ်ကြတဲ့ ဂရုစိုက်မှု အတိုင်းအတာ နဲ့ သဘာဝကို နားလည်ဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့၊ သူစိမ်း နဲ့ သူစိမ်း အချင်းချင်း ဆက်ဆံကြတဲ့ ဂရုစိုက်မှုက အခြေခံ အကျဆုံးသော လူသား ဆက်ဆံမှု ဖြစ်တယ်။ အရိုးရှင်းဆုံးသော တွယ်တာမှု တစ်မျိုးလည်း ဖြစ်တယ်။
မျက်လုံးချင်း စုံ တာတို့၊ အရေပြားချင်း တို့ထိမိတာတို့၊ အပြုံးတစ်ခုကို နောက် အပြုံးတစ်ခုနဲ့တုန့်ပြန်တာတို့ဟာ ဂရုစိုက်မှု အသေးစားတွေပါ။ အဲဒီလောက် အသေးစား ဂရုစိုက်မှုလေးတွေကိုတောင် လူတစ်ယောက် အနေနဲ့ မရတာ ကြာသွားမယ်၊ မရှိတော့ဘဲ ဖြစ်နေရတယ်ဆိုရင်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အတိုင်းအတာက နက်ရှိုင်းသထက်၊ ပိုပို ဆိုးရွားလာပြီး - မဖြစ်သင့်တဲ့ စိတ်ကျရောဂါ ကပ်စွဲရင်းကနေ “မိမိကိုယ်ကို အဆုံးစီရင်” လိုတဲ့ အပြီးသတ် နိဂုံး အတွေး တွေကို တွေးထင်လာပြီးတဲ့နောက်၊ မလုပ်သင့်တဲ့ အလုပ်ကို လုပ်ဖြစ်သွားသည် အထိ အန္တရာယ် များပါတယ်။
ပေါင်းသင်းဆက်ဆံကြတဲ့ အဓိက အကြောင်းအရင်းကလည်း တစ်ဦး နဲ့ တစ်ဦး အကြား အပေးအယူ လုပ်ကြမယ့် “ဂရုစိုက်မှု” တွေ အတွက်ပါ။ ကိုယ့်ဘက်က ကိုယ့်ရဲ့ အရည်အချင်း၊ အစွမ်းအစ၊ ဖြစ်တည်မှု ကို သက်သေခံမယ့် အကြောင်းပြချက် တစ်စုံတစ်ရာ ပြပြီး၊ တစ်ဖက်သားရဲ့ အသိအမှတ်ပြုမှု၊ ဂရုစိုက်မှု၊ အသားပေးမှုကို လိုချင်ကြ တာကို ပေါင်းသင်းဆက်ဆံရေးလို့ ခေါ်ပါတယ်။
ပေါင်းသင်းဆက်ဆံရေး တိရစ္ဆာန်ဖြစ်တဲ့ လူတွေ အတွက် “ကိုယ်ပိုင်ဖြစ်မှု အပေါ် အသိအမှတ်ရှိခြင်း” ဆိုတာက အင်မတန် အရေးကြီးပါတယ်။ လူမှန်ရင် ဒီလို အသိအမှတ်ပြုခံရမှု၊ ဂရုစိုက်ခံရမှု အတွက် နည်းမျိုးစုံ သုံးပြီး မရ-ရအောင် ကြိုးစားလုပ်ယူတတ်ကြပါတယ်။ အထီးကျန်တဲ့ လူတစ်ယောက် ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှုကို မရတဲ့ အဆုံး အားလုံးရဲ့ ဂရုစိုက်မှုကို နောက်ဆုံးအနေနဲ့ ရသွားအောင် အဆုံးစီရင်ခြင်းက လူပီသအောင် သူ့နည်းသူ့ဟန်နဲ့ ကြိုးစား အားထုတ်သလိုပါ။
ဂရုစိုက်ခံရမှုကို မွက်သိပ်ကြတယ်။ တွယ်တာမှုကို လိုချင်ကြတယ်။ မြတ်နိုးမှုကို မျှော်လင့်ကြတယ်။ မိသားစုအတွင်း ညီအစ်ကို မောင်နှမ အချင်းချင်းတောင်မှ မိဘတွေရဲ့ ဂရုစိုက်ခံရမှုကို နည်းအမျိုးမျိုးနဲ့ လုယူကြရတယ်။ ကျောင်းမှာ ဆိုရင်လည်း စာသင်ဖော်၊ စာသင်ဖက် အချင်းချင်း ကျောင်းဆရာ၊ ဆရာမတွေရဲ့ အသိအမှတ်ပြုမှု၊ ဂရုစိုက်မှုကို အပြိုင် အဆိုင် လုပ်ယူ၊ ကျင့်ယူကြရတယ်။ လုပ်ငန်းခွင်မှာလည်း လုပ်ဖော်ကိုင်ဖက်တွေအကြားမှာ အလုပ်ရှင် ဖြစ်စေ၊ အထက် လူကြီးဖြစ်စေ၊ ကိုယ့်အပေါ် အသိအမှတ်ပြုတာမျိုး၊ ဂရုစိုက်လာတာမျိုး ရှိအောင် ကြိုးစားကြရတယ်။
အသိအမှတ်ပြုခံရမှုတွေ၊ ဂရုစိုက်ခံရမှုတွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါ။ အနည်း နဲ့ အများ၊ အတိုင်း အတာ ပမာဏ ကွဲပါတယ်။ ဂရုစိုက်လွန်းတာ ရှိသလိုပဲ၊ ဂရုစိုက်အောင် ဘယ်လောက်ပဲ လုပ်နေပါစေ၊ သတိမထား ခံရတာမျိုးကိုလည်း မဖြစ်မနေ ကြုံရတတ်တယ်။ ကိုယ့် ကြိုးစားမှုက အထွဋ်အထိပ် ရောက်လောက်အောင် “ကောင်း” နေပါစေ၊ ကိုယ့်ရဲ့ အစွမ်းအစကို အသိအမှတ် မပြုတာမျိုး၊ ပမာမခန့် လုပ်ခံရတာမျိုး၊ အထင်မကြီး၊ အမြင်သေးသိမ် ခံရတာမျိုးတွေကို ကြုံကို ကြုံရဦးမှာပါ။ စွန့်ပစ်ခံရတာတွေ၊ မလေးမစား လုပ်ခံရတာတွေ တကယ် ကြုံလာရရင်၊ အသိအမှတ် ပြုလာအောင် ပိုပြီး ကြိုးစားမလား၊ ဒါမှမဟုတ်၊ ဂရုစိုက်စိုက် မစိုက်စိုက် ဖြစ်ချင်ရာဖြစ် နေလိုက်မှာလား။
အသိအမှတ်ပြုမှု၊ ဂရုစိုက်မှုတွေကို အချိန်ပြည့် ရနေမှာတော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ တစ်ခါ တစ်လေမှာ မျက်ကွယ်ပြုခံရတာမျိုးကို မလွဲမသွေ ကြုံရဦးမှာပါ။ လူတွေရဲ့ ဂရုစိုက်မှု ရမှ ဘဝ ဆိုတာ အဓိပ္ပါယ် ရှိမှာလား။
#မောရသျှ
Keep Reading