မောရိသျှ
ဘာမှ မယ်မယ်ရရလည်း မလုပ်ဖြစ် ဟိုလိုလို ဒီလိုလိုနဲ့ အလုပ်မတွင်တဲ့ နေ့မျိုးတွေ ဘယ်သူမဆို ရှိဖူးပါတယ်။ လုပ်ချင်စိတ်ကိုင်ချင်စိတ်ပျောက်နေပြီး ဘယ်အလုပ်ကို ဦးစားပေး လုပ်လို့ လုပ်ရမှန်းမသိ ဝေခွဲမရတဲ့အဆုံး ဘာမှမလုပ်ဖြစ်တော့ဘဲ အူအူကြီးဖြစ်ဖူးကြမှာပါ။ လုပ်စရာရှိနေလျက်နဲ့ ဟိုစပ်စပ်ဒီစပ်စပ် လိုက်လုပ်မိတိုင်း အဲဒီလိုမျိုး ဖြစ်တတ်ပါတယ်။
အရေးမကြီးပေမဲ့လည်း Reply ပြန်လုပ်ဦးမှ ကောင်းမယ့် Email တွေ ပို့လိုက်၊ Facebook က Friend တွေရဲ့ စာတွေကို လိုက်ပြန်လိုက်နဲ့ ဟိုလိုလို ဒီလိုလို လုပ်နေမိရင် သေချာပါတယ်၊ လုပ်လက်စ အရေးကြီး အလုပ်တွေကိုတောင် မလုပ်ဖြစ်တော့ဘဲ ဝေလေလေ ဖြစ်သွားတတ်ပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်ထားတဲ့ လေ့လာမှုတခုအရဆိုရင် - လုပ်လက်စအလုပ်တခုကို အာရုံစိုက်လုပ်ဖြစ်နေရင်းကနေ အကြောင်းအမျိုးမျိုးကြောင့် အနှောက်အယှက်လုပ်ခံလိုက်ရတာနဲ့ အနည်းဆုံး မိနစ် ၂၀ ကနေ ၂၅ မိနစ်လောက်နီးပါး နဂိုအလုပ်ကို ပြန်အာရုံစိုက်ဖို့ ခက်ခဲသွားတတ်တယ်လို့ သိရပါတယ်။ အဲတာကိုမှ တခုပြီး တခုပြီး ဟိုစပ်စပ် ဒီစပ်စပ် လုပ်မိသွားလို့ကတော့ တကယ်လုပ်ရမယ့်အလုပ်ကို မလုပ်ဖြစ်တော့ဘဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတတ်ပါတယ်။
ပြောရရင် ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ ကျွန်တော်တို့ အာရုံတွေက အချိန်ပြည့် ကူးလူးကစားနေတာပါ။ တနေရာတည်းကိုပဲ အာရုံစိုက်ထားဖို့ရာ အတင်းအကြပ် ဖိအားပေးလို့လည်း မရတော့ စိတ်ပါတုန်းခနလေးကို ကောင်းကောင်းအသုံးချနိုင်သူကပဲ အာရုံအပြည့်ရတာဖြစ်ပါတယ်။ အချိန်ပြည့်ကြီး အာရုံတစ်ခုတည်းဖြစ်နေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
အချိန်နဲ့ ကိုယ့်ကိုယ်ကိုယ် မကန့်သတ်ထားပါနဲ့။ အကန့်အသတ်ထားပြီး အလုပ်လုပ်ရင် စိတ်ပိုလေတတ်ပါတယ်။ ဒါကို ၁ နာရီပြည့်အောင် ငါ အာရုံအပြည့်ထားလုပ်မယ်လို့ တွေးထားရင် တနာရီ မပြည့်ခင် အကြောင်း အမျိုးမျိုးကြောင့် စိတ်ပြောင်းလဲသွားပြီး ကိုယ်ရည်ရွယ်ထားသလို မလုပ်ဖြစ်ဘဲ အူသွားတတ်ပါတယ်။
စိတ်ပျော့ညံ့တာတော့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို မနိုင်တာနဲ့လည်း မဆိုင်ပါဘူး။ အမှန်တော့ စိတ်က ဖမ်းဆုပ်ရခက်ပါတယ်။ ချုပ်နှောင်ထားလေလေ ထွက်ပြေးချင်လေလေ ဆိုတော့ အတင်းအကြပ်လုပ်လိုက်တာနဲ့ သွားတာပါပဲ။
ဒါကြောင့် ကိုယ့်ရဲ့ အာရုံကို ဈာန်ရအောင်သာ တဖြည်းဖြည်းချင်း ကျင့်ယူပါ။ နားစရာရှိလို့ နားမယ်ဆိုရင်လည်း ကိုယ့်စိတ်ကို ကျောင်းလှမ်းပြီး ထိုက်သင့်သလောက်ပဲ နားလိုက်ပါ။ ပိုသွားရင် အကျင့်ပျက်သွားနိုင်ပါတယ်။ တန်ဖိုးရှိတဲ့အချိန်များများရအောင် ကြိုးစားပါ။ အချိန်ပြည့် တန်ဖိုးရှိအောင် ကြိုးစားနေစရာတော့ မလိုအပ်ပါဘူး။
၁။ လိုတိုရှင်းလုပ်ပါ။
ဘဝမှာ အရေးကြီးတာတွေ အများကြီးရှိပါတယ်။ ရစ်သီရစ်သီနဲ့ အချိန်ဖြုန်းတာမျိုး မလုပ်မိပါစေနဲ့။ အဓိပ္ပါယ်မရှိတာတွေ လုပ်ပြီး အချိန်ကုန်နေမယ့်အစား၊ ကိုယ့်အတွက် အကျိုးရှိမယ့်အရာတွေကိုပဲ ဦးစားပေးလုပ်လိုက်ပါ။ စကားများနေတာတွေ၊ အချိန်ဆွဲနေတာတွေ၊ ဟိုဟာစောင့်လိုက် ဒီဟာစောင့်လိုက်နဲ့၊ မပြောရဲ မဆိုရဲ တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေပါနဲ့၊ အကျိုးမရှိရင် လုပ်ကို မလုပ်စေချင်ဘူး။ အလုပ်ဖြစ်ချင်လား အလုပ်ဖြစ်အောင် လုပ်လိုက်ပေါ့။ ဘာလို့ ဝေလေလေ လုပ်နေဦးမှာလဲ။ လိုရင်းရောက်အောင် တိုတိုရှင်းရှင်းနဲ့ ခပ်ပြတ်ပြတ် လုပ်ပါ။ တည့်တည့်မတ်မတ် လျှောက်လှမ်းပါ။ ဝေ့လည်ကြောင်ပတ် လုပ်မနေပါနဲ့။
၂။ အတွေးအကြံတိုင်းကို မှတ်သားထားပါ။
ခုတင်တွေး ခုတင်မေ့ မဖြစ်ပါစေနဲ့။ အာရုံအပြည့်ထားပါ။ ကိုယ့်ကိုယ်ကိုယ် အမြဲဆုံးမပါ။ ကွန်ပြူတာ တခုလိုပဲ ခေါင်းထဲ တွေးဖြစ်သမျှ မမေ့ပါစေနဲ့။ မမေ့တတ်တဲ့အကျင့်ကလည်း အတော်လေး အသုံးကျပါတယ်။ လူတော်လူကောင်း ထူးချွန်သူမှန်သမျှ ဦးနှောက်ကောင်းပြီး အမှတ်အတေးရှိပါတယ်။ သေးသေးမွှားမွှားလေးတွေကအစ သတိကြီးကြီးထားပြီး မှတ်တတ်တဲ့သူမျိုး ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပေးပါ။ ဟိုမေ့ဒီမေ့ ဖြစ်ကတက်ဆန်းသမား လုံးဝ မဖြစ်ပါစေနဲ့။
၃။ ငြင်းစရာရှိတာ ပြတ်ပြတ်သားသား ငြင်းပါ။
အလုပ်အကိုင်နဲ့ ပတ်သက်လာရင် ကိုယ့်အတွက် အကျိုးမရှိတာမှန်သမျှ ငြင်းပစ်ပါ။ ကိုယ်ရည်မှန်းထားတဲ့ ရည်ရွယ်ချက်ပန်းတိုင်နဲ့ ရလဒ်ကို သက်ရောက်မှုလည်း မရှိသလို၊ အကျိုးလည်း မဖြစ်မှတော့ အင်းလိုက်တာမျိုး မလုပ်ပါနဲ့။ ငြင်းပစ်ပါ။ အခွင့်အရေးဆိုတာ မရှားပါဘူး။ လူတိုင်းကို စိတ်ကျေနပ်စေချင်တဲ့ စေတနာမျိုးနဲ့ လိုက်ပြီး လက်ခံနေလို့ကတော့ ဘာမှ မလုပ်ဖြစ်ဘဲ အလုပ်မတွင်လို့ လူမလေးခွေးမခန့် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ငြင်းပါ။ အကုန်လုံးကို ခေါင်းညိတ်လက်ခံတာမျိုး မလုပ်ပါနဲ့။ ဘယ်လောက်ပဲ မက်လောက်စရာကြီးဖြစ်နေပါစေ ကိုယ့်အစွမ်းအစနဲ့ အလှမ်းကွာနေရင် အခွင့်အရေးကြီးကို လက်လွတ်လိုက်ပါ။ ကိုယ်တိုင်က အဆင်သင့်ဖြစ်ရင် အခွင့်အရေး လမ်းကြောင်းမှန်က သူ့အလိုလို ရောက်လာပါလိမ့်မယ်။
၄။ နာရီဝက် တနာရီ ပြည့်တိုင်း ၅ မိနစ်စာလောက် ကြားဖြတ်အနားယူပါ
ခါးလေးဘာလေး အကြော့ဆန့်လိုက်ပါ။ ဟိုနားဒီနား လမ်းလျှောက်ပါ။ ရေလေးဘာလေး သောက်လိုက်ပါ။ အရေးကြီးဆုံးက လုပ်နေတဲ့အလုပ်ကို ဆက်တိုက်မလုပ်ဘဲ နားနားနေနေ လုပ်ပါ။ ဖုတ်ပူမီးတိုက် လုပ်လိုက်လို့လည်း စွမ်းဆောင်ရည်ကောင်းအဖြစ် တိုးတက်မသွားပါဘူး။ ပုံမှန်လေး လုပ်မှသာ သူ့အရှိန်နဲ့သူ အရည်အချင်းတိုးတက်တာဖြစ်ပါတယ်။ လောနေလို့ မထူးသလို၊ အချိန်ဆွဲနိုင်တိုင်းလည်း အလုပ်မတွင်ပါဘူး။ တခါတလေ ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ အနားယူပါ။ အချိန်ဖြုန်းရာ မကျပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မတွန့်တိုပါနဲ့။ ကိုယ့်အတွက် နှမြောသူဟာ ဘယ်တော့မှ တိုးတက်သူ မဖြစ်နိုင်ပါဘူး။
၅။ စိတ်အနှောက်အယှက်ဖြစ်စရာတွေရဲ့ ခပ်ဝေးဝေးမှာ နေပါ
စိတ်တန်ခိုးဆိုတာက ထင်သလောက် အလုပ်မဖြစ်ဘူးဗျ။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်စိတ်ကို ဘယ်သူမှ မနိုင်နင်းနိုင်ပါဘူး။ ဒါပေမဲ့ အစိုးရနိုင်တဲ့အရာတွေကိုတော့ သတိထားပြီး စီမံခန့်ခွဲနိုင်စွမ်းတော့ ဘယ်သူမဆို လုပ်နိုင်ပါတယ်။ ကိုယ့်စိတ်ကို အနှောက်အယှက်ဖြစ်လာရင် ငြိမ်ခံမနေပါနဲ့ ငြင်းဆန်လို့ ရရင် ငြင်းလိုက်ပါ။ ရှောင်ကြဉ်လို့ရရင် ရှောင်လိုက်ပါ။ အလုပ်လုပ်နေချိန် စိတ်အာရုံကိုကို ဆွဲဆောင်နေတဲ့ တစုံတရာ ရှိနေလား၊ ဖယ်လို့ရရင် ဖယ်လိုက်၊ ရှောင်လို့ရရင် ရှောင်လိုက်ပါ။ လိုတာထက်လည်း ပိုမတွေးပါနဲ့၊ ပိုနေတာကို လိုသလိုမျိုး အချိုးမချိုးပါနဲ့။
၆။ ဘဝင်မကျစရာတွေနဲ့ ခပ်ကင်းကင်းနေပါ
စိတ်အလိုမကျစရာတွေ ရှိနေမယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေအကြား ရောက်နေမယ်ဆိုရင် စိတ်အာရုံ မထွေပြားအောင် ကိုယ့်ဘက်က လုပ်လို့ ရနိုင်သမျှ လုပ်ပြီး အာရုံကိုစုစည်းပါ။ အာရုံအပျက်မခံပါနဲ့။ စိတ်ထဲ ခိုးလို့ခုလု ဖြစ်နေရင် ဖြေရှင်းလို့ ရသမျှ အကုန်ဖြေရှင်းလိုက်ပါ။ စိတ်ကို ခပ်ပြတ်ပြတ်ထားပြီး အလုပ်လုပ်ပါ။ စိတ်ထဲ စနိုးစနောင့်ဖြစ်နေခဲ့ရင် အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။ စိတ်လေနေရင် အလုပ်မတွင်ပါဘူး။ ဒါကြောင့် ဘဝင်မကျစရာတွေ ရှိနေရင် အရင်ရှင်းထုတ်ပြီးမှ အလုပ်လုပ်ပါ။ ဖြစ်နိုင်ရင် စိတ်အနှောက်အယှက်ဖြစ်နိုင်သမျှနဲ့ ခပ်ကင်းကင်းနေပါ။
၇။ တခုဆိုတခု အာရုံတမျိုးတည်းထားလုပ်ပါ
လုပ်စရာတွေ ဘယ်လောက်ပဲ များနေပါစေ၊ အလုပ်တာဝန်တွေ ပိနေပါစေ၊ ဘာပဲလုပ်လုပ် အဓိက ပဓာန ခွဲပြီး တခုဆိုတခု အာရုံတမျိုးတည်းထားလုပ်ပါ။ ဟိုစပ်စပ် ဒီစပ်စပ် ဟိုဟာမပြီး ဒီဟာမပြီး မဖြစ်ပါစေနဲ့။ အလုပ်တခုတည်းမှာပဲ အာရုံအပြည့် စေတနာအပြည့် စိတ်အပြည့် လုပ်ပါ။ အလုပ်တာဝန်တွေကို ရောသော ပွမ်းသမ်း မလုပ်ပါနဲ့။ တခုပြီးမှ နောက်တခု ပြီးဆီးအောင်မြင် ဖြစ်မြောက်အောင် လုပ်ပါ။ မလောပါနဲ့။
၈။ မလိုအပ်ဘဲ အစစအရာရာမသိချင်ပါနဲ့
စွမ်းဆောင်ရည်မြင့်သွားအောင် လုပ်ရည်ကိုင်ရည်တက်အောင်နဲ့ အသိဉာဏ်ဖွံ့ဖြိုးအောင်ဆိုပြီး တွေ့ကရာ ဆောင်းပါးတွေ စာအုပ်တွေ လိုက်ဖတ်နေစရာ မလိုပါဘူး။ သတင်းဆိုတိုင်း မဖြစ်မနေ ဖတ်ရမယ်လို့မှ မသတ်မှတ်ထားဘဲ။ ဒါကြောင့် လိုတာလောက်ကို လိုသလောက်ပဲ လက်ခံပါ။ ခေါင်းထဲ ဝင်လာတိုင်း လက်မခံပါနဲ့။ သိစရာမလိုရင် အသိကို မခံပါနဲ့။ အချက်အလက်တိုင်းက အရေးပါချင်မှ ပါမှာပါ။ တကယ် အရေးကြီးရင် မလိုချင်တောင်မှ ခေါင်းထဲ ရောက်ကို ရောက်လာပါလိမ့်မယ်။ လုံးဝကြီး အဆက်မဖြတ်ရင် ပြီးတာပါပဲ။
၉။ အကျင့်ကောင်းမွေးပါ
ဘာပဲလုပ်လုပ် အကျင့်လေးနဲ့လုပ်တာ ကောင်းပါတယ်။ ပစိပစပ်များ ချေးများတဲ့ အကျင့်မျိုး မဟုတ်ဘဲ၊ စေ့စေ့စပ်စပ်နဲ့ စေတနာပါပါ လုပ်တတ်တာမျိုး၊ အချိန်နဲ့အချိန် လုပ်တတ်တာမျိုး၊ သတ်မှတ်ထားတဲ့ ကိုယ်ပိုင် စံနှုန်းတခုနဲ့ လုပ်တာမျိုး စသဖြင့် အကျင့်ကောင်းလေးတွေ မွေးပြီး အလုပ်လုပ်ပါ။ အလုပ်ပိုတွင်ပါတယ်။ အလုပ်သရဲလိုမျိုး မအိပ်နိုင် မစားနိုင် လုပ်တာမျိုးတော့ လုံးဝ မကောင်းပါဘူး။
၁၀။ ဟိုစပ်စပ် ဒီစပ်စပ် မလုပ်ပါနဲ့
အလုပ်တာဝန်တွေ များလို့ဆိုပြီး တာဝန်တိုင်း မျှလုပ်တဲ့အကျင့်က အလုပ်မတွင်တဲ့အပြင် အလုပ်ပြီးဆီးကို ပိုပြီး နှောင့်နှေးစေပါတယ်။ အဓိက ပဓာန ပြီးဆီးနိုင်မှု အတိုင်းအတာ ချင့်ချိန်ပြီး ဦးစားပေးတန်တာကို ရှေ့တန်းတင် လုပ်တာမျိုးကမှ အလုပ်ပိုပြီးစေနိုင်ပါတယ်။ အလုပ်အများကြီးကို တပြိုင်နက်တည်း ဘယ်တော့မှ မလုပ်ပါနဲ့။ တခုပြီးမှ နောက်တခုကို ပုံမှန်လေးလုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် လိုတာထက် ပိုပြီး ဖိအား မပေးပါနဲ့။ ပင်ပင်ပန်းပန်း လုပ်မှ အလုပ်ကြိုးစားတာ မဟုတ်ပါဘူး။ ပုံမှန်လေးလုပ်ပြီး ရလဒ်ကောင်း ထွက်အောင် လုပ်နိုင်တာကမှ အလုပ်ကြိုးစားတာပါ။ ဖြစ်အောင်လုပ်ပါ အဖြစ်လောက် မလုပ်ပါနဲ့။
#မောရိသျှ
Keep Reading