မောရိသျှ
ပြီးခဲ့တဲ့ သုံးနှစ်က ကျွန်တော့်အတွက် အပြောင်းအလဲတွေ များခဲ့တယ်ဗျ။ အရင်ကထက်ပိုပြီးတော့လည်း ကြိုးစားနိုင်ခဲ့တယ်။ နိုင်ငံတွေလည်း စုံနေတာပဲ သွားခဲ့ရတယ်။ ကိုယ်ပိုင်တိုက်ခန်းလေးတခုလည်း ဝယ်နိုင်ခဲ့သလို၊ ရုံးခန်းငယ်လေးတခုလည်း ပိုင်ဆိုင်နိုင်ခဲ့တယ်။ မိသားစုတွေနဲ့ရော အပေါင်းအသင်းတွေနဲ့ပါ အချိန်အများကြီး ပေးနိုင်ခဲ့ပြီး၊ ကျန်းမာချမ်းသာတဲ့ လူနေမှုဘဝပုံစံလေးတခု တည်ဆောက်နိုင်ခဲ့တယ်။ တပတ်မှာ အနည်းဆုံး လေးကြိမ်လောက် လေ့ကျင့်ခန်းလုပ်ဖြစ်အောင် အကျင့်ကောင်းတခု မွေးမြူနိုင်ခဲ့တယ်ဗျာ။
စွမ်းဆောင်ရည် လုပ်ရည်ကိုင်ရည်တက်ဖို့ဆိုတာကလည်း ကိုယ့်အပေါ်မှာ မူတည်တယ်ဗျ။ ဖြတ်လမ်းတော့ မရှိဘူး။ အကောင်းဆုံး လုပ်နိုင်ဖို့ အကောင်းဆုံး လုပ်ချင်စိတ် လိုအပ်သလို၊ အကောင်းဆုံး လုပ်ဖြစ်ဖို့ အကောင်းဆုံး အားထုတ်ချင်စိတ်နဲ့ တကယ်လုပ်နိုင်မှ ဖြစ်မှာရယ်။ ဖြစ်ချင်တာကတော့ အကောင်းဆုံး တကယ်လုပ်နေတဲ့ ပုံစံက ဖြစ်သလိုဆိုရင်တော့ ဘယ်လောက်ပဲ အကောင်းကြိုက်နေပါစေ ကောင်းလာမှာ မဟုတ်ပါဘူး။ အနာခံနိုင်မှ အသာစံနိုင်မှာပါ။
၁၁။ တရက်မှာ အနည်းဆုံး နှစ်ကြိမ်လောက် Email စစ်ပါ
စိတ်ပါမှ စိတ်ပေါက်မှ စိတ်ထဲရောက်လာမှ Email ဝင်စစ်တဲ့အကျင့်ဆိုးမျိုး မရှိပါစေနဲ့။ အလုပ်ကို တန်ဖိုးထားပါ။ ဘယ်လို အလုပ်မဆို သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ စိတ်ရင်းစေတနာအပြည့်နဲ့ စနစ်တကျလေး လုပ်တတ်တာက အောင်မြင်သူရဲ့ ကိုယ်ရည်ကိုယ်သွေးတမျိုးပါပဲ။ ဒါကြောင့် Email ကိုလည်း ဘယ်လောက်ပဲ စိတ်ရှုပ်စရာကောင်းနေပါစေ စိတ်ရင်းစေတနာအပြည့်ထည့်ထားပြီး တရက်မှာ အနည်းဆုံး နှစ်ကြိမ်လောက်တော့ Inbox ကို ရှင်းထားပါ။
၁၂။ နေ့တနေ့ရဲ့ အစောပိုင်းကို ဖုန်းမကိုင်ပါနဲ့
ပုဂ္ဂိုလ်ရေးကိစ္စနဲ့ မိသားစုကိစ္စကလွဲရင် နေ့တနေ့ရဲ့ အစပိုင်းကို ဖုန်းနဲ့ အချိန်မကုန်ပါစေနဲ့။ အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ အလုပ်နဲ့ပတ်သက်နေပါစေ နေ့တနေ့ရဲ့အစကို ဖုန်းသွားကိုင်မိရင် မပြီးတော့ဘဲ စိတ်ရှုပ်သွားပါလိမ့်မယ်။ အလုပ်ကို အချိန်နဲ့လုပ်ပါ။ ဖုန်းကိုလည်း အချိန်နဲ့ကိုင်ပါ။ အချိန်ပြည့် ဖုန်းနဲ့ပဲ ပြီးနေရင် ဘဝကြီးက တခုခု လွဲနေပါပြီ။ ဖုန်းအစား သတင်းစာဖြစ်ဖြစ် စာအုပ်ဖြစ်ဖြစ် တခြားအရာတခုခုနဲ့ အစားထိုးလိုက်ပါ။
၁၃။ နောက်တနေ့အတွက် ကြိုပြင်ပါ
ညစဉ်ညတိုင်း အိပ်ယာမဝင်ခင် နောက်ဆုံး ၅ မိနစ်ကို နောက်တနေ့အတွက် ကြိုတွေးခြင်းနဲ့ ပြင်ဆင်ပါ။ မနက်ဖြန်လုပ်ရမယ့် အလုပ်တွေထဲက အရေးကြီးဆုံး ဘာဖြစ်မလဲ၊ မဖြစ်မနေ လုပ်ရမယ့်အလုပ်က ဘာဖြစ်မလဲ စသဖြင့် လုပ်စရာရှိတာတွေကို ကြိုတွေးထားပါ။ တကယ်လုပ်ဖြစ်ခြင်း မဖြစ်ခြင်းထက် ကြိုတွေးခြင်းအားဖြင့် စနစ်ကျတဲ့အကျင့်ကောင်းကို မွေးမြူပြီးသား ဖြစ်သွားပါလိမ့်မယ်။
၁၄။ နည်းနည်းတွေးပြီး များများလုပ်စရာမလိုဘဲ အလုပ်တွင်မယ့်နည်းမျိုးနဲ့ လုပ်ကိုင်ပါ
တွေးတာကတော့ လူတိုင်းတွေးနေတာပဲ၊ ဒါပေမဲ့ လုပ်ဖို့အတွက် တွေးနေရင် နည်းနည်းပဲတွေးပါ၊ များများ လုပ်စရာမလိုဘဲ ဖြတ်လမ်းနဲ့ အလုပ်ပြီးမြန်မယ့် နည်းလမ်းကို ရှာပါ။ အချိန်ကို လိုတာထက် ပိုမယူပါနဲ့။ အချိန်ဆွဲပြီး လေးဖင့်နေတာမျိုးလည်း မဖြစ်ပါစေနဲ့။ အချိန်ယူများသလောက် အလုပ်မပြီးသေးဘူးဆိုရင် အကျင့်မြန်မြန်ပြင်ပြီး အလုပ်ကို တွင်အောင် လုပ်ပါ။ အလုပ်ကို အလုပ်လို လုပ်ပါ။ အတွေးကို အဖြေရရုံ တွေးပါ။ နယ်မချဲ့ပါနဲ့။
၁၅။ လေ့ကျင့်ခန်းလုပ်ပါ
ကျန်းမာခြင်းထက် အရေးကြီးတာ ဘာမှ မရှိပါဘူး။ စိတ်ကျန်းမာရေးရော ကိုယ်ခန္ဓာကျန်းမာရေးကိုပါ အထူးဂရုစိုက်ပါ။ ကိုယ့်အတွက်ဆိုရင် ဘယ်တော့မှ မနှေမြောပါနဲ့။ မတွန့်တိုပါနဲ့။ စားစရာရှိတာ စားပါ။ ကောင်းတာကိုပဲ စားပါ။ ဖြစ်သလို မစားပါနဲ့။ သောက်စရာရှိ သောက်ပါ။ မတွန့်တိုပါနဲ့။ အကောင်းကိုပဲ သောက်ပါ။ ပျော်စရာရှိတာ ပျော်ပါ။ လွတ်သွားမှာကို မကြောက်ပါနဲ့။ စိတ်လက်ပေါ့ပါးနေရင် ဘာပဲလုပ်လုပ် လုပ်ပျော်ပြီး စိတ်ကျေနပ်မှုအပြည့်ရတဲ့အတွက် ပျော်ရွှင်ဖွယ်ဘဝကို တည်ဆောက်နိုင်ပါလိမ့်မယ်။ အသက်ရှင်ရေးအလုပ်ထက် အရေးကြီးတဲ့အလုပ်မရှိပါဘူး။ ကိုယ့်ကျန်းမာရေးထက် အရေးကြီးတာ မရှိတာကို လုံးဝ လုံးဝ မမေ့ပါနဲ့။
၁၆။ ရယ်စရာရှိ ရယ်လိုက်ပါ၊ ပျော်စရာရှိ ပျော်လိုက်ပါ
ရယ်မောခြင်းက စိတ်ပင်ပန်းမှုတွေကို အထူးသက်သာစေနိုင်တဲ့ တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်ချင်ရင် ရယ်တတ်ဖို့လည်း လိုပါတယ်။ စိတ်လက်ပေါ့ပါးအောင် နေပါ။ မှုန်သုန်သုန်ကြီး မဖြစ်ပါစေနဲ့။ အလုပ်ကြိုးစားသလို ပျော်တတ်အောင်လည်း နေပါ။ စိတ်အခြေအနေက ကျဉ်းကြပ်နေမှတော့ အလုပ်တွေကြိုးစားလုပ်နေလည်း မထူးပါဘူး။
၁၇။ အစည်းအဝေးတိုင်းတက်နေစရာမလိုပါဘူး
ဒီနေ့ခေတ် လုပ်ငန်းခွင်တွေမှာ အထင်လွဲနေပြီး အသုံးမကျ အကျိုးမရှိတာကို လုပ်ဖြစ်နေတာက အစည်းအဝေး ဓလေ့ပဲ။ အစည်းအဝေးလုပ်လိုက်မှ အဖြေပေါ်မယ်လို့ ထင်ထားတာကိုက တလွဲ။ အစည်းဝေးလုပ်မှ အလုပ်တွင်တာ မဟုတ်ပါဘူး။ အရေးကြီးတဲ့ အချက်ကို အချင်းချင်း တေ့ဆိုင်ဖြေရှင်းလိုက်ရင်ပဲ ပြဿနာမှန်သမျှ ဖြေရှင်းနိုင်ပါတယ်။ နေရာတကာ အစည်းအဝေး မခေါ်ပါနဲ့။ အစည်းအဝေးခေါ်တိုင်းလည်း အချိန်ကုန်ခံ တက်နေစရာ မလိုပါဘူး။ လုပ်စရာရှိတာကိုသာ လုပ်ပါ။ အရည်အချင်းရှိပြီး သိတတ်ကျွမ်းကျင်သူမှန်ရင် အစည်းအဝေး မလိုပါဘူး။ လုပ်ရမယ့်တာဝန်ကို သိသလို ဖြေရှင်းရမယ့် နည်းလမ်းကို သိပြီးဖြစ်တဲ့အတွက် အလုပ်ပြီးမြောက်အောင် လုပ်နိုင်ပါတယ်။ အဓိပ္ပါယ်မရှိတဲ့ အစည်းအဝေးတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ အချိန်မဖြုန်းကြပါနဲ့။
၁၈။ အရေးပါရဲ့လား မေးခွန်းနဲ့ အလုပ်ကိုစပါ
ဘာလုပ်လုပ် အရေးပါရဲ့လား မေးခွန်းနဲ့ ဆန်းစစ်ပြီးမှ လုပ်ပါ။ အရေးကြီး အရေးပါမှ လုပ်ပါ။ မလိုအပ်ရင် အရေးမပါတာတွေကြောင့် အချိန်ကုန် လူပင်ပန်းတာမျိုး မဖြစ်ပါစေနဲ့။ အရေးမပါတာတွေကြောင့် ကိုယ့်ခွန်အားတွေ ပဲ့သွားမှာကို နှမြောတတ်ပါစေ။
၁၉။ စိတ်ပျက်စရာနေ့ရက်မျိုး ကြုံနေရလား တစ်ကနေပြန်စလိုက်ပါ
နည်းပညာပစ္စည်းတွေက အင်မတန် ရှုပ်ထွေးတဲ့ စနစ်တွေနဲ့ တည်ဆောက်ထားတာဖြစ်တဲ့အတွက် တခါတလေ တခုခု လွဲသွားရင် ဘယ်အရာကို ဘယ်လိုပြင်ရကောင်းမှန်း မသိတာမျိုး ရှိပါတယ်။ အဲဒီအခါ Reset ဆိုတဲ့ ပြင်ဆင်မှုစနစ်နဲ့ တစ်ကနေပြန်စပြီး ပြဿနာကို ဖြေရှင်းရပါတယ်။ အဲဒီလိုပါပဲ ကိုယ့်ရဲ့ နေ့တနေ့က ဘာကြောင့်မှန်းမသိ ရှုပ်ထွေးသွားပြီးအာရုံများနေခဲ့ရင် တစ်ကနေ ပြန်စလိုက်ပါ။ ဘဝရဲ့ Reset ကို နှိပ်လိုက်ပါ။ အချိန်ကုန်ခံပြီး စိတ်ပင်ပန်းခံမနေပါနဲ့။
၂၀။ လုပ်စရာရှိတာကို အလုပ်တွင် အလုပ်ဖြစ်အောင် လုပ်ပါ
စကားများမနေပါနဲ့၊ လုပ်စရာရှိတာ လုပ်ပြီး အလုပ်နဲ့ သက်သေပြပါ။ အပြောကတော့ လူတိုင်း တတ်ပါတယ်။ အလုပ်ကတော့ လူတိုင်း မလုပ်နိုင်ပါဘူး။ ကိုယ်တကယ်စွမ်းရင် စွမ်းကြောင်း သက်သေပြပါ။ လေပေါနေရုံနဲ့ အလုပ်မဖြစ်ပါဘူး။ ကျွမ်းကျင်သူမှန်ရင် ပြောမနေပါဘူး၊ လုပ်ပြပြီး ပါးစပ်တွေကို ပိတ်ပစ်တတ်ပါတယ်။ လေကုန်ပါတယ်။ လုပ်မှာသာ လုပ်ပြလိုက်စမ်းပါ။
#မောရိသျှ
Keep Reading