Author's Profile Photo

မောရိသျှ

10/07/2025

အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ

2 mins read
Personal Development
Book Review
General Knowledge
အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ
's photo

တချို့စာအုပ်တွေက လက်ကနေ မချချင်လောက်အောင်ကို ဖတ်လို့ကောင်းနိုင်ပါတယ်။ တချို့စာအုပ်ကျပြန်တော့ ဖတ်သာဖတ်နေရပေမဲ့ ကိုယ့်စိတ်နဲ့ အဆင်မပြေတာမျိုးလည်း ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်ပဲဖြစ်ဖြစ် သူ့အကျိုးပေးနဲ့သူ ရှိနိုင်ပေမဲ့ စာအုပ်တိုင်းက ကိုယ်နဲ့ ကိုက်ချင်မှလည်း ကိုက်ပါလိမ့်မယ်။ တွေ့ကရာစာအုပ်တိုင်း ဖတ်ရမယ်လို့ မဆိုလိုပါဘူး။

ကိုယ်လုပ်နေတဲ့ အလုပ်က နည်းပညာ၊ ကိုယ်ဖတ်နေတဲ့ စာအုပ်က ဂျပန်ရိုးရာ ဟိုက်ကုကဗျာတွေအကြောင်းဆိုရင် ဆက်စပ်မှုမရှိပါဘူး။ ကိုယ့်စိတ်က နည်းပညာတွေအကြောင်း လေ့လာသင့်မှန်း သိလျက်နဲ့ ဝမ်းနည်းစရာ ဝတ္ထုဖတ်ပြီး အလုပ်ထဲ စိတ်မထည့်နိုင်လောက်အောင် ပူဆွေးနေမယ်ဆိုရင် မဖြစ်သင့်ပါဘူး။

ကိုယ့်အတွက် အကျိုးဖြစ်မယ့်စာအုပ်မျိုးကိုပဲ ရွေးဖတ်ပါ။ ရွေးဝယ်ပါ။ နည်းပညာလုပ်နေလို့ နည်းပညာစာအုပ်တွေကလွဲရင် တခြားစာအုပ်တွေကို မဖတ်သင့်ဘူးလို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက် အကျိုးရှိသလို ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးဖြစ်မယ့် စာအုပ်မျိုးကို ဖတ်ဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။

ကိုယ့်အတွက် အကျိုးလည်းမရှိသလို၊ အကျိုးလည်းဖြစ်မှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ်ကြီးတွေ ရှေးဟောင်း စာအုပ်တွေ ဖတ်နေလို့ မထူးပါဘူး။ အချိန်ကုန်သွားတာပဲ အဖတ်တင်ပါတယ်။ ထူးပြီး အကျိုးမရှိရင် ကောက်ကိုင်ဖို့တောင် မစဉ်းစားလိုက်ပါနဲ့။ ဂန္ထဝင်တိုင်း ဖတ်ကို ဖတ်ရမယ်လို့ မဆိုလိုပါဘူး။ ဟိုးမားရဲ့ အိုဒီးစီးယုစ်ကြီးကို ဖတ်နေမယ့်အစား စိတ်လည်းပေါ့ပါးနိုင်မယ့် တခြား ရသစာအုပ်တမျိုးမျိုး ဖတ်လိုက်တာကမှ စိတ်ချမ်းသာမှုရလို့ အကျိုးပိုရှိနိုင်ပါတယ်။ စစ်နဲ့ငြိမ်းချမ်းရေး ဖတ်ဖူးမှ စာဖတ်ဝါသနာပါတယ်လို့ သတ်မှတ်တာ မဟုတ်ပါဘူး၊ ကိုယ့်အတွက် အကျိုးလည်းဖြစ်သလို စိတ်ကျေနပ်မှုလည်း ပေးနိုင်တဲ့ ဘယ်စာအုပ်ပဲ ဖတ်ဖတ် ထိုက်တန်တယ်လို့ ခံစားရသမျှ ဖတ်ရကျိုးနပ်ပြီး တန်ပါတယ်။

စာဖတ်မှတော့ စုံစုံဖတ်ပါ။ အမျိုးအစားတမျိုးတည်းကိုပဲ စွဲဖတ်တာမျိုး မလုပ်ပါနဲ့။ အရောင်အသွေးစုံမှ အနုပညာမြောက်သလို၊ စာအုပ်မျိုးစုံဖတ်ဖူးမှ အသိမျိုးစုံကြောင့် လူဖြစ်ရကျိုးနပ်မှာဖြစ်ပါတယ်။ တချို့က သူတို့ရဲ့ နေ့စဉ်လူနေမှုဘဝကို မထိခိုက်ပေမဲ့ ရသစာပေအမျိုးအစားဝင် စာရေးသူတဦးတည်းရဲ့ လက်ရာတွေကိုပဲ ပင်တိုင်ခံ အစွဲကြီးစွဲပြီး ဖတ်တာမျိုး လုပ်တတ်ပါတယ်။ ကျန်တဲ့ စာပေအမျိုးအစားတွေနဲ့ လက်ရာဆန်းတွေနဲ့ ရင်းနှီးမှုမရှိတော့ ရူးနှမ်းသူအဖြစ်ကနေ မတိုးတက်ဘဲ စာကြမ်းပိုးထက် စာရူးပုံစံပေါက်သွားတာမျိုး ရှိပါတယ်။ လုံးဝ မဖြစ်ပါစေနဲ့။ စာပေအမျိုးအစားစုံစုံဖတ်တတ်တဲ့ အကျင့်ကောင်းကို အချိန်ရှိတုန်း မွေးထားပါ။ လက်ရာစုံကို ဘက်စုံသွားအောင် ဖတ်ပေးပါ။ ဒါမှ ကိုယ့်ရဲ့အသိလည်း ကြွယ်ဝနိုင်ပြီး တည့်တည့်မတ်မတ် ဖွံ့ဖြိုးနိုင်မှာ ဖြစ်ပါတယ်။
ဖတ်တော့ ဖတ်ပါရဲ့ ဖတ်ပြီးသွားတာနဲ့ မေ့သွားပြီး ဘာမှန်းမသိတော့ရင် အလကားပါ။ အချိန်ကုန်သွားတာပဲ အဖတ်တင်ပါတယ်။ အဲဒီလို မဖြစ်ပါစေနဲ့။

ဖတ်ပြီဆိုမှတော့ မှတ်ပါ။ ခေါင်းထဲတခါတည်း သွင်းသင့်သလို၊ လက်ကလည်း မှတ်စုစာအုပ်နဲ့ မှတ်စုကြမ်းထုတ်ပါ။ လက်နဲ့ ချရေးလိုက်ခြင်းက ဦးနှောက်ရဲ့ မှတ်သားနိုင်စွမ်းကို အထောက်အကူဖြစ်ပါတယ်။ စာအုပ်ထဲကိုလည်း Highlight လုပ်သင့်ရင် လုပ်ပြီး စာမှတ်ကတ်နဲ့ တေးမှတ်သင့်ရင် တေးမှတ်ထားပါ။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိရင် ကိုယ့်လက်ကိုယ်ခြေနဲ့ ဝိသေသလက္ခဏာပြုပါ။ တန်ဖိုးထားရာကျပါတယ်။

စာအုပ်တအုပ် ဖတ်လို့ ပြီးသွားခဲ့ရင်လည်း ဖတ်ပြီးသွားလို့ ပစ်ထားလိုက်တာမျိုး မလုပ်ပါနဲ့။ စာအုပ်အကြောင်း စာဖတ်ဝါသနာပါသူတွေနဲ့ စကားစမြည်ပြောကြည့်ပါ။ ဆွေးနွေးလို့ရရင် ဆွေးနွေးပါ။ ဒါဆို မှတ်ထားသမျှ ပိုမှတ်မိသွားအောင် လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပြန်အောက်မေ့ဦးမှလည်း သတိလက်လွတ်သွားတဲ့ အပိုင်းတွေကို ပြန်မှတ်မိနိုင်မှာပါ။

စာဖတ်သလို စာရေးတတ်အောင် အလေ့အကျင့်ကောင်း မွေးမြူပါ။ ဖတ်သာ ဖတ်ပေမဲ့ မရေးတတ်ရင်လည်း မထူးပါဘူး။ စာရေးဆရာကြီးတွေလိုမျိုး ရေးရမယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူးနော်။ ကိုယ်သိထားတာတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်အသိပေးသလိုမျိုး ရေးလိုက်ခြင်းက ဖတ်ထားတာတွေကို ပိုမှတ်မိစေပါတယ်။ အရေးကြီးတဲ့ ပွိုင့်တွေကို မမေ့တော့ဘဲ အမြဲမှတ်မိစေပါတယ်။ မှတ်စုစာအုပ် သီးသန့်ထုတ်ပြီး အနှစ်ချုပ်လေးတွေ ရေးဖြစ်အောင် ရေးကြည့်ပါ။ ကြာလာရင် အကျင့်ဖြစ်သွားတာနဲ့ ရေးရတာအလုပ်ကို ပျော်မွေ့လာပါလိမ့်မယ်။ မလုပ်ဖြစ်သေးသရွေ့ လုပ်ဖို့ရာ ခက်ခဲနေမှာပါ။ လုပ်ဖြစ်သွားတာနဲ့ ဘယ်လို အလုပ်ပဲဖြစ်ဖြစ် အထာကို သိရင် သိသွားတဲ့အတိုင်းအတာအလျောက် ကျေနပ်စိတ် မွေးနိုင်ပါလိမ့်မယ်။

အချိန်ပေးပြီး ဖတ်ပါ။ စာအုပ်အတွက် မနှေမြောပါနဲ့။ ထိုက်တန်အောင် ဖတ်ပါ။ မှတ်မိအောင် ဖတ်ပါ။ ဖတ်ထားသမျှ ခေါင်းထဲပဲ ထည့်မထားပါနဲ့ လက်တွေ့ အသုံးချ စမ်းသပ်လို့ ရသမျှ လက်တွေ့ အသုံးကျအောင် စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ ပေးဆပ်ထားတာနဲ့ တန်အောင် ပြန်အသုံးချတတ်ပါစေ။

#မောရိသျှ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ နားစရာရှိတာ နားပါ ချေးများစေ့စပ်တဲ့သူဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်တန်ဆေးလွန်ဘေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း