Leo Nann
တကယ်တော့ ချိုသာတတ်ခြင်းက တော်ရုံသည်းခံစိတ်နဲ့မရပါဘူး။ဒေါသထွက်နေချိန်မှာတောင် ပေါက်ကွဲရမ်းကားမနေပဲ မျက်နှာထားတည်တည်တံ့တံ့၊စကားချိုချိုသာသာနဲ့ ဣန္ဒြေဆည်နိုင်ခြင်းက အင်မတန်ကျက်သရေရှိပြီးအဆင့်အတန်းလည်းရှိပါတယ်။
စကားကိုလက်လွှတ်စပါယ် ကြမ်းကြမ်းတမ်းတမ်းပြောလိုက်ခြင်းထက် ချိုသာဖို့ကိုရွေးချယ်ပါ။
ကိုယ်ပြောတဲ့စကားဟာတစ်ဖက်လူရဲ့နားထဲကိုခပ်ကြမ်းကြမ်းဝင်ပြီး ရိုက်သွင်းခံရတာနဲ့ သာသာယာယာ ဝင်ပြီးရိုက်သွင်းခံရတာက မတူပါဘူး။
ကလေးသူငယ်တစ်ယောက်ကို ဆုံးမတဲ့အခါမှာလည်း ပညာသားပါပါ ဆုံးမတတ်ဖို့လိုပါတယ်။များသောအားဖြင့် မိဘများဟာ ကိုယ့်ကလေးကိုအလိုမကျတဲ့အခါ အော်ငေါက်ဆုံးမတတ်ကြပါတယ်။ ဒီလိုလုပ်လိုက်ခြင်းကကလေးငယ်ကို ကြောက်စိတ်ဝင်သွားစေပြီး ပြောစကားနားထောင်လာစေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တစ်ခုပြောစရာရှိတာက တချို့မိဘများဟာ ကြမ်းကြမ်း
တမ်းတမ်းစကားတွေနဲ့ ကိုယ့်ကလေးကို ဆူငေါက်မိတတ်ကြပါတယ်။
စာဖတ်သူတွေအနေနဲ့ ကိုယ့်ကလေးကိုယ်ဆူတာ ဘာမှားလဲလို့ မေးခွန်းထုတ်လာနိုင်ပါတယ်။
ကိုယ့်ရဲ့ကြမ်းတမ်းတဲ့စကားလုံးတွေကြောင့် ကိုယ့်ကလေးရဲ့စိတ်မှာ အနာတရမဖြစ်သွားဖို့လိုပါမယ်။စိတ်မှာ ဒဏ်ရာကျန်ခဲ့တဲ့အခါ အဲ့ကလေးဟာလည်းကြမ်းတမ်းလာတတ်ပါတယ်။သာဓကပြရရင်-"နင့်ကိုမွေးထားရတာ အလကားပဲ"၊"နင်သေလိုက်တာကမှပိုကောင်းဦးမယ်။"အစရှိတဲ့ ရင့်ရင့်သီးသီးစကားတွေပေါ့။ မိဘများအနေနဲ့ တကယ်ဂရုစိုက်သင့်ပါတယ်။ဒီစကားတွေကိုလက်ခံရရှိတဲ့ကလေးဟာ သိမ်ငယ်စိတ်ဝင်သွားတတ်သလို စိတ်ဆိုးစိတ်ယုတ်တွေပါဝင်လာနိုင်ပါတယ်။ကိုယ့်ကလေးကို ကိုယ်ဆူတာမမှားပါဘူး။ဆုံးမနည်းမမှန်တာကိုတော့ အထူးဂရုပြုဖို့လိုပါမယ်။ လူသားတွေဟာ နှလုံးသားနဲ့ ဦးနှောက်တွဲပြီးအသက်ရှင်ကြရတာပါ။နှလုံးသားဟာ ကျောက်ခဲလိုမာကျောနေတာ မဟုတ်ပါဘူး။ခံစားတတ်တယ်။ နာကျင်တတ်တယ်။ ဒီတော့ စကားလုံးတွေကို ဂရုစိုက်ကြပါ။
ကြမ်းတမ်းတဲ့အရာကိုဘယ်သူမှမကြိုက်ပါဘူး။
စာဖတ်သူလေးတို့ကိုယ်တိုင်ကလည်း ကြမ်းကြမ်းတမ်းတမ်းအပြောခံရတာထက်ချော့ပြောမှ ပိုသဘောကျကြတယ်မဟုတ်ပါလား။
တစ်စုံတစ်ယောက်နဲ့ စကားချင်း စီးချင်းထိုးတဲ့အခါမှာတောင် ချိုသာမှုက တစ်ပန်းသာတယ်ဆိုတာ မမေ့ပါနဲ့။
စကားပြောခြင်းအတတ်က လူ့အဆင့်အတန်းကိုပါဖော်ပြပေးနေပါတယ်။ ပညာရှိတဲ့လူတစ်ယောက်ဟာ လူတစ်ယောက်ရဲ့ စကားပြောပုံကိုကြည့်ရုံနဲ့ အဲ့ဒီလူဟာ ဘယ်လိုစိတ်ထား၊ဘယ်လိုအဆင့်အတန်းရှိတယ်ဆိုတာ တန်းသိနိုင်ကြတယ်လို့လည်း ကြားဖူးပါတယ်။
ချိုသာမှုရဲ့ရလဒ်က လူမှုဆက်ဆံရေးနယ်ပယ်မှာသာမကဘဲ စီးပွားရေးနယ်ပယ်မှာပါ အကျိုးရှိနေပါတယ်။
ဥပမာပြရရင်-စီးပွားပြိုင်ဖက် အထည်ဆိုင်(၂)ဆိုင်ဟာ တစ်နေရာတည်းမှာ ကပ်လျက်ရှိတယ်ဆိုပါစို့။ပထမဆိုင်က ဝန်ထမ်းတွေဟာ စကားပြောကြမ်းပြီး ဒုတိယဆိုင်ကဝန်ထမ်းတွေကတော့ ချိုချိုသာသာပြောလေ့ရှိတယ်ပေါ့။စာဖတ်သူသာ customer တစ်ယောက်ဖြစ်ခဲ့ရင် ဘယ်ဆိုင်မှာဝယ်ဖြစ်မယ်ထင်ပါသလဲ။လီယို့အနေနဲ့ပြောရမယ်ဆိုရင်တော့ အပေါက်ဆိုးတဲ့အရောင်းဆိုင်ကို ဘယ်သူမှကြိုက်ကြမယ်မထင်ပါဘူး။ ရောင်းသူက အပြောချိုပြီး စကားပြောညက်တဲ့အခါ ဝယ်သူက ဟုတ်နိုးနိုးနဲ့ ဝယ်ဖြစ်သွားတတ်ပါတယ်။ပစ္စည်းအရည်အသွေးက ကောင်းလင့်ကစား ရောင်းသူရဲ့အချိုးက ထောင့်မကျိုးဖြစ်နေရင် ဝယ်သူကစိတ်အချဉ်ပေါက်ပြီး လှည့်ပြန်သွားနိုင်ပါတယ်။စကားပြောချိုသာခြင်း၊ညက်ညောခြင်းဟာ သည်ကဲ့သို့ထိ အရေးပါတာပါ။
စကားကိုချိုချိုသာသာပြောပါ။ အပြုံးချိုချိုပြုံးပါ။ရလဒ်ကောင်းများများယူပါ။
-------------------------------------------------
အဆုံးထိဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။
အားလုံးကိုအစဉ်လေးစားလျက်.... #Leo_Nann
Keep Reading