မောရိသျှ
“အရင်းအနှီးဈေးကွက်” ဆိုတာက - သက်မွေးမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံဖို့ လုပ်ငန်းနယ်ပယ် နဲ့ အလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို ပြောတာပါ။ အရင်းအနှီးဈေးကွက် (၂) မျိုး ရှိပါတယ်။ (က) နိုင်သူစား နဲ့ (ခ) လေလံစား တို့ပဲ ဖြစ်တယ်။
နိုင်သူစား ဈေးကွက်မှာ လိုအပ်တဲ့ အရင်းအနှီးက - အရည်အချင်း တစ်မျိုးပါပဲ။ အဲဒီ အရည်အချင်း တစ်မျိုးတည်းကိုမှ လူတွေ အများကြီး စုပြုံပြိုင်ဆိုင်ကြရတယ်။ ဥပမာ - ရုပ်မြင်သံကြား အစီအစဉ် ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးသူတွေလိုပေါ့။ နိုင်သူစားရမှာမို့၊ သူ့ထက်ငါ သာအောင် ဇာတ်လမ်းကောင်း ဖန်တီးကြရတယ်။ အကောင်းဆုံးဖန်တီးနိုင်သူက အောင်နိုင်သူပဲ။ သူ့အနေနဲ့ ရင်းနှီးရမဲ့ သက်မွေးမှုဆိုင်ရာ အရင်းကလဲ တစ်ခုတည်းပါ။ ဇာတ်ညွှန်းကောင်း ဖန်တီးနိုင်ရင် ရပြီ။
လေလံစားဈေးကွက်ကျတော့ တစ်သမတ်တည်း မဟုတ်တော့ဘူး။ အလွှာအဆင့်တွေ ဖြစ်သွားတယ်။ မတူညီတဲ့ အလုပ်အကိုင် အလိုက်၊ ကွဲပြားခြားနားတဲ့ အသက်မွေးမှုဆိုင်ရာ အရင်းပြုမှုတွေ လိုအပ်တယ်။ အဲဒီတော့ အရည်အချင်းစုဆောင်းပုံ နဲ့ အသုံးချပုံလဲ တစ်ယောက်နဲ့ တစ်ယောက် မတူတော့ဘူး။ ဥပမာ - Cleantech ဆိုရင် လေလံစားဈေးကွက် လုပ်ငန်းနယ်ပယ်ပါ။ မိုက် ဂျက်ဆန်ရဲ့ သက်မွေးမှုဆိုင်ရာ အရင်းက - အဲလက်ဇ်လိုမျိုး တစ်မျိုးတည်း ထူးချွန်လို့ မရဘူး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်တဲ့ အရည်အချင်းတွေလဲ ဖြည့်ဆည်းထားဖို့ လိုသလို၊ တစ်ပြိုင်နက်တည်းမှာပဲ စွန့်ဦးတီထွင်လုပ်ငန်းရှင် အနေနဲ့ မဖြစ်မနေ သိအပ်သိထိုက်၊ ရှိသင့်ရှိထိုက်သမျှ အခြေခံ အရည်အချင်းတွေ လေ့လာဖြည့်ဆည်းရတယ်။ ဒါက မိုက် ဂျက်ဆန် နဲ့ သူ့ရဲ့ လုပ်ငန်းနယ်ပယ်အရပြောတာပါ။ တခြား မတူညီတဲ့ လုပ်ငန်းနယ်ပယ်တွေ အများကြီး ရှိသေးတယ်။ အဲဒီတော့ မတူညီတဲ့လုပ်ငန်း နဲ့ တာဝန်ဝတ္တရား လက်ခံရမှု အပေါ် မူတည်ပြီး လေလံစား ဈေးကွက်အတွင်း သက်မွေးမှုဆိုင်ရာ အရင်းပြုတာ အမျိုးမျိုး ဖြစ်နိုင်တယ်။
ဒါကြောင့် ဘာမှ မလုပ်ခင် အရင်ဆုံး ဘယ် အရင်းအနှီးဈေးကွက်ထဲကို ဝင်မှာလဲဆိုတာ သိအောင်လုပ်ပါ။ လွယ်မလိုလိုနဲ့ အင်မတန် ခက်ပါတယ်။ ဒါကိုမမေ့ပါနဲ့။ တူမလိုလိုနဲ့ ယောင်ယောင်လေး ကွဲနေတတ်တယ်။ ဥပမာ - အဲလက်စ် အနေနဲ့ လော့စ်အိန်ဂျလိစ် ကို ရောက်တော့ - ဖျော်ဖြေရေး လုပ်ငန်းနယ်ပယ်ကို လေလံဈေးကွက် အဖြစ် သူအထင်လွဲခဲ့သေးတယ်။ အဲဒီလို အမြင်မှားခဲ့လို့လဲ၊ အလုပ်တွေ တစ်ခုပြီး တစ်ခု ပြောင်းခဲ့ရတာပါ။ National Lampoon မှာ Web Editor အဖြစ် လုပ်လိုက်၊ ပြီးတော့ ကောလိပ်ကျောင်းသားဘဝ ဟာသ ဇာတ်လမ်းတွေ ရေးလိုက်နဲ့ ဟိုဟာလိုလို၊ ဒီဟာလိုလို ဖြစ်ခဲ့သေးတယ်။ ဒါတင်ပဲ မဟုတ်သေးဘူး။ ထုတ်လုပ်မှု စရိတ် မဖြစ်စလောက်နဲ့ အညံ့စား အစီအစဉ်တစ်ခု ဦးဆောင်ပြီး ရိုက်ကူးခဲ့သေးတယ်လေ။ အဲလက်ဇ် အမြင်မှာ ဖျော်ဖြေရေးဆိုတာက မတူညီတဲ့ အရည်အချင်းတွေ စုပြုံပြီး ဖြည့်ဆည်းနိုင်မှ အောင်မြင်မယ်လို့ ထင်ခဲ့တယ်။ အဲဒီတော့ နိုင်သူစားဈေးကွက်ရဲ့ အထာကို မသိခဲ့လို့ အမှားကြီးတွေ မှားခဲ့တယ်။ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ တစ်နှစ်တိတိ ချာချာလည်ခဲ့ပြီး၊ နောက်ဆုံးမှာ ဇာတ်လမ်းဇာတ်ညွှန်းရေးတဲ့ အလုပ်ကနေ တစ်ဆင့် ဖျော်ဖြေရေး လုပ်ငန်းနယ်ပယ်က နိုင်သူစားဈေးကွက်ဖြစ်ပြီး၊ အရည်အချင်း တစ်ခုတည်းကို တစိုက်မတ်မတ် ကောင်းအောင်၊ ထူးအောင်၊ တော်အောင်၊ မြင့်အောင် လုပ်နိုင်ရင် အောင်မြင်တိုးတက်နိုင်ကြောင်းကို သိခဲ့တယ်။
အဲဒီနောက် Lampoon ကနေ အလုပ်ထွက်တယ်။ သက်မွေးမှုဆိုင်ရာ အရင်းပြုမှု တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး မှန်မှန်မြန်မြန် အပြင်းအထန်၊ ဖိဖိစီးစီး လေ့ကျင့်တယ်။ ရှိရင်းစွဲ အရည်အချင်းကို တိုးတက်အောင်လုပ်တယ်။ တိုးတက်လာတဲ့ အရည်အချင်းကို ပြောင်မြောက်အောင် သွေးတယ်။ ပြောင်မြောက်တဲ့ အရည်အချင်းကို စံတင်လောက်အောင် အရောင်တင်တယ်။ သက်မွေးမှုဆိုင်ရာ ဈေးကွက်အလိုက် ဇောက်ချလုပ်ဖို့ ဆုံးဖြတ်နိုင်ခဲ့တဲ့နောက် အောင်မြင်မှုတွေ အလီလီ ရနိုင်ခဲ့တယ်။
နိုင်သူစားဈေးကွက်ကို လေလံစားအဖြစ် အထင်မှားတာ ဖြစ်တတ်ပါတယ်။ ကျွန်တော့် လုပ်ငန်း နယ်ပယ် တစ်ခုဖြစ်တဲ့ Blogging မှာလဲ အဲဒီလို ထင်ယောင်မှားလို့ တလွဲဖြစ်တာမျိုးတွေ မြင်ရသိရတာ ဒီနေ့ အထိပါပဲ။ ကျွန်တော့် အီးမေးလ် လိပ်စာကို လိပ်မူပြီး အကြံတောင်းကြတဲ့ သူတွေမှ အများကြီးပါ။ အဲဒီထဲကမှ ဘလောဂ့်သမား တစ်ယောက်ရဲ့ အကြံတောင်းခံစာလေးကို ဥပမာ အဖြစ် ကြည့်ကြည့်ပါ။
“တစ်လစာ ဆောင်းပါးတွေကို တင်ပြီးလို့၊ ဝက်ဘ်ဆိုဒ်ထဲ ဝင်ကြည့်သူ သုံးထောင်လောက် ရှိပါတယ်ဗျ၊ ဒါပေမဲ့ ဝင်ပြီးထွက်တဲ့နှုန်းက မျှော်လင့်ထားတာထက် ပိုများနေတယ်ဗျာ၊ အထူးသဖြင့် Digg တို့ Reddit တို့ကနေ ဝင်လာတာတွေပေါ့၊ ၉၀ ရာခိုင်နုန်းအထိ ဝင်ကြည့်သူနှုန်းထားကို ရောက်နိုင်လျက်သားနဲ့ မရဘူးဖြစ်နေတယ်။ အဲဒါ ဆရာ့အနေနဲ့ ကျွန်တော့် ဘလော့ဂ် နဲ့ ဝင်ပြီးထွက်တဲ့ နှုန်းပေါ် အကြံပြုပေးပါဦး”
(ဝင်ပြီးထွက် - ဝက်ဘ်ဆိုဒ် လိပ်စာသို့ ရောက်လာပြီး ဘာမှမလုပ်ဘဲ ဝင်ပြီး ချက်ချင်းထွက်သွားခြင်း - Bounce rate)
ဘလော့ဂ်သမားသစ်လေးက ဘလောဂ့်လောကကို လေလံစားလို့ ထင်နေမိတာက နံပါတ်တစ် အမှား ဖြစ်ပါတယ်။ သူ့အမြင်မှာ ဘလော့ဂ် ဆိုတာက မတူညီတဲ့ နယ်ပယ်အလိုက် အားလုံးကို ခြုံပြီး စုပြုံထည့် နိုင်မှ တော်ကာကျတယ်လို့ ထင်နေတာပါ။ ဆိုလိုတာက ဆောင်းပါးတင်နှုန်း၊ ဝက်ဘ်ဆိုဒ်လိပ်စာ မျှဝေပုံ၊ မျှဝေနည်း၊ ရှာဖွေနှုန်းကောင်းအောင်လုပ်နည်း စသဖြင့် - လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ လူထင်ရှားအောင် လုပ်နိုင်ရင်ပဲ၊ ဝက်ဘ်ဆိုဒ်ထဲ လူကြည့်များမယ်လို့ တွေးထားတာတွေက နံပါတ်နှစ် အမှားပါ။
ရာခိုင်နှုန်းတွေအလိုက် အကျိုးထွက်အောင် လိုက်လုပ်တိုင်း အကျိုးခံစားနိုင်လိမ့်မယ်လို့ တွေးမိနေတာက နံပါတ်သုံး အမှားပါ။ အမှန်တော့ ဘလော့ဂ် ဆိုတာက “အကြံပြုမှု” တွေကို မျှဝေတဲ့ အသိုက်အဝန်း (သို့) ရပ်ဝန်းငယ်တစ်ခုပါ။ ကျွန်တော့်ကို အကြံတောင်းလာတဲ့ ဒီဘလော့ဂ်သမားသစ်လေးက ဘလော့ဂ်ကို စီးပွားရေး အရ အမြတ်ရှာလို့ ရနိုင်တဲ့ မွေးမြူရေးခြံတစ်ခု၊ စိုက်ပျိုးရေးခြံတစ်ခုလို ယူဆနေမိတော့၊ စေတနာအမှားကြောင့် တန်ပြန် ဒဏ်ခတ်ခံရသလို ဖြစ်နေတာပါ။
သူ့အနေနဲ့ ရာခိုင်နှုန်းတွေ၊ ဝင်ကြည့်သူနှုန်းထားတွေ ဂရုစိုက်၊ အာရုံစိုက်နေမဲ့အစား၊ သူတင်ပြ မျှဝေတဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေကို ပိုကောင်းအောင် ဂရုစိုက်သင့်ပါတယ်။ အာရုံစိုက်မှ ရပါမယ်။ ဒါမှ စာဖတ်သူများလာပြီး သူ့ဘလော့ဂ်က တခြား ထောင်ပေါင်းများစွာသော နာမည်ကျော် ဘလော့ဂ်တွေ အကြားမှာ နေရာတစ်ခု ရနိုင်မှာပါ။
တချို့ ထိပ်တန်း ဘလော့ဂ်တွေဆိုရင် ဒီဇိုင်းအားဖြင့် ကြည့်လို့လဲ မကောင်းပေမဲ့၊ ဝင်ဖတ်တဲ့သူတွေမှ မနည်းမနော ရှိပါတယ်။ အဲဒီ ဘလော့ဂ်တွေ ကျတော့ ဘာလို့ အောင်မြင်တာလဲ။ အကြောင်းက စာဖတ်သူတွေပေါ် အကျိုးပြုနိုင်စွမ်း ရှိနေလို့ပါ။ ဘလော့ဂ်ရဲ့ အခြေခံ သဘောသဘာဝကို သိနေရင် သေချာပါတယ်၊ ဝင်ပြီးထွက်နှုန်းတွေကိုလဲ ဂရုစိုက်မှာ မဟုတ်သလို၊ ဝင်ကြည့်သူ ဦးရေတွေကိုလဲ အာရုံစိုက်နေမိမှာ မဟုတ်ပါ။ အဲဒီအစား လူတွေကို ကိုယ်ပေးချင်တဲ့ အသိပညာ၊ ဗဟုသုတ နဲ့ အကြောင်းအရာတွေ အတွက် ဦးစားပေးသင့်ပါတယ်။ ပိုကောင်းပိုထူးတဲ့ အရေးအသား၊ တင်ပြပုံ၊ မျှဝေပုံ၊ ခံစားမှု ရသအစစ်တွေနဲ့ ပေါင်းစပ်ပြီး၊ သူများအကျိုးကိုဆောင်၊ ကိုယ်ကျိုးအောင်မြင်စေဖို့ အားထုတ်သင့်ပါတယ်။
မိုက် ဂျက်ဆန် ဆိုရင် ဘယ်ဈေးကွက်ထဲ ဝင်နေခဲ့သလဲဆိုတာ နဂိုကတည်းက သိခဲ့တယ်။ အမှန်တော့ သူလဲ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ လမ်းပျောက်ခဲ့သူပါ။ ဒါပေမဲ့ သူသိခဲ့တဲ့ တစ်ခုတည်းသော အချက်က သူလုပ်နေတာဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့နယ်ပယ် ဖြစ်ပြီး၊ ဒီနယ်ပယ်အတွင်း ကျင်လည်မှတော့ လိုအပ်တဲ့ အရည်အချင်းတွေ အများကြီးရှိမယ်၊ အဲဒီအတွက် သူ့အနေနဲ့ မဖြစ်မနေ လေ့လာရမယ်၊ လေ့ကျင့်ရမယ် ဆိုတာကို သိထားခဲ့တာပါ။ သက်မွေးမှုဆိုင်ရာ အရင်းပြုဖို့ သေချာသလောက် ဆုံးဖြတ်နိုင်ခဲ့ပြီး၊ စနစ်တကျ မှန်မှန်မြန်မြန် လေ့ကျင့်နိုင်ခဲ့လို့ အောင်မြင်နိုင်တာဖြစ်ပါတယ်။
#မောရိသျှ
Keep Reading