Ye Yint Win
ကျွန်တော် အိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲတွင် ကျွန်တော်သည် ၆၉လမ်းပေါ်တွင် ဖြစ်သည်။ ၆၉လမ်းမှာ အပင်များဖြင့် အုပ်မှိုင်းနေသည်။ ကျွန်တော်သည် ပလက်ဖောင်းအတိုင်း လမ်းလျှောက်၍လာသည်။ ၆၉လမ်းဆိုသည်မှာ ကျွန်တော်နှင့် ခွဲမရသောလမ်းဖြစ်သည်။ ၆၉လမ်းပေါ်ကို တစ်နေ့တစ်ခေါက်ဖြတ်ကိုဖြတ်ရသည်။ သို့ပေမဲ့ ၆၉လမ်းပေါ်ကို လမ်းလျှောက်သည်ကတော့ အလွန်ရှားပါသည်။ အိပ်မက်ထဲတွင် ၆၉လမ်းကြီးမှာ ယခင်အတိုင်းဖြစ်သည်။ ၆၉လမ်းကို ကန့်လန့်ဖြတ်စီးနေသော ရေနီမြောင်းကြီးကိုဖို့ကာ ဖောက်ထားသော လမ်းအသစ်ကြီးမှာ မရှိသေး။ ရေနီမြောင်းကြီးအနေနဲ့သာလျှင် ရှိသေးသည်။ ရေနီမြောင်းကြီးမှာ ရေမစီးပေ။ ကျနော်သည် ၆၉အတိုင်း လျှောက်လာပြီး ရေနီမြောင်းကြီးနားရောက်သောအခါ ကောင်းကင်သို့ မော့ကြည့်လိုက်လျှင် သက်တံ့ကိုတွေ့လိုက်ရသည်။ သက်တံ့ကြီးကိုကြည့်ရင်း ရေနီမြောင်းကြီးကို ဖြတ်လျှောက်လာသည်။ ရေနီမြောင်းကြီးကိုကျော်လိုက်လျှင် သက်တံ့ကြီးမှာပျောက်သွားသည်။ ရေနီမြောင်းကြီးအကျော်မှာ မီးသတ်စခန်းရှိသည်။ စခန်းရှေ့တွင် ကလေးများကစားနေကြသည်။ ကျွန်တော်သည် သူတို့အား သက်တံ့ပြမည်ဟုပြောကာ ခေါ်လိုက်ခဲ့သည်။ နောက်ပြန်လှည့်ပြီး ရေနီမြောင်းကြီးကို ကျော်လိုက်သည်နှင့်တစ်ပြိုင်နက် သက်တံ့ကြီးမှာ တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။ ယခုအခါတွင် သက်တံ့ကြီးမှာ နှစ်ဆင်းထွက်နေသည်။ ကလေးတစ်ယောက်က "သက်တံ့ကြီးအပေါ်သွားဆော့ချင်လိုက်တာ"ဟုပြောသည်။ ကျနော်သည် ၆၉လမ်းအတိုင်း နောက်ပြန်လှည့်ခဲ့သည်။ ရေနီမြောင်းကြီးကို ထပ်ဖြတ်ဖို့ စိတ်မကူး။
11th December, 2024
Keep Reading