Author's Profile Photo

မောရိသျှ

18/08/2025

အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။

1 min read
Personal Development
Business
Book Review
အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။'s photo

ကိုယ့်အနေနဲ့ ဘယ်ဈေးကွက်ကို ဦးတည်ပြီး သွားမလဲဆိုတာ သေချာသွားပြီဆိုရင်တော့၊ ဘယ်လို အရင်းအနှီးမျိုး ဆက်လက်ပြီး စုဆောင်းဖြည့်ဆည်းသွားမယ်ဆိုတာကို သိအောင် လုပ်ရမယ်။ တကယ်လို့ ကိုယ်က နိုင်သူစား နယ်ပယ်မှာ အခြေချဖို့ စိတ်ပိုင်းဖြတ်လိုက်ရင်တော့၊ ထွေထွေထူးထူး စိတ်တွေဝေနေစရာ သိပ်မရှိတော့ပါဘူး။ ဆိုင်ရာနယ်ပယ်နဲ့ ကိုက်ညီသင့်မြတ်တဲ့ အရည်အချင်းကို အကောင်းဆုံးဖြစ်အောင် လေ့လာဆည်းပူးပြီး၊ တစိုက်မတ်မတ် လေ့ကျင့်သွားဖို့ပဲ လိုပါတယ်။

ဒါပေမဲ့ ကိုယ်အခြေချရမဲ့ လုပ်ငန်းနယ်ပယ်က လေလံစားဈေးကွက်ဖြစ်နေခဲ့ရင်တော့၊ ကိုယ့်အနေနဲ့ မဖြစ်မနေ လေ့လာဆည်းပူး၊ ဖြည့်ဆည်းရမဲ့ အရည်အချင်းတွေက တစ်ခုထက်ပိုနိုင်တယ်။ အဲဒီတော့ ကိုယ့်ဘက်က ပြောင်းလွယ်ပြင်လွယ်စိတ် ရှိနေမှ ဖြစ်မယ်။ အခြေအနေအလိုက် လိုက်လျောညီထွေနေနိုင်တဲ့ စိတ်နေစိတ်ခံ၊ အကျင့်ကောင်းရှိနေရင်၊ လေလံစားဈေးကွက်ထဲမှာ ကိုယ့်အတွက် အခွင့်အလမ်းတွေ အများကြီး ရနိုင်တယ်။ မတူညီတဲ့ သက်မွေးမှုဆိုင်ရာ အရင်းပြုမှုတွေကြောင့် အခွင့်အလမ်းတံခါးတွေ တစ်ခုပြီး တစ်ခု ကျန်နိုင်တယ်။

ဥပမာ - မိုက် ဂျက်ဆန် ရခဲ့တဲ့ မဟာဘွဲ့က၊ နယ်ပယ်တစ်ခုတည်းကိုပဲ အကျိုးပြုနိုင်တဲ့ ပညာရေးဆိုင်ရာ အရင်းအနှီး မဟုတ်တော့ဘဲ၊ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် မူဝါဒချမှတ်နိုင်ရေး သုတေသနအတွက်ပါ အထောက်အပံ့ဖြစ်သွားတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ အရင်းအနှီးမျိုးပေါ့။ အဲဒီလို အရင်းအနှီးကောင်း ရှိနေမှန်း၊ ရနေမှန်း၊ ရနိုင်မှန်း၊ ဖြစ်နိုင်မှန်း သိနိုင်တဲ့ အမြော်အမြင်စိတ်ကြောင့်လဲ၊ သုတေသနလုပ်ပြီး၊ အောင်မြင်မှုတစ်ခုရပြီးတဲ့နောက်မှာ၊ ထပ်ဆင့် အားထုတ်မှုဖြစ်တဲ့ နိုင်ငံတကာ စွမ်းအင် ဈေးကွက်ထဲကို ဝင်ပြီး၊ နဂို သိရှိနားလည်ခဲ့တဲ့ စွမ်းအင်ဆိုင်ရာ အသိတွေကိုပဲ အသုံးချပြီး၊ ပိုကောင်း၊ ပိုသာတဲ့ အောင်မြင်မှုတွေ ရအောင် ဖန်တီးနိုင်ခဲ့ပြန်တယ်။ ဒါဟာ ဈေးကွက်နဲ့ ကိုက်ညီတဲ့ အရင်းအနှီးပြုလုပ်နိုင်မှုပဲ ဖြစ်တယ်။ နေရာတစ်ခုကနေ နောက်တစ်ခု အပြောင်းအလဲလုပ်လိုက်လို့ မျောက်သစ်ကိုင်းလွတ် မဖြစ်သလို၊ နဂိုထက် ပိုမြင့်ပိုသာတဲ့ အနေအထား ရောက်သွားတယ်။ ရှိရင်းစွဲ အရည်အချင်းတွေကို တစိုက်မတ်မတ် လေ့ကျင့်ဖြည့်ဆည်းတတ်တဲ့ သက်မွေးမှု အရင်းပြုစိတ်မှန်ကြောင့် ကိုယ့်ဘဝ အခြေအနေကို နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲနိုင်စွမ်း ရှိသွားတယ်။

အခြေခံကောင်းတဲ့ သက်မွေးမှုဆိုင်ရာ အရင်းအနှီးရှိနေခဲ့ရင်၊ လေလံဈေးကွက်ထဲမှာ အတားအဆီး၊ အပိတ်အပင် နည်းသွားပြီ။ အခွင့်အလမ်းတံခါး ဟူသမျှက ပွင့်နေတော့၊ တစ်ခုပြီးတစ်ခု လွယ်လင့်တကူ ကူးပြောင်းနိုင်တယ်။ အလုပ်ကို အလျင်အမြန်ဆုံး ဖြစ်အောင် ပြီးမြောက်စေနိုင်စွမ်း ရှိလာတယ်။ စွမ်းရည် (သို့) အရည်အချင်းတွေကို ကုန်တင်ရထားလိုပဲ တစ်မျိုးပြီး၊ တစ်မျိုး တိုးပွားစေနိုင်တဲ့အတွက်၊ ဘူတာရုံကနေ စထွက်ပြီးကတည်းက လမ်းရှိသလောက် အလိုရှိတဲ့အတိုင်း တရစပ် တူရှုသွားနိုင်တယ်။ တကယ်လို့ မိုက်သာ စတန်းဖို့ဒ်ကနေ ထွက်ပြီး တခြား အလုပ်သွားလုပ်ခဲ့ရင်၊ အခုလို အောင်မြင်ချင်မှ အောင်မြင်လိမ့်မယ်။ ဒါပေမဲ့ မိုက်ရဲ့ အမြော်အမြင်ရှိမှုကြောင့် ပြီးမြောက်ထားတဲ့ ပညာရေးကိုပဲ အခြေခံပြီး အခွင့်အလမ်း ဖော်နိုင်တယ်။ ရလာတဲ့ အခွင့်အလမ်းကို လုံးဝ လက်လွှတ်မခံဘဲ၊ အခွင့်အလမ်းနဲ့ ယှဉ်တဲ့ အခြေခံ အရည်အချင်း (ခ) စွမ်းဆောင်ရည်တွေကို တိုးမြင့်အောင် ကြိုးစားတယ်။ အခြေခံကောင်းတော့ အရည်အချင်းအလိုက် တိုးတက်နိုင်ခဲ့တယ်။ ဒါဟာ မှန်ကန်သင့်မြတ်တဲ့ သက်မွေးမှုဆိုင်ရာ ဈေးကွက်ကို သိပြီး၊ ပြည့်စုံလုံလောက်တဲ့ သက်မွေးမှုဆိုင်ရာ အရင်းအနှီးကို ဖြည့်ဆည်းနိုင်ခြင်းရဲ့ လက်တွေ့ အကျိုးပဲ ဖြစ်တယ်။

#မောရိသျှ

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ချိုသာစွာပြောဆိုဆက်ဆံပါအဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ