ရွှေငါး
သူငယ်ချင်းတို့ မသိသေးတဲ့ အပြုံးအလှပိုင်ရှင် လင်းပိုင်လေးတွေအကြောင်း ပြောပြရဦးမယ်။
မပြောခင် လင်းပိုင်လေးတွေအကြောင်း ကိုယ်ဘယ်လောက်သိထားလဲဆိုတာ ခဏစဉ်းစားကြည့်ပါဦး။
ဘယ်နှစ်ချက်လောက် စဉ်းစားမိကြလဲ။
သေသေချာချာ မသိသေးရင်လည်း ကိစ္စမရှိပါဘူး။ ဒီစာလေးကို ဆုံးအောင်ဖတ်ပြီးသွားရင် တခြား သူငယ်ချင်းလေးတွေကို ပြန်ဝေမျှလို့ရအောင် အများကြီး ပိုသိသွားလိမ့်မယ်နော်။ ကဲ ဒါဆို လင်းပိုင်လေးတွေအကြောင်း လေ့လာကြည့်ကြစို့။
ရေမှာနေတဲ့ နို့တိုက်သတ္တဝါ
လင်းပိုင်လေးတွေကလေ ရေထဲမှာနေပေမဲ့ အံ့သြစရာကောင်းစွာပဲ နို့တိုက်သတ္တဝါတွေဖြစ်ကြတယ်။ လင်းပိုင်မေမေရဲ့ ကိုယ်ဝန်ဆောင်ကာလက လူတွေထက်များတယ်။ (၁၄) လကြာတယ်။ တစ်ကြိမ်ကို လင်းပိုင်လေးတစ်ကောင်ပဲ အကောင်လိုက်မွေးတယ်။ မွေးပြီးရင်လည်း လူတွေလို ကလေး အရွယ်မရောက်မချင်း အနားကမခွာ အမြဲစောင့်ရှောက်နေတတ်တဲ့ ကြင်နာတတ်တဲ့ မိခင်မေတ္တာအပြည့်ရှိတဲ့ တိရစ္ဆာန်ဖြစ်တယ်။ အသက် ၇နှစ်ကနေ ၉ နှစ်အရွယ်ဆို မျိုးပွားနိုင်ပြီဖြစ်ပြီး လင်းပိုင်တစ်ကောင်ရဲ့ သက်တမ်းက အသက် ၃၀ လောက်ထိ ရှည်ကြတယ်။
ဧရာ၀တီလင်းပိုင်လေးတွေ
ပုလင်းပုံနှုတ်သီးနဲ့ လင်းပိုင်၊ အစက်အပြောက်တွေရှိတဲ့ လင်းပိုင်၊ ဧရာဝတီလင်းပိုင် စတဲ့လင်းပိုင်တွေအပါအဝင် လင်းပိုင်အမျိုးအစား (၄၀) ဝန်းကျင်တောင် ရှိကြတယ်။ မြန်မာနိုင်ငံမှာတွေ့ရတာ ဧရာဝတီလင်းပိုင်လေးတွေပေါ့။
ဧရာဝတီလင်းပိုင်ကို အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့တောင်အာရှဒေသရဲ့ မြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီမြစ်၊ ဂင်္ဂါမြစ်နဲ့ မဲခေါင်မြစ် တို့အပြင် အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းပေါ်က မဟာခန်မြစ်ကြီးထဲမှာပါ တွေ့ရှိရသေးတယ်တဲ့။
သီးသန့်နာမည် ကိုယ်ပိုင်အသံ
လင်းပိုင်လေးတွေဟာ ရေမျက်နှာပြင်ပေါ်တက်ပြီး ခေါင်းပေါ်မှာရှိတဲ့ အပေါက်လေးနဲ့ အသက်ရှူထုတ်တတ်ကြတာကိုတော့ သိပြီးသားမဟုတ်လား။ ဒါပေမဲ့ သင်မသိသေးတဲ့ တခြားအချက်တွေရှိသေးတယ်နော်။
လင်းပိုင်လေးတွေမှာ လူတွေလိုပဲ ကိုယ်ပိုင်နာမည်လေးတွေရှိကြပါတယ်တဲ့။ သူတို့မွေးဖွားတဲ့နေ့မှာပဲ သူတို့ရဲ့လေချွန်သံတစ်ခုကို ပေးတတ်ကြတယ်။ အဲ့ဒီပထမဆုံးထုတ်လွှင့်တဲ့ လေချွန်သံကပဲ သူတို့ရဲ့ကိုယ်ပိုင်နာမည်ဖြစ်ပါတယ်။ တစ်ကောင်နဲ့တစ်ကောင်က နာမည်လေးတွေခေါ် အသံလေးတွေပေးပြီး ဆက်သွယ်ကြတယ်တဲ့။ စိတ်ဝင်စားစရာပဲနော်။
ပြီးတော့လေ လူတွေမှာ ရှေ့သွား အစွယ် အံသွား အံဆုံး ၄ မျိုးရှိကြပေမဲ့ လင်းပိုင်လေးတွေမှာတော့ ပုံစံတူသွားတစ်မျိုးတည်းကိုပဲ ၄၄ ချောင်းရှိတာတဲ့လေ။ နောက်သူတို့ သွားလေးတွေကို သတိထားကြည့်ကြည့်နော်။
ငါးမန်းလို ဆူးတောင်လေးရှိတာကိုရော သတိထားမိတယ်မဟုတ်လား။ ငါးမန်းနဲ့ မှားနိုင်ပေမဲ့ ငါးမန်းဆူးတောင်ကြီးကတော့ ကြောက်စရာကောင်းမှန်း အဝေးကတည်းကသိသာတာဆိုတော့ ခွဲခြားနိုင်မှာပါ။
ထူးခြားတဲ့အမြီး
လင်းပိုင်မှာ နောက်ထပ်ထူးခြားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကတော့ အမြီးဖြစ်ပါတယ်။ သူ့အမြီးက အခြားငါးတွေလို ထောင်ပြားမနေဘဲ အလှဲလိုက် ပြားပြားလေးလေ။ အဲဒီအမြီးကြောင့် ရေကူးပိုကျွမ်းတာပေါ့။ လင်းပိုင်တွေက ရေကူးမြန်ပြီး တစ်နာရီကို ၃၇ မိုင်လောက်တောင် ကူးနိုင်ကြတယ်။
ထူးဆန်းတဲ့ အိပ်ပုံအိပ်နည်း
နောက်ထပ် လူတွေအသိနည်းတဲ့ ထူးခြားချက်ရှိသေးတယ်။ လင်းပိုင်လေးတွေက အိပ်ရင် ဘယ်လိုအိပ်တယ်လို့ထင်လဲ။ ခန့်မှန်းကြည့်ပါဦး။
မထင်မှတ်ထားမိတဲ့ အချက်ပါပဲ။ လင်းပိုင်လေးတွေက အိပ်ရင်တောင် မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကြရှာတာဆိုပဲ။ အိပ်တာတောင် ရန်သူကို သတိထားပြီးအိပ်တဲ့ သိပ်သတိကောင်းတဲ့ ကောင်လေးတွေပေါ့။
သူတို့က သီးသန့်နေခဲတယ်။ အများနဲ့ အုပ်စုလိုက်နေတတ်ကြသူတွေပါ။ ဒါမှ ငါးမန်းလိုရန်သူတွေ အန္တရာယ်ကနေ အချင်းချင်း ကာကွယ်ပေးနိုင်ကြမှာလေ။
သဘာ၀ကပေးတဲ့ စွမ်းရည်
လင်းပိုင်တွေရဲ့ ထူးခြားချက်တွေအကြောင်းပြောတဲ့အခါ မဖြစ်မနေထည့်ပြောရမယ့် အချက်တစ်ချက် ကျန်ပါသေးတယ်။
အဲဒါကတော့ သူတို့မှာ သဘာဝကပေးထားတဲ့ စွမ်းရည်တစ်မျိုးရှိတယ်။ Echolocation လို့ခေါ်တဲ့ အသံထုတ်လွှတ်ခြင်းပါ။ သူတို့က အသံထုတ်လွှတ်လိုက်ရုံနဲ့ သူတို့စားမယ့်အစာက သူတို့နဲ့ ဘယ်လောက်အကွာအဝေးမှာရှိတယ်၊ အရွယ်အစားဘယ်လောက် အကြီးအသေးရှိမယ်၊ ဘယ်လိုပုံသဏ္ဍန်ရှိမယ်ဆိုတာကို အာရုံခံနိုင်ပြီး အစာရှာစားကြတာတဲ့လေ။ လင်းပိုင်လေးတွေရဲ့ အစာကတော့ ငါးလေးတွေနဲ့ ပြည်ကြီးငါးတွေပေါ့။
အားလုံးရဲ့ အချစ်တော်
သူတို့က အဲဒီလို စွမ်းရည်ပိုင်ဆိုင်ရုံတင်မကဘူး ဉာဏ်ကလည်းကောင်းကြသေးတယ်။ ဉာဏ်ကောင်းတယ်ဆိုတဲ့နေရာမှာ ဖြတ်ထိုးဉာဏ်ကောင်းရုံတင်မက မှတ်ဉာဏ်လည်းကောင်းကြတယ်။ လူတွေ သင်ပေးတာတွေကိုလည်း မှတ်မိလွယ်ကြတယ်။ လူတွေကိုလည်း မှတ်မိကြတယ်။ လူတွေကိုလည်း ကူညီဖူးကြတယ်။ ကယ်တင်ဖူးကြတယ်။
လူမှုရေးလည်းကောင်းကြတယ်။ လူတွေလိုပြောရရင် သိပ်လူရာဝင်ဆံ့တဲ့ ကောင်လေးတွေပေါ့။ သူတို့က လူတွေကိုလည်း မကြောက်ဘဲ ရောနှော နေထိုင်တတ်ကြသေးတယ်။ ဆော့လည်း ဆော့ကစားတတ်ကြလို့ လူတွေရဲ့ အချစ်တော်လေးတွေ ဖြစ်လာကြတာပေါ့။
ကစားမက်တဲ့ ကလေးတွေ
လူတွေနဲ့မှ မဟုတ်ဘူး။ သူတို့ဘာသူတို့လည်း သိပ်အဆော့မက်တဲ့ ကောင်လေးတွေနော်။ အဆိပ်ရှိလို့ အများက ရှောင်ကြတဲ့ ငါးပူတင်းလေးတွေကိုတောင်မှ လူတွေ ဘောလုံးကစားကြသလို ကစားနေတတ်ကြတယ်တဲ့။ ရေအောက်မှာ ရေပူပေါင်းလေးမှုတ်ထုတ်ပြီး ကစားတတ်ကြတယ်။ လူတွေ ဆပ်ပြာပူပေါင်းလေးတွေနဲ့ ဆော့သလိုပေါ့။ နောက် လှိုင်းစီးတမ်းလမ်း ဆော့ကြသေးတယ်။ ပြီးတော့ လေပေါ် ခုန် တပတ်လှည့်ပြီးတောင် ဆော့တတ်ကြသေးတယ်။ သိပ်ကစားမက်ပြီး သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးတွေပဲနော်။
ဒါ့ကြောင့်လည်း သူတို့ကို မြင်သူတိုင်းက ချစ်ကြတာနေမှာပေါ့။ သူတို့ကလည်း ချစ်စရာကောင်းအောင် အမြဲပျော်ပျော်နေတတ်တဲ့ ပုံပေါက်တယ်။ အကောင်းမြင်တတ်တဲ့သူတွေလို အမြဲပြုံးနေလို့ အပြုံးအလှပိုင်ရှင်လေးတွေလို့တောင် တင်စားလိုက်ချင်တယ်။
ချစ်ရင် စောင့်ရှောက်ပါ
သူတို့လေးတွေကို ချစ်ရင်တော့ အမှိုက်တွေ စည်းကမ်းရှိရှိပစ်စေချင်တယ်။ သူတို့က လူတွေပစ်လိုက်တဲ့ ပလတ်စတစ်တွေ အမှိုက်တွေကို အစာထင်ပြီး စားမိတတ်ကြပြီး သက်တမ်းစေ့မနေဘဲ သေဆုံးသွားနိုင်တယ်လေ။
ဒါ့ကြောင့် သဘာဝကြီးကို ချစ်ရင် တိရစ္ဆာန်လေးတွေကို ချစ်ရင် လူတွေကို ကူညီတတ်ပြီး အမြဲပြုံးနေတတ်တဲ့ လင်းပိုင်လေးတွေကို ချစ်ရင် စည်းကမ်းမဲ့ အမှိုက်ပစ်မချဘဲ ကာကွယ်စောင့်ရှောက်ပေးပါလို့ သူငယ်ချင်းလေးတို့ကို အကူအညီတောင်းချင်ပါတယ်။
ဒီနေ့ လေ့လာခဲ့တဲ့ လင်းပိုင်လေးတွေ အကြောင်းထဲက ဘယ်နှစ်ချက်လောက် မှတ်မိကြလဲ။ နောက်ထပ်ရော တခြား ဘယ်သူငယ်ချင်းလေးတွေအကြောင်း သိချင်ကြသေးလဲဆိုတာ ဖြေသွားခဲ့ပါဦး။
"သင်မသိသေးတဲ့ သူတို့အကြောင်း" စိတ်ဝင်စားပြီး နောက်ထပ် သူငယ်ချင်းလေးတွေအကြောင်း ထပ်သိချင်သေးတယ်ဆိုရင် Avocado Story Recipe (fb page) ၊ Avo Story Magazine (Youtube) နဲ့ ထောပတ်သီးပုံပြင်မဂ္ဂဇင်း (Tik Tok) တို့ကို Like/Follow/Subscribe လုပ်ထားခဲ့လိုက်တော့နော်။
Facebook Link - https://www.facebook.com/theAvocadoStoryRecipe
Youtube Link - https://www.youtube.com/@theavocadostoryrecipe
Tik Tok Link - https://www.tiktok.com/@theavocadostoryrecipe
#dolphin #knowledge #story
Keep Reading