Author's Profile Photo

မောရိသျှ

8/08/2025

ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်

1 min read
Personal Development
Book Review
General Knowledge
ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်'s photo

မိုက် ဂျက်ဆန် (Mike Jackson) ဟာ စွန့်ဦးတီထွင် ပညာရှင်တို့ စုစည်းရာ ‘ဆီလီကွန်ဗယ်လီ’ (Silicon Valley) ရဲ့ အထင်ကရ အဖြစ်ဆုံး ဆန်းတောင်ကုန်းလမ်း (Sand Hill Road) မှာ အခြေစိုက်တဲ့ ၊ ဝက်စ်လီ အများပိုင် စီးပွားရေး အစုအဖွဲ့ဝင် (Westly Group)၊ သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းရေး ဦးတည် နည်းပညာဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ (Cleantech venture capital firm) ရဲ့ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ အဲဒါကြောင့် မိုက် ဂျက်ဆန် ဟာ မက်လောက်စရာ အကောင်းဆုံးသော အလုပ်အကိုင်နဲ့ပါလို့ ပြောတာက အပိုပြောနေသလို မဖြစ်တော့ပါဘူး။

“ကြာတော့ မကြာသေးဘူးရယ်၊ ထိပ်တန်း စီးပွားရေးကျောင်း တစ်ခုက ပါမောက္ခချုပ် တစ်ယောက်နဲ့ ညစာ စားဖြစ်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေ ပြန်ပြောပြတာလေး ရှိတယ်၊ အဲဒီ ပါချုပ်က ဧည့်သည်တွေကို ပြောပြတယ်တဲ့၊ သူတို့ ကျောင်းထွက် ဘွဲ့ရတိုင်းလိုလိုက cleantech နဲ့ တွဲပြီး VC တွေ ဖြစ်ချင်ကြတယ်တဲ့ဗျာ။”

(VC - Venture Capitalist - စီးပွားရေးအရ ငွေကြေးစွန့်စား ရင်းနှီးမြှုပ်နှံသူများ)
မိုက် ရဲ့ မိတ်ဆွေ ပြောပြမှ သူ့ရဲ့ကုမ္ပဏီမှာ အဖွဲ့ဝင်ချင်တဲ့ စီးပွားရေးဘွဲ့ရ သူဌေးပေါက်စ လူငယ်တွေရှိတဲ့ အကြောင်း သိရတာတော့ မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ အနယ်နယ် အရပ်ရပ်က စီးပွားရေးကျောင်းဆင်း ဘွဲ့ရ လူငယ်တွေ ပို့လာတဲ့ အီးမေးလ်တွေကို မိုက် လက်ခံနေရတာပါ။ အများအားဖြင့် သူတို့လေးတွေအနေနဲ့ ဘာလုပ်သင့်လဲ အကြံဉာဏ် လှမ်းတောင်းတာမျိုးပါ။ အရင်တုန်းကတော့ စာပြန်ခဲ့ပါသေးတယ်။ အခုတော့ အချိန် မပေးနိုင်တော့တာမို့၊ အများစုကို လျစ်လျူရှုထားရပါတယ်။

“လူတိုင်း ကျွန်တော့်အလုပ်ကို လိုချင်နေတာဗျ” လူတွေအနေနဲ့ သူ့အလုပ်ကို မက်မောကြတာ ဆန်းတော့ မဆန်းပါဘူး။ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေး ဦးတည် စွမ်းအားထုတ်လုပ်ရေးက ခေတ်ခါအရ သိပ်ပြီးရေပန်းစားနေတာကိုး။ ကမ္ဘာကြီးနဲ့ လူသားတွေရဲ့ လိုအပ်ချက်ကို ကာကွယ်ပေးနိုင်သလို၊ ဖြည့်ဆည်းနိုင်တယ်လေ၊ အဲဒါထက် မိုက် ပြောပြသလိုဆိုရင် - “မြတ်တာကလဲ လက်လန်တယ်” တဲ့။

တာဝန်ယူထားရတဲ့ ရာထူးအရ - မိုက်အနေနဲ့ ကမ္ဘာပတ်ရတယ်၊ နိုင်ငံအသီးသီးက လွှတ်တော်အမတ်တွေနဲ့ တွေ့ရတယ်၊ ဆခရာမန်တို ( Sacramento ) နဲ့ လော့အိန်ဂျလိစ် (LA – Los Angeles ) ရဲ့ မြို့တော်ဝန်တွေနဲ့ မကြာခဏ တွေ့ရတယ်။ သူ့အပြောအရ အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမား ( Barack Obama) ရဲ့ မဲဆွယ်စည်းရုံးရေး တာဝန်ခံ စီမံခန့်ခွဲရေးမှူး - ဒေးဗစ် ပလော့ဖေ ( David Plouffe) ဆိုရင်၊ သူ့ရုံးခန်းကို ခဏခဏ လာတာ၊ မသိရင် အိမ်လိုတောင် ဖြစ်နေပြီတဲ့။

ကျွန်တော့်အနေနဲ့ မိုက် ကို ဘာလို့စိတ်ဝင်စားရသလဲဆိုရင်၊ အဲလက်ဇ် ဘာဂျာလိုပဲ၊ အခုလို အနေအထားကို ရောက်လာတာက ဝါသနာနောက်ကို မလိုက်ခဲ့ဘဲ၊ ဝါသနာကို ရှေ့တန်းတင်မဲ့အစား၊ တန်ဖိုးရှိ-အသုံးကျမဲ့ အရည်အချင်းတွေ ရှိနေမယ်ဆိုရင်၊ အရည်အချင်းနဲ့ယှဉ်တဲ့ အဆင့်မြင့် အလုပ်အကိုင် အခွင့်အလမ်းတွေကို ရနိုင်မှာ သေချာတယ်လို့ ယုံကြည်မှုရှိခဲ့တဲ့အတွက်၊ သက်မွေးမှုဆိုင်ရာ အရင်းအနှီးကို သတိကြီးကြီးထားပြီး၊ တစိုက်မတ်မတ် ဖြည့်ဆည်းခဲ့လို့ပါ။

အဲလက်ဇ်နဲ့ မတူတဲ့အချက်က၊ မိုက် အနေနဲ့ သူ့ဘဝကို ဘာလုပ်လို့ လုပ်ရမှန်း မသိခင်ကတည်းက သက်မွေးမှု ဆိုင်ရာ အရင်းပြုဖို့ အနေနဲ့ အရည်အချင်းတွေ စုဆောင်းခဲ့တာပါ။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က၊ သူ့ဘဝရဲ့ ပထမဆုံး လခစားအင်တာဗျူး မဖြေခင် တစ်ပတ်အလိုလောက်ရောက်မှ၊ သူ့အနေနဲ့ Cleantech - မှာ ရင်းနှီးမြှုပ်နှံမယ်လို့ တွေးမိခဲ့တာပါ။

#မောရိသျှ

Keep Reading

ဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ် ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)