Author's Profile Photo

မောရိသျှ

22/07/2025

ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါ

1 min read
Life Style
Personal Development
Book Review
ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါ's photo

နားရက်ရှည်ယူပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ကုစားတဲ့နေရာမှာ ကျွန်တော်အကြိုက်ဆုံးအပိုင်းက ပျင်းချင်တိုင်း ပျင်းလို့ရတာပဲဗျ။ အလုပ်လုပ်နေတုန်းက စိတ်အပြည့်ထည့်ထားပြီး အလုပ်အကြောင်းတွေးရင် တစ်ခါတစ်လေမှ အတွေးကောင်းအကြံကောင်းပေါ်တယ်။

ဒါပေမဲ့ နားချိန်မှာ ပျင်းလိုက်တိုင်း ဖြတ်ခနဲ လတ်ခနဲ အတွေးအကြံကောင်းတွေက အထူးတလည် တွေးနေစရာမလိုဘဲ ကောက်ကာငင်ကာ ပေါ်လာတတ်တယ်။ ထင်မထားတဲ့အချိန်မှာ အသုံးအတော်ကျတယ်။ ဒါကြောင့် ကျွန်တော် ပျင်းဖြစ်တယ်။ အပျင်းဆွဲတယ်။ ဘာမှမလုပ်ဘဲ အူကြောင်ကြောင် ထိုင်နေတာမျိုး လုပ်ဖြစ်တယ်။ ပျင်းတာက သူ့အကျိုးနဲ့သူတော့ ရှိသား။

နာမည်ကျော် အနုပညာရှင်ကြီးဖြစ်တဲ့ Andy Warhol တို့ဆိုရင် သူ့ကိုယ်သူ အပျင်းကြီးလို့တောင် နာမည်တပ်သေးတယ်။ ဘာလို့လဲဆိုတော့ အလုပ်လုပ်နေလို့ စွမ်းဆောင်ရည်တွေ ဖန်တီးနိုင်စွမ်းရည်တွေ တိုးလာတာမဟုတ်ဘဲ၊ ပျင်းဖြစ်လို့သာ ဖြတ်လမ်းတွေနဲ့ ထူးခြားပြောင်မြောက်တဲ့ အတွေးအခေါ်တွေ ရခဲ့တာပါလို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်လည်း ပျင်းစရာရှိ ပျင်းလိုက်တယ်။ လိုတာထက်တော့ မပိုအောင် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းလေးတော့ ထားရတာပေါ့။

ပျင်းမှာသာ ပျင်းလိုက်ပါ။ ပျင်းဖို့အတွက် ဝန်မလေးသလိုမဖြစ်ပါစေနဲ့။
“ဟာ မဖြစ်ဘူး အလုပ်က အရေးကြီးတယ်”
“သူဌေးက ပြောလိမ့်မယ်”
“ငါ့ကို ရူးနေတယ်လို့ ထင်ကုန်လိမ့်မယ်”
“ငါ့ကို အသုံးမကျဘူးလို့ ပြောကုန်လိမ့်မယ်”
“အချိန်မရှိဘူးဟ”
“ပိုက်ဆံက ပိုပြီး အရေးကြီးတယ်” စသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆင်ခြေပေး အကြောင်းပြတာမျိုး မလုပ်ပါနဲ့။

ဘဝဆိုတာ အကြောင်းပြပြီး အသက်ရှင်ဖို့ရာအတွက် အလွန်တိုတောင်းပါတယ်။ စိတ်လက်ပေါ့ပါးနေဦးမှလည်း လုပ်စရာရှိတာတွေကို စွမ်းဆောင်ရည်အပြည့်နဲ့ လုပ်နိုင်မှာကို မမေ့ပါနဲ့။ နားစရာရှိတာ နားပါ။

တစ်နေရာရာကို ခရီးရက်ရှည်ယူမှ နားလို့ရတာ မဟုတ်ပါဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ်နေပြီး နားလည်းဖြစ်ပါတယ်။ အဓိကက စိတ်ပင်ပန်းမှု လူပင်ပန်းမှုတွေအားလုံးကို ဖြေလျှော့ခွင့် ယူဖို့ရာ တိုက်တွန်းနေတာပါ။ ကျွန်တော်လည်း အစောပိုင်းက နားရက်ရှည်ယူဖို့ရာ ကိုယ့်ကိုယ်ကိုယ် တွန့်တိုဖူးပါတယ်။ နားပြီး လုပ်တဲ့ အလုပ်က မနားဘဲ လုပ်တဲ့အလုပ်ထက် ပိုပြီး စွမ်းဆောင်ရည်မြင့်နေမှန်း သိတော့မှသာ နားဖို့အရေး ပျင်းဖို့အရေး လုပ်ရဲသွားတာဖြစ်ပါတယ်။
သူများအပေါ် ကပ်စေးနှဲချင်နည်းပါ။ ကိုယ့်ကိုယ်ကိုယ်တော့ မတွန့်တိုကြပါနဲ့။ ရက်ရောပါ။ နားပါ။ ပေါ့ပေါ့ပါးပါးနေဖြစ်အောင်နေပါ။

#မောရိသျှ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များမက္ကဇင်ဂေါ်ကီ နှင့် ခရီးသည်တစ်ဦးဘာလို့ မုန်းကြတာလဲဘဝမှာလိုအပ်တာ တစ်ခုပဲစိတ်ဓာတ်ကျနေတဲ့အခါဆင်းရဲသားလေး ဂျက်လန်ဒန်ဖတ်နိုင်သမျှ များများဖတ်ပေးပါ