Tawtawti
-2-
"မျက်နှာကို တော်တော်တည် ထားသည်"
..............................................
(၁)
"ဟဲ့.....ထ...နင့်..ပါးစပ်ထဲက ပီကယ်ကို အခန်းပြင်ဘက်ထွက်ပြီး ထွေးထုတ်လိုက်.."
သက္ကရာဇ် ၂၀၀၀ပြည့်နှစ်သမယ၏ နေ့စွဲများထဲက တရက်။
တချက်လွှတ်အမိန့်သံနဲ့အတူ..ကိုယ်တို့ တက္ကသိုလ်ဝင်တန်း ( ဒဿမတန်း)မြန်မာစာဆရာမ လက်ညှိုးက ကိုယ်ထိုင်နေရာဆီသို့ စနိုက်ပါသေနတ်ပြောင်းဝလို မလွဲစတမ်း တန်းချိန်ထားသည်။
သင်ကြားသည်ကို နားထောင်နေဟန်ဖြင့် ထိုင်ခုံမှာ မိန့်မန့်ကြီးထိုင်ပြီး ကြိတ်ဝါးတာတော့ဝါးတာပါပဲ။ မိသွားတော့လည်း ထွက်ဆိုထွက်ပေါ့လေ။
သို့နှင့်..
ဝါးရာပါ ပစ္စည်းနှင့်တကွအတန်းထဲမှ
ကိုယ် ထွက်လာသည်။
စာသင်ခန်းအပြင်သို့အရောက်...။
ပီကေကို အမှိုက်ပုံးထဲသို့ ထွေးထုတ်လိုက်သည်။ နောက်...အခန်းထဲသို့ပြန်ဝင်၊ မိမိအတန်းခုံရှိရာဆီ ပြန်သွားဖို့အပြင်...။
"လာဦး...ဒီကို..၊ နင့်ပါးစပ်က မြုံစိစိဖြစ်နေတုန်း"
ဆရာမရဲ့ဖိတ်ခေါ်သံက ကိုယ့်ရင်ထဲတွင် ကျောင်းဘင်ခရာတပ်ဖွဲ့၏ တီးလုံးအပိတ်ချလိုက်သံလို ဒုန်းခနဲ ဖြစ်သွားစေသည် ။ ဘာများအပြစ်ပေးဦးပေမည်နည်း။
သို့နှင့် ဆရာမမတ်တပ်ရပ်နေရာ အတန်းရှေ့သို့သွားရသည်။
"ပါးစောင်မှာကပ်ထားသေးလား၊ သေချာထွေးခဲ့ရဲ့လား၊ အမှန်သိရအောင် အတန်းဘက်လှည့် ပါးစပ်ဟပြစမ်း.."
ဟိုက်စ်..။ ကိုယ့်နှုတ်ခမ်းအပေါ်အောက်သည် သံနှင့်သံလိုက်၏ ထိကပ်ခြင်းလို..ပင်ကိုယ်ထက်ကို ပိုစေ့စေ့တင်းမိလျက်သားဖြစ်သွားသည်။ ကွိုင်ပဲ..ဟု စိတ်ထဲမှ ကြိတ်ခဲမရ ရေရွတ်လိုက်မိသည်။
ဆိုခဲ့သည့်အတိုင်း..ဆရာမမှာ ကိုယ့်ကို တည်ပြောပြီးသည်နှင့် အခန်းတွင်းရှိ ကျောင်းသားကျောင်းသူအပေါင်းကိုလည်း
"သေချာကြည့်ကြ၊ သူ့ပါးစပ်ထဲမှာ ပီကယ်ရှိသေးလား.. မရှိတော့ဘူးလားကို.."
ဆိုသေး၏။
ဘယ့်နှယ်ကြီးပါလိမ့်။ ပီကယ်လေး မသိအောင်ဝါးမိတာကို သက်သေခံတပုံကြီးကြည့်ခိုင်းနေသေးတယ်...ဆရာမရယ်။
ကိုယ်က ခေါင်းကိုအသာယမ်းပြလိုက်သည်။
ဒါကို ဆရာမကတွေ့တော့..အတန်းရှေ့ကို..လာစမ်းပေါ့။
သူ့ကို မထီမဲ့မြင် လုပ်သည်ဟုထင်သွားဟန်တူသည်။
"နင် မထွေးခဲ့လို့ 'ဟ' ခိုင်းမရတာမှတ်လား..."
တကယ်တော့ မလေးမစားပြုမိခြင်းမဟုတ်ပါ။ ကိုယ့်မှာလည်း ကိုယ်အကြောင်းနှင့်ကိုယ်ကြောင့် ခေါင်းသာ ခပ်သွက်သွက် ထပ်ခါပြမိသည်။
" တခြား ဘာမှဆင်ခြေပေးစရာလည်း မရှိလို့..နင်ခွန်းတုံ့စကားတောင် ပြန်မပြောတာမှတ်လား၊ 'ထ' ဆို' ထ' ပြီးပြီ..'ဟ' ဆို 'ဟ' လိုက်တော့ "
ကိုယ်ကလည်း ခေါင်းကိုတွင်တွင်သာခါပြလိုက်ပြန်၏။
သည်တွင် ဆရာမ အတော်ပေါက်ကွဲသွားဟန်ရှိ၏။
သူ့စကားကို အဖတ်မလုပ်သလိုလို ပြန်လည်းမပြော နားမထောင်သလိုလိုနှင့် သူကပြောလိုက် ကိုယ်က ဦးခေါင်းယမ်းခါပြလိုက်နှင့် ဖြစ်နေသည်။
ခေါင်းသင်္ကေတအပြနှင့်ပင် သူ့ကို ဖီလာဆန့်ကျင် လောင်နေသလိုပုံသာမှတ်သွားဟန်ရှိသည်။
"ဟိတ်..'ဟ' မှာသာ 'ဟ'...မ'ဟ'လို့ကတော့...ဆရာမကိုဂရုမစိုက်..စာသင်ချိန်မှာ ရှင်းပြတာသေချာနားမထောင်ဘဲ..ပီကေခိုးဝါးတယ် ...စောဒကတက်တယ်ဆိုပြီး ကျောင်းအုပ်ဆရာမကြီးရုံးခန်းဆီခေါ်သွားလိုက်မယ်"
ဆရာမ ဖိအားပေးမှုကြောင့် ကိုယ်လည်း မန်ကျည်းသီးထောင်းနဲ့ပဲငပိရောကြော်ထားသလို မချိုမချဥ် မျက်နှာပေးနှင့် ပါးစပ်ကို 'ဟ'ပြ လိုက်ရမိတော့၏။
ကျောင်းအုပ်ဆရာမကြီးသည် ဟစ်တလာက သူ့အရပ်နှင့်သူ့ခေတ် ကောင်းစဥ်ကလို စိတ်တိုလွယ်သည့်အမျိုးဖြစ်သည်။ ထို့ကြောင့် ကိုယ်တို့ တကျောင်းလုံးသည် 'ဆရာမကြီးဟေ့' ဆိုလျှင် နာမည်ကြားရုံနှင့် ဂါရဝလွန်ကဲရသည်။ သူ့သြဇာသက်ရောက်မှုသည် 'ထိပ်' ဆို 'ထိပ်'.. 'ဘိတ်' ဆို 'ဘိတ်' နှင့် ကျောင်းဝန်းဧရိယာထဲ အာဏာစက် သက်ရောက်မှုပြင်းလှသည်။
ထို့ကြောင့် တန်းပြဆရာ၊ ဆရာမတွေထက် ပိုပြီး အမတန်မှ ကြောက်ရသည်ကိုး။
သတိပေးလက်မှတ်ထိုးဖို့အိမ်ကိုမိဘခေါ်ခိုင်းနေလျှင်လည်း..အစားထိုးဖခင်အဖြစ် ညာတာပါတေးရိုက်ရန် လမ်းတွေ့ရာ ဆိုက်ကားသမားကို ငွေပေးငှားရပါက မိခင်နှင့်တကွ မုန့်ဖိုးပါ သက်သက်ထိခိုက်ရပေဦးမည်။
သို့နှင့် ပါးစပ် ကို 'ဟ' အပြ...
"ဟာ..."
ထိုအခါမှ တန်းလုံးကျွတ် အာမေဋိတ်သံကို
ညီညာဖျဖျ ဆရာမ ကြားလိုက်ရတော့လေသည်။
..............................................
(၂)
"ဟာ"
အကျိုးတော့များပြီ။ ဟုတ်သည်။အကျိုးနည်းသည်မဟုတ်..။ များတာ။
ဘာတွေ အကျိုးများသည်နည်း။
ရိုက်ပြီဆိုသော အသိက ရုတ်ချင်းဝင်လာသည်တွင် လက်နှစ်ဘက်ဖြင့် ကြက်ခြေကတ်ပုံစံ ဆီးကာလိုက်၏။ သို့သော်လည်း အောက်ခြေမှ ပင့်၍ စောင့်ရိုက်လာသော တုံကင် လက်တံသည် ကြားမှ ဖြတ်ဝင်ကာ အရှိန်ကမသေ။ မျက်နှာတဝိုက်ကိုလာထိ၏။ နာကျင်မှုနှင့်အတူပါးစပ်ထဲက ကျလိ..ကျလိ ဖြစ်လာခြင်းကြောင့်...ထူထူပူပူဖြင့်ထွေးထုတ်လိုက်မိ၏။
ထိုအနေအထားသည် ဖြစ်ရပ်မှန် ဆိုကြောင်း ဝသုန်မြေထုကို သက်သေပြုလိုက်သည်ကား..
ဟော..သွေးစသွေးနများနှင့် သွားကျိုးအပိုင်းအစအနများ...။
ဖြစ်ပျက်သွားပုံက
'ဟာ' ဆိုသောအာမေဋိတ်သံနှင့်တပြိုက်နက်တည်းနီးပါး မြန်ဆန်လှသည် ။
ဆရာကြီး သိပ္ပံမောင်ဝ၏ ရေးဟန်နှင့်ဆိုရသော်...
အကျိုးများ ။
ဘာအကျိုးများလဲ။
သွားအကျိုးများဖြစ်ပါသည်။
မွစကြဲနေသော သွားအကျိုးများသည် သဲမြေပြင်တွင် ရဲသွေးနီစွာ ရှိနေ၏။
ရင်ထဲတွင်ကား ဒိန်းခနဲ....။
ကာမိသည့်လက်နှစ်ဖက်သည်လည်း လက်နာကျလျက်...။
.............................................
(၃)
လက်သည် အတော်အရေးပါသည်။ လက်ညှိုးကလေးကွေးတတ်ဖို့ကအစ.. လက်မောင်းကွေးတတ်ဖို့အဆုံးပေါ့။
ကိုယ်တို့အိမ်တွင် သောက်သုံးရေရှိဖို့ စနစ် တခုသာရှိသည်။ ထိုရေကို ထည့်ထားဖို့ကလည်း တမျိုးသော သိုလှောင်ရာသာရှိပါသည်။ တုံကင်မှနှိပ်ယူ၍ လူတထိုင်စာမျှ ကျောက်ဆည်ငယ်အတွင်းသို့ ရေထည့်အသုံးပြုရခြင်းပင်ဖြစ်၏။
ထိုတုံကင်ရေနှိပ်ရန်အတွက် လက်ကွေးတတ်ဖို့လိုသည်။
ကိုယ့်သူငယ်ချင်းတဦးသည် တုံကင်မနှိပ်တတ်။ သူနှိပ်လျှင် ရေမထွက်။ သူ့လောက် ဘဝကကြည့်လျှင် ဗလမျှမရှိသော ကိုယ်က ရေထွက်အောင်နှိပ်ပြတော့ သူက အံ့သြပြသည်။
တကယ်ကလက်ကြောတင်းရခြင်းဖြစ်သည်။ အားထည့်ရသည်။
လက်ကို အားထည့်မှ အကြောကတင်းပြီး မာမာထန်ထန်နှင့် လိုရာကိုဆောင်ရွက်နိုင်ပေမည်။ လက်ကြောတင်းအောင်လုပ်ဆိုတာ ဒါမျိုးကို ပြောခြင်းဖြစ်မည်။
သူက လူကုံထံအသိုင်းအဝိုင်းက လာသဖြင့် ငယ်ကာလ နုဖတ် ဘုမထွက်စွာကျင်လည်လာရပြီး ကြုံတုန်းဝင်နှိပ်ကြည့်တာကြောင့် တုံကင်တောင် ရေထွက်အောင် မနှိပ်နိုင်သည်မှာ မဆန်းချေ။
စက်ကလေးဖွင့်လျှင် လိုချင်သောရေကို ရနိုင်သည်မဟုတ်ပါလား။
ကိုယ့်အိမ်က တုံကင်သည် ရေနှင့်ဝေးရာ ကုန်းမြေတွင်ရှိသဖြင့်လည်း အဝီစိတွင်းကို ပေအတော်နက်နက်ထိအောင်တူးပြီး ပိုက်ချထားရသည်။ ထို့ကြောင့် တုံကင်က နှိပ်ရတာ အမတန်လေးသည်။ အပေါ်ယံ ဖိချရုံနှင့် ရေမထွက်ပါ။ လက်တံကလည်း သံပိုက်လုံးကိုတပ်ထားသည်။
ထို့ကြောင့် လက်မောင်းကိုအားထည့်ပြီးကွေးတတ်ရန်လိုသည်။ ဒါမှ ရေထွက်ပေမည်။
လက်ညှိုးကလေးကွေးတတ်မှလိုရာကို
ကျည်ထွက်နိုင်မည်ဖြစ်သလို လက်မောင်းကွေးတတ်မှ လိုရာရေထွက်နိုင်ပါလိမ့်မည်။ လက်မရှိတော့ရင်ဖြင့် ဒေးဗစ်ချန်းလည်း တတ်နိုင်မည် မထင်ပါ။ လက်သည် အရေးပါပေစွ။
သို့သော် တံငါလှေသည် ရေမှာနစ်တတ်ပါသည်။
လက်အကွေးမတော်လျှင်လည်း တချက်..ဘေးပေါ်တတ်လေသည်ကို ကြည့်ပါဦး။
..............................................
(၄)
လက်အကွေးကျွှမ်းကျင်သည်၊ တုံကင် ကောင်းစွာနှိပ်တတ်ပါသည် ဆိုသော ကိုယ့် ဖြစ်ပုံသည် နောက်ကျောကို ဓားနှင့်ထိုးခံရသည်မဟုတ်၊ ရှေ့မျက်နှာကိုမှ တုံကင်လက်တံ ရိုက်ခံရလေခြင်း။
အမှန်ဆိုလျှင် နှစ်များစွာပင် ကိုယ့်လက်ပေါ်တင် တုံကင်လားမြောက်လာရပြီး ရင်းနှီးခဲ့သဖြင့် သူ့သဘောအထာကိုလည်း မနောမှာသိပြီးသားဖြစ်သည်။ သို့ငြား..သတိသည် ပိုသည်မရှိတဲ့။ သတိသည်အရေးကြီးကြောင်း ကဝိများစွာတို့က ဆိုမိန့်ခဲ့ကြသည်မှာ သံသယမရှိစကောင်းမှန်း စာတွေ့မမည် လက်တွေ့ဆီသို့ ကိုယ့်ကိုသင်္ခန်းစာထပ်ပေးလိုက်ပါသည်။
ငါနှင့်ငါသာ
နှိုင်းစရာထင်
စိတ်မှာမာန်ဝင်
ငါ့အသွင်မြတ်
ဟန်ပြင်မော်ကြွား
ငါမမှားဘူး
ငါကားလူဇော်
ငါပဲတော်သည်
သြော်..
ငါ့အစွမ်းကြီး အံ့ဖွယ်တည်း
ဟုလည်း လောကီဘောင်၌ မရှိစကောင်းမဟုတ်ပါလော။
ကိုယ်သည် တုံကင်နှိပ်ပြီး ကျောက်ဆည်ထဲကရေနှင့် သောက်ရေခွက်များကို တိုက်ချွတ်ဆေးကြောနေခဲ့သည်။
တအောင့်မျှအကြာ...ခပ်ယူ အသုံးပြုနေသော ကျောက်ဆည်အတွင်းမှ ရှိရင်းစွဲရေက အနည်းငယ်သာ ကျန်တော့သည် ။
သောက်ရေခွက်များသည် ကြေးခွက်များဖြစ်၏။ ထို့ကြောင့် ဆပ်ပြာကို သဲ၊ အုန်းဆံဖတ်တို့နှင့် ရောသမပြီး ရေများများဖြင့် ခပ်ကြာကြာ တိုက်ချွတ်ဆေးကြောရ၏။ သည်တွင် လက်မှာ ကျွင်းကျန်သော ဆပ်ပြာရည်တို့နှင့်လည်း ချွဲကျိနေ၏။
..............................................
(၅)
တကယ်ဆို..ကိုယ်လုပ်သင့်သည်က ထိုလက်ကို လက်ကျန်ရေနှင့်အရင်ဆေးကြောရမည်။ သန့်စင်သွားမှ တုံကင်ကို ထိုင်ရာမှထနှိပ်။ ကျောက်ဆည်ထဲရေလိုအပ်သမျှပြန်ဖြည့်။
ပြီးမှ...တိုက်ချွတ်ရေးမဆုံးသေးသည့် ခွက်များကို တဖန်ကိုယ်တွယ်။ ပြောင်စင်ဝင်းလက်လာအောင် ပြန်လည်..ဖန်တီးစေပေါ့။
သို့သော် ကိုယ်က တိုက်ချွတ်ရာတွင် အရှိန်ကရနေပြီ ဖြစ်သောကြောင့် ထိုင်ရာကမထချင်။ ကျောက်ဆည်ထဲကရေကုန်သွားသည်အထိ ဆက်လက် လုပ်ဆောင်မိ၏။
ရေကုန်မှပဲ တုံကင်ကို လေးငါးချက်နှိပ်ကာ ရရှိလာသော ရေဖြင့် လက်ကိုဆေးမည်။ပြီးမှ တုံကင်ပြန်နှိပ်မည်ဟူသော အတွေးကို အကောင်အထည်ဖော်လိုက်မိသည်။
သို့ဖြစ်ရာ ချွဲနေသောလက်သည် တုံကင်လက်တံသံပိုက်ကိုကိုင်လျှင် ချော်ထွက်နိုင်ပြီး အန္တရာယ်ရှိမှန်းတော့ သိသည်။ ထို့ကြောင့် သတိထားလည်း နှိပ်သည်။ သို့သော် ဖြစ်ပျက်ပြီးလျှင် ဆင်ခြဆိုသည်က အရာမဝင်။
သတိထားရင်းမတ်တပ်... တချက်ဖိနှိပ်ချလိုက်သည်။ ရေထွက်သည်။
နှစ်ချက်မြောက် နှိပ်အချ..တုံကင်ကလည်းလေးသည်ကြောင့် လက်ကို အားထည့်ကွေးပြီး ဖိထားရာက ချော်ထွက်သွားသည်။
ဖိနှိပ်လွန်ပါက တန်ပြန်ရုန်းကန်တတ်မှုသည် မိမိဘက်တွင်လည်းအားနည်းချက်ရှိပါက လွယ်ကူစွာ တဖန်ထိခိုက်တတ်ကြောင်း ပြသလိုက်တော့၏။
အောက်ခြေမှ ဆောင့်ဝင်လာသော လျှပ်တပြတ်ရိုက်ချက်သည် ကိုယ့်ခမျာ သွက်လက်မှုနှင့်အတူ အရှောင်အတိမ်း ပါဝါရိန်းဂျားယိမ်း 'က' လို့မရ။ ရိုက်ပြီဆိုသော အသိတွင် အကျိုးများရချေပြီ။
.....................
Unlock to read this premium article with 10 points.