Author's Profile Photo

Tawtawti

29/06/2025

မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )

14 mins read
Art
Novel

#အပိုင်း(3)

ဘဝသည် အတွေးဇာတ်လမ်းတပုဒ် ဖြစ်သည်။

-ရစ်ချယ်လူ
ပြင်သစ်လူမျိုး
ဂိုဏ်းချုပ်နှင့်နိုင်ငံရေးသမား

......................................................

အထက်တန်းကျောင်းသားဘဝသို့
ပင် ဂျော့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထို့အတူ သီချင်းမပြောနှင့်၊စကားပင်
ရေလည်အောင် မပြောတတ်သော ဂွပ်ဂွပ်လည်း ကြက်တူရွေးသက်တမ်းမစေ့မှီ အညှော်မိ၍ သေဆုံးသွားခဲ့ပြီမှာ ကြာခဲ့လေပြီ။

သီချင်းဆိုဖို့ ခရေဇီဖြစ်လွန်းသော
ဂျော့၏ နောက်ဆက်တွဲ ဖြစ်ရပ်များမှာတော့......။

..................................................

ဂီတဆိုတာ
စိတ်ခံစားမှုအစွန်းရဲ့
ပြတင်းပေါက်

-မိုးဇက်

......................................................

#ဂျော့နှင့် အဆောင်အဆိုတော်

ဇာတ်လမ်းကို စသည်က ထက်မြက်။
ထက်မြက်က မြို့ခံ GTC ကျောင်းသားတစ်ဦးဖြစ်ပြီး ဂျော့ နှင့်လည်း တမြို့တည်းသားချင်းမို့ ခင်မင်ရင်းနှီးစွဲရှိနေကြသည်။

လအကွေးလေးလန်းစတွင်
ညမွှေးပန်း၏ ကိုယ်သင်းရနံ့ကို ဆွတ်ပျံ့အီနေအောင်ရရှိနေသော သမယတွင် ဂျော့ရှိရာနေအိမ်ခြံအတွင်းဆီသို့..ထက်မြက်ရောက်ရှိလာသည်။

"မင်းက သီချင်းအဆိုကောအတီးပိုင်းပါ ထူးချွှန်တာမို့ ငါ တကူးတကလာခေါ်တာကွာ၊ဂစ်တာယူပြီး ငါနဲ့ ခဏလိုက်ခဲ့ပါ၊မင်းအစွမ်းပြရမယ့်နေရာရှိနေလို့"

"ဟင်..ဘယ်ကိုလဲ ကိုကြီး၊တီးဝိုင်းတစ်ခုခုမှာ ဆိုတီးပါဝင်ခွင့်ရဖို့ စကားစပ်မိပြောထားပေးလို့လား"

အရွယ်နှင့်မမျှအောင်ပင် ဂီတအပေါ် အားခဲနေသည့် ဂျော့။ အံအားတသင့်နှင့် အားကိုးသလိုပြန်အမေး။
ထက်မြက်က မျက်နှာ မကျည်းရွက်လောက်ငယ်ကာ
ဂျော့ကို ပြန်အားကိုးသောလေသံနှင့်

"အဲ့ဒါတော့မဟုတ်ဘူးကွ၊ခုက
ဒီနားက GTC အမျိုးသမီး ကျောင်းသူအဆောင်ရှေ့မှာဆိုတီးရမှာကွ၊အဲ့ဒီ့အဆောင်မှာ ငါကြိုက်နေတဲ့ကောင်မလေးရှိတယ်ကွာ၊အဲ့ဒါ အခုည သူ့ကို လူပျိုလှည့်သီချင်းလေး သွားဆိုပြချင်လို့၊မင်းက ဂစ်တာလိုက်တီးပေးပါလား၊အဆိုကိုလည်း မင်းတလှည့်ငါတကြော့ ဆိုကြမယ်လေ၊ငါ ဂစ်တာမတီးတတ်လို့ မင်းကို လာပင့်တာ"

"ဟင်"

"ဟင်မနေပါနဲ့ကွာ၊မင်းဆိုတီးတာကို ကောင်းရင် ကောင်မလေးတွေက ဝရံတာကနေထွက်ကြည့် အားပေးမှာလေကွာ၊ဒီတော့ မင်းပျော်သွားမှာပါ၊ငါ့ကောင်မလေးသာထွက်ကြည့်လို့ကတော့ ငါသွားလာရင်း တီးဝိုင်းတစ်ခုခုက အသိတစ်ယောက်ရရင် မင်းကို ဆိုခွင့်ရဖို့ မင်းစိတ်ကူးသလို ပြောပေးမယ်ကွာ..နော်၊နောက်..ရှေးက အဆိုတော်ကြီးများစွာကလည်း ဒီလိုပဲ အဆောင်ရှေ ့..တီးဆိုရင်း နာမည်ကြီးတွေ ဖြစ်လာကျတဲ့ သမားစဥ်ဖြစ်လာကြတာပဲ မဟုတ်လား၊ကဲ..တကယ့်အဆိုတော်မဖြစ်ခင် အဆောင်အဆိုတော်လိုက်လုပ်ပါကွာ"

သည်လို
ကိုယ်မလုပ်တတ်တိုင်း အပါခေါ်ရန်
စကားစချီကာ သာသာထိုးထိုးနှင့်ပင်ထက်မြက်က အညှာကိုင်လိုက်တော့လည်း ဂီတရူး ဂျော့ခမျာ ပျော့ကျသွားရတော့သည်ပေါ့။တဖက်သားကိုလည်းဂျော့က ထောက်ထားတတ်သည့် အားနာစိတ်ကလေးကလည်း အခံရှိပါသည်လေ။
သို့နှင့် ဂစ်တာတစ်လက် ရင်ဝယ်ပိုက်ရင်း နှစ်ယောက်သား..ညအမှောင်ထုထဲ ဖြတ်သန်းဝင်ခဲ့ကြလေတော့သည်။

..................................................

အဆောင်ရှေ့ရှိ..လရောင်ဆမ်းထားသော အုတ်ခုံလေးက ဂျော့နှင့်ထက်မြက်ကို ဆီးကြိုနေသည်။

ပွေ့ဖက်နှုတ်ဆက်လာသော ညလေအေးကို ကြိုဆို ကမ်းလင့်ကြရင်း ဖျော်ဖြေရေးမင်္ဂလာကို စတင်ရန် ပြင်ဆင်လိုက်ကြ၏။

ဂစ်တာကို ရင်ငွေ့လှုံစေ၍ စတင် ..ဖီးလ်တက် တီးခတ်သူက ကျန်နော်တို့ ဇာတ်လိုက် အဆောင်အဆိုတော်ပေါ့။
မောင်ဂျော့။

လရောင်၏အေးမြမှုရိပ်တွင် ခိုဝင်ရင်း
ဂျော့သီဆိုမှုပြီးတော့ ထက်မြက်က အလှည့်ကျ ဝင်ဟဲသည်။

သည်လိုနှင့် တစ်ပုဒ်ပြီးသာတစ်ပုဒ်ပြီးတစ်ပုဒ် ပြီးသွားသည်။
သူတို့သာ အပြတ်ဖြဲရင်း ပါးစပ်ပြဲတာသာ အဖတ်တင်၏။
အာညောင်းသလောက် ဘယ်အချိန်အထိခရီးပေါက်ခဲ့ပြီကိုပင် တဖြည်းဖြည်းနှင့်မသိတော့တာ။
အဆောင်က ဘယ်ကောင်မလေးကမှလည်း အရိပ်ကိုတောင်ချွေတာရေးလုပ်ကြသလားမသိ၊ဝေတေဝါးတားတောင် လူယောင်မျှလာမပြကြ။

လည်ပင်း ဗုံလုံသီးမျှရှည်အောင်တောင်
တဆန့်ဆန့်မျှော်လည်း မမြင်ရ။

သို့တိုင်..ဇွဲကောင်းတုန်းဖြင့်..
ဂျော့က အဆိုတော် လေးဖြူ၏ ညရဲ့ဆူး သီချင်းဖြင့် အဆောင်သူများကို ဖိတ်ခေါ်လိုက်မိပြန်သည်။

ဟော..သည်တစ်ခါ ရောက်မယ့်ရောက်လာတော့လည်း ကြည့်ပါ။
ဆိုကောင်းနေတုန်းတန်းလန်းပင် သူတို့နားထိတိုင် ဘယ်ကဘယ်လိုရောက်လာကြသည်မသိ။

မုဒ်အပြည့်နှင့်မို့ သတိမထားမိလိုက်။

သတိထားမိပြန်တော့ကား...
အဆောင်သူများမဟုတ်ချေ။
လူကြီးသုံးဦး။

ရောက်သာလာသည်။ဘာမှဖြတ်မပြော။တခွန်းမှပင်မဟဘဲ တေးဆုံးအောင်စောင့်နားထောင်ပေးနေ၏။

မသိသောလူကြီးများကို တွေ့နေရသဖြင့်..သီချင်းအပြီးတွင်တော့ ဂျော့ကစူးစမ်းကြည့်မိလိုက်သည်။

"အန်ကယ်တို့က တကူးတက လာနားထောင်ပေးနေကြတယ်ဆိုတော့...ကျန်နော့်လို ဂီတအပေါ်ရူးသွပ်မှုရှိပြီး ခေတ်ပေါ်တေးတွေကို နားလည်ခံစားပေးနိုင်သူ ခေတ်မီလူကြီး တွေများလားခင်ဗျ၊ကျန်နော်ကလည်း မြှောက်ပေးရင် ချွေးထွက်အောင်ဆိုတတ်သူပါ"

"အိမ်း..ဒီအထိရောက်လာကြရတာက
မင်းတို့ကို..ချီးမြှောက်ပေးဖို့ကို ရက်ကွက်က တောင်းဆိုကြလို့ပါ"

လူကြီးတစ်ယောက်ကအပြော။ဂျော့က..

"ဟင်..ရပ်ကွက်ကလည်း သဘောကျလို့ ဆုတွေ ဘာတွေပါ ချီးမြှင့်ခိုင်းလို့လား..အန်ကယ်လ်.."

"တမင်ရွဲ့ပြောတာကွ၊..နိုး..အန်ကယ်လ်တို့အားလုံးက နိုးပါကွယ်၊ရပ်နားထောင်နေတာက သက်သေယူနေတာ၊ရှင်းရှင်းပြောရရင် ညနက်အထိ လူအိပ်အသံတိတ်ချိန်အထိ ပတ်ဝန်းကျင်ကိုအားမနာဘဲ ဆိုဟစ်နေကြလို့ ရပ်ကွက်ရုံးဆီလာတိုင်ကြတာမို့ အရေးယူဖို့ လာခေါ်တာ..၊ကဲ..ခဏလိုက်ခဲ့ကြ..ရုံးရောက်မှရှင်း..တို့က ဒီရပ်ကွက်လူကြီးတွေ"

အဆောင်ရှိရာရပ်ကွက်က လူကြီးတွေတဲ့။
သည်နေရာမှာ အခုမှ လာရောက်သီဆိုဖူးခြင်းမို့မသိကြခြင်းဖြစ်သည်။
အဆောင်ကလည်း လူနေရပ်ကွက်အတွင်း တည်ရှိသည်လေ။

....................................................

ရပ်ကွက်ရုံးသို့ ရောက်ကြပါပြီ။

လူကြီးတစ်ဦးက အဆိုဂုဏ်ထူးဆောင်
ဂျော့တို့အား ရိုးရာမပျက် သြဝါဒချွေသည်။

"လူငယ်တွေရဲ့ ခံစားမှုဖီလင်ကိုတော့ စာနာပေးလို့ရပါတယ်၊ဒါပေမဲ့ အခု ဆိုနေတာက ဘယ်အချိန်ရှိပြီလဲ "

"ည ဆယ့်တစ်နာရီထိုးပြီးလို့ ဆယ့်သုံးမိနစ်ပါ"

ရပ်ကွက်ရုံးတွင် ချိတ်ဆွဲထားသော နာရီကို လှမ်းကြည့်၍ ဂျော့ဖြေလိုက်သည်။

သည်တော့ မေးသည့်လူကြီးကလည်း

"မင်းကို မေးတာက အန်ကယ်လ်ရဲ့ နာရီအချိန်မမှန်လို့ နာရီတိုက်ကြည့်ဖို့မေးတာမဟုတ်ဘူး၊သီချင်းဆိုနေတာဟာ အချိန်မတော်ဖြစ်နေပြီလို့ ကိုယ်တိုင်ကိုယ်ကျ သိစေချင်လို့ပဲ၊အခု
ဒီကိစ္စအတိုင်ခံရမှုအတွက် ပထမဆုံး warning ခေါ်ပေးခြင်းအနေနဲ့ နောင် မဖြစ်စေရပါဘူးလို့ ခံဝန်ကတိလက်မှတ်ထိုးသွားကြရမယ်၊ပြီးတော့ ဒဏ်ငွေ တစ်ထောင့်ငါးရာ ဆောင်သွားကြရမယ်"

ခုမှ လိုရင်းကို ပြောတော့၏။

ထက်မြက်တွင် ငွေပါလာ၍သာတော်သေးသည်။

နောက်..ကောင်းမွန်စွာ ပြန်လွှတ်ပေးလိုက်၏။

"တစ်ထောင့်ငါးရာအချစ်ကိုရဖို့ ဂေါ်ရေးငင်လိုက်တာ တစ်ထောင့်ငါးရာ ဒဏ်ငွေတဲ့ ၊တရားရုံးတက်ပြီး ကောင်မလေးနဲ့လက်မှတ်ထိုးခွင်ရဖို့
ကြိုးစားမိတာ..ရက်ကွက်ရုံးမှာ ခံဝန်လက်မှတ် ထိုးခဲ့ရသတဲ့"

လငပုပ် ဖမ်းခံထိသော မျက်နှာနှင့်
ထက်မြက်က အိမ်ပြန်လမ်းတလျှောက်
လေသံမသာမယာဖြင့် ညည်းတွားလာသည်။

ဂျော့ကတော့
ဂစ်တာလေးထမ်းရင်း

"ကြယ်ဆိုတာ တောက်ပဖို့အတွက် လောင်ကျွှမ်းနေကြရတာပဲ "

ဟု တီးတိုးရေရွတ်လေသည်။

..........................................................................

သေချာရေရာခြင်းမရှိတဲ့အခါ
မိမိရင်ထဲက
အလိုလိုသိစိတ်ကိုပဲ
အားကိုးရမှာပါ

-ယောနသန် ကိန်းနား

.......................................................

#ဂျော့နှင့်အနာဂတ်ဟောကိန်း

နေမင်းသည် အရှေ့အရပ်မှသာ ထွက်ပေါ်လာသော တစ်ရက်သောနေ့ နေ့လယ်ခင်းအချိန်။
ဂျော့နှင့်ထက်မြက် မြို့ထဲတွင် လမ်းလျှောက်လာကြရင်း မထင်မှတ်ဘဲ ဆိုင်းဘုတ်တစ်ခုကို အတွေ့။
ထိုဆိုင်းဘုတ်တပ်ဆင်ထားသောတည်ရှိရာ အခန်းငယ်အတွင်းသို့ ဂျော့က မပြောမဆိုနှင့်
စွပ်ခနဲ လှမ်းဝင်သွား၏။
သို့နှင့်..ထက်မြက်လည်းအနောက်က လိုက်ဝင်သွားရ၏။

ဆိုင်းဘုတ်မှာ ရေးသားထားတာက...

"ကိုရီးယားပြန် အကြားအမြင်ဆရာကြီး ထာရောဟင် "

ဟောခန်းမှာ အသစ်ဖွင့်ခါစတူသည်။
အခန်းတွင်းမှာလည်း နှုတ်ခမ်းမွှေးငှက်တောင်ဝဲနှင့် မုတ်ဆိတ် ဖျားလျားချထားသော ဟောဆရာ ထာရောဟင်ဖြစ်ဟန်ရှိသည့် လူကြီးတစ်ဦးကိုသာ
တွေ ့ရ၏။

"တစ်ခါမေးရင် သ ဒ်ဓါ ကြေးက ဘယ်အဝှာပေးရသလဲ ဆရာကြီး"

ဂျော့က မူသေသေနှင့် ဝင်ထိုင်ကာ စူးစမ်းသမှုပြုလိုက်၏။

"မများပါဘူး နှစ်ထောင်ကျပ်တည်းပါပဲကွယ်"

"ဒါဆို ကျန်နော်တစ်ခုပဲ မေးချင်တာပါ
ကျန်နော် ကျိန်းသေအဆိုတော်ဖြစ်ကိန်းရှိတယ်မဟုတ်လားခင်ဗျာ"

"ဟေ..မောင်ရင်က ရှိမရှိမေးတာမဟုတ်ဘဲ ရှိတယ်ဆို တပ်အပ်မေးတာကြီးပါလား၊အကြားအမြင်မှာ အမေးခံရသူကပဲ တပ်အပ်ဖြေပေးတာပဲရှိတာပါ၊မောင်ရင်နဲ့မှ တပ်အပ်အမေးနဲ့ကြုံရတော့တယ်၊သိနေရင်လည်း ဘာလို့လာမေးရတာလဲကွဲ့"

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ပိုခိုင်မာစေချင်လို့ပေါ့ ဆရာကြီးရယ်၊လူဆိုတာက ကိုယ်ယုံကြည်ထားရင်တောင် သူတပါးက ထောက်ခံမှုပေးတဲ့အခါ စိတ်ပိုတက်ကြွပြီး ကြိုးစားချင်စိတ် ဆကဲတတ်တာမဟုတ်လား၊ဖြစ်မယ်လို့ပဲဟောနော်၊မဟုတ်ရင် ဟောခမပေးဘဲထထွက်သွားမှာ "

"ဟေ..မောင်ရင်က တမျိုးပါလား၊သဘောကျ မပြောရင်တော့ ဟောခမပေးဘူးဆိုတော့ ဟောစေချင်ရာပြောမှ ပေးမယ့်သဘောပေါ့၊ကိုယ်လိုရာ အတင်းဟောခိုင်းပြီး ငွေပေးမှာ မောင်ရင်နဲ့မှ ကြုံဖူးတော့တယ်"

ဆရာကြီး ထာရောဟင်လည်း တအံ ့တသြကြီးမိန့်၏။
အတူပါလာသည့် ထက်မြက်က ပြုံးစိစိဖြစ်နေ၏။
ဂျော့ မည်မျှအဆိုတော်ဖြစ်ချင်သလဲဆိုတာ အကြောင်းသိကိုး။

သို့နှင့်
ဆရာကြီး ထာရောဟင်မှာ အာရုံခံသယောင် မျက်လုံးကို မှေးမှိတ်လိုက်ပြီး
ဂိုက်ပေးကြမ်းလျက်...

"အိမ်း..မောင်ရင်ဟာ..
အောင်မြင်ထင်ရှားလူကြိုက်များ
နာမည်ကြီးပေါက်မြောက်သျှမ်းသျှမ်းတောက် အဆိုတော်ဖြစ်မှာ ဧကန်မုချလို့ အပိုမလှော်ဘဲ ကိုယ်တော်မိန့်လိုက်မယ်ကွယ်"

မင်မောင်းကောင်းကောင်းနှင့်သာလျှင်
ရာဇဣန္ဒြေပင်ဆည်၍ တရားသူကြီးအမိန့်ချသလို ပြတ်သားစွာ
ဟောပေးပစ်လိုက်တော့၏။

သည်ဂလောက်ရှိလှ...
မိမိအိပ်ကပ်ထဲခုန်ဝင်လာတော့မည့် ငွေကြေးကို ဘယ်သို့ပင် ပုတ်ချရက်မည်နည်း။ ဟောခံရသူအမြဲမှန်ဟု ဟောကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလိုက်တော့သည်လေ။

ဂျော့ ဟောခပေးချေပြီး အပြင်သို့ပေါ့ပါးစွာပြန်ထွက်လာ၏။

"ငွေကုန်ခံပြီး ဖောက်လိုက်တာ ဂျော့ရာ "

ထက်မြက်အပြောကို ဂျော့က

"ဒါကလည်း စိတ်ဖြေနည်းတစ်မျိုးပဲဗျ၊
ကိုယ်ဘယ်လောက်ဘာဖြစ်ချင်တယ်ဆိုတာ..ကိုယ်တိုင်ကသာ ပိုအသိဆုံးလေ "

"မင်းအခု အဖြစ်က ကြောင်နလံထနဲ့ဇရက်ပိုလီယို ပဲနော်၊ဟိုကလည်း.. ထာရောဟင် ဆိုမှတော့ ထင်ရာဟော..၊မင်းကလည်း အဆိုတော် မှ အတော်ဆိုချင်တဲ့ကောင်...၊ဟူး...နေမြင့်လေ..ခေါင်းပူလေလိုပါလား..."

နေ့လယ်ခင်း နေသည်
သူ့မီးနှင့်သူ လောင်ကျွှမ်း တောက်ပလျက်။
...............................................

မျိုးရိုးဗီဇမဟုတ်ပါဘဲနှင့်
ဝါသနာဘာဂီကသာလျှင်
အောင်မြင်မှုကို ရရှိမည် ဖြစ်သည်။

-ဂျွန် ဘွန်ဂျိုဗီ

.....................................................

#ဂျော့နှင့်အာရုဏ်ဦးလက်ဖက်ရည်ဆိုင်

ဒီဇင်ဘာလ၏ ဝေလီဝေလင်း အာရုဏ်ခင်းတစ်ရက်။

မိုးယံတွင် ဝေမှုံနေသည့် မြူစိုင်တွေက ပတ်ဝန်းကျင်မြင်ကွင်းတွေကို ဝါးတားတားနိုင်စေသည်။

နှင်းခါးတသိုက်၏ ကြွေလွင့်ရိုက်ခတ်မှုကြောင့် မြို့လေးမှာ ခိုက်ခိုက်တုန်လျက်။

သည်ကြားထဲမှ..
အိပ်ရာခင်းကို စောစောစီးစီးစွန့်ခွာလာခဲ့သည့်..ဂျော့။

ကိုယ်လက်သန့်စင်ပြီးသည်နှင့် နေအိမ်ကနေ လမ်းထိပ် လက်ဖက်ရည်ဆိုင်ဆီသို့ အသာလေးလစ်ထွက်လာခဲ့သည်။
ဂျေညီညီသီချင်းထဲကလိုအလွမ်းကဖေးတော့မဟုတ်။အာရုဏ်ဦးလက်ဖက်ရည်ဆိုင်.. မောနင်းတီးဆိုင်။
သည်အတွက်လည်း ညကတည်းကပင်
စားသုံးဖို့ငွေကို ရှာထား ချန်ထားလေ့ရှိသည်။

အချိန်က နံနက် လေးနာရီခွဲခန့်သာရှိဦးမည်။သည်သမယဆိုလျှင်လက်ရည်ဆိုင်တွေက စဖွင့်ချိန်။
ထိုအခိုက်အတန့်လေးမှာ ဆိုင်ထိုင်ရတာ အေးအေးလူလူရှိသည်ဆိုကာ အာရုဏ်ချိန်တိုင်း ထိုဖီးလ်တွင် ဂျော့ ပျော်ဝင်လေ့ရှိသည်။

အအေးဓာတ်ကို ကြိုက်သည်လည်းဆိုသည်၊အအေးဒဏ်ကို အံတုနိုင်အောင်လည်း
သိုးမွှေးစွယ်တာအဖြူရောင်လက်ရှည်၊အနက်ရောင်ဂျင်းဘောင်းဘီ ထူထူတို့ကို အကျအန ဆင်မြန်းထားသေး၏။

ဝေလီဝေလင်းသာမို့ တွဲဖော်လည်းမပါဘဲဆိုင်သို့အရောက်မြန်းလာချိန်တွင် စားသုံးသူလည်းမရှိသေး။
လမ်းမဘက်မျှော်ကြည့်စရာ ကောင်မလေးတွေ ဖြတ်သွားဖြတ်လာ အလန်းဇယား ရှိုးစရာ မြင်ကွင်းလည်း မပီသေး။

ဒါမျိုးကို ဂျော့မတွက်။
ထောင့်ကျကျဝိုင်းတွင် ဝပ်ကျင်းဝင်ခိုလိုက်၏။

သူ့ထက် ငယ်ရွယ်သော
စားပွဲထိုးချာတိတ်လေးလာတော့ မျက်စိတစ်ဖက်မှိတ်ပြရင်း...

"ဆုန်သင်းပါရ်လေးခေါ်လာခဲ့ကွာ"

"ဟင်..စျေးဦးပေါက်ကြီးလာမစပါနဲ့အစ်ကိုရာ..၊ဘာမှာတာလဲ"

"စပါကလင်လေ..၊ဆုန်သင်းပါရ်က စပါကလင်အချစ်ဆိုပြီးသီချင်းဆိုထားတယ်မှတ်လား၊ဒါကို အစွဲပြုပြီး မှာတာလေ.."

"ဟာ..စောစောစီးစီး အေးရအေးနဲ့"

"အေး..ချောစုခင်ပါ ခေါ်ခဲ့ "

"ဗျာ..ဘာရယ် "

"ချောစုခင်က ရေခဲတုံးကြီးသီချင်းဆိုတယ်လေ၊ဒါကြောင့် အအေးပုလင်းငှဲ့ထည့်စရာ ငါးကြင်းခွက်ထဲမှာ
ရေခဲတုံးပါ ထည့်လာဖို့မှာတာ"

"ဟင်..တကယ်လား"

"ဒီနေ့မှစချင်လို့ စတာလေကွာ၊ငါ မျက်စိမှိတ်ပြထားတယ်လေ..၊ဒီအချိန်ကြီး ဘယ်တုန်းက
ဒါမျိုးသောက်ဖူးလို့လဲ"

"ဟာဗျာ..ဒီအချိန်မျက်စိမှိတ်ပြစရာ ကောင်မလေးမရှိတာနဲ့ ကျန်နော့်များ အာသာပြေမှိတ်ပြထားသလားပဲ၊ချောင်ထဲ မှောင်ရိပ်ကျကျမှာ ဝင်ထိုင်တော့ ဘယ်မြင်မိပါ့မလဲ "

အခြေအတင် ပြောဆိုမိကြ၏။မနက်တိုင်းလာထိုင်နေကြမို့ သိကျွှမ်းခင်မင်ရင်းစွဲလည်းရှိနေကြပြီပင်။

"ကဲ အတည်မှာပါဗျာ၊အရင်ကလို..ချစ်ကောင်းနဲ့ဒိုးလုံးပဲမှတ်လား၊အစ်ကို ရှင်းပြထားသလို ကော်ဖီနဲ့နံပြားလေ "

"အေး.."

ဂျော့ ပြောပြထားဖူးသည်လေ။
ကော်ဖီဆိုရင်ခါးခါးသောက်မိတယ်တေးစာသားကို ဆိုသော ချစ်ကောင်းကို အစွဲပြုကာ ကော်ဖီဆိုလျှင် ချစ်ကောင်း။ကျန်နော်ကြိုက်တဲ့နံပြားကိုဟုစာသားထည့်ကာ ဆိုခဲ့သော ဒိုးလုံးကို အစွဲပြုကာ နံပြားဆို ဒိုးလုံးပေါ့။

အဆိုတော်များ၏ ပေါက်ခဲ့သောသီချင်းများကို အစွဲပြုကာ အစားအစာများကို အမည်လိုက် ပညတ်ထားသော ဂီတခရေဇီဂျော့ရယ်လေ..။ဘာကိုမှမနေရပါ။

ရင်ဂို၏ အချစ်နဲ့ပေါင်မုန့်သီချင်းကြောင့် ပေါင်မုန့်ဆိုလျှင် ရင်ဂို(မူရင်းက ဟယ်ရီလင်း ထင်ပါသည်)
လွှမ်းမိုး၏ ပဲပြုတ်သည်မထား သီချင်းကြောင့် ပဲပြုတ်ဆိုလျှင် လွှမ်းမိုး တဲ့။

"သြော်..ပြန်မေးမိလို့ပေါ့၊
ကျန်နော့်ဆိုင်ပိုင်ရှင်ကမှာထားတယ်ဗျ၊
ဝယ်သူအမြဲမှန်တဲ့၊စားသုံးသူလိုအင်ဆန္ဒဆို ဖြည့်စည်းပေးရမယ်၊ခေတ်သစ်စျေးကွက်စီးပွားရေးစနစ်မှာဝယ်သူပြောတာသာ အမှန်တဲ့၊ဒီလိုဆို...အစ်ကိုမှာတဲ့အတိုင်းသာ မရယ်မနောက် အတည်ပေါက်နဲ့ အရောက်ပို့လာချပေးမိရင်တော့...သက်သက်မဲ့ အအေးတွေ မသောက်ဘဲထားထားရင်..အေးကုန်တော့မှာပဲ "

ပြန်စနောက်ရင်း စားပွဲထိုးလေးက ကော်ဖီနဲ့နံပြားသွားယူ၏။
ဂျော့က အဲ့လို အဆန်းကွက်တွေသုံးသည်။
လာတော့ လက်ဖက်ရည်ဆိုင်။
သောက်တော့ ကော်ဖီ ။
နံပြားကို သူများတွေလို လက်ဖက်ရည်နှင့် တွဲမစား။
ကော်ဖီနဲ့တွဲစားသည်။

"မင်းလာချလည်း ငါက အားနာပြီး
တဂတ်ဂတ်နဲ့မေးရိုက်ခံသောက်မိမှာပါပဲကွာ၊သီချင်းဆိုတဲ့အခါ မေးရိုက်သံထည့်ဆိုရတယ်ဆိုတာ ရှိတယ်လေ..၊တခါတည်း ကျင့်ပြီးသားဖြစ်တာပေါ့..အဟဲ"

သို့နှင့်..
လက်ဖက်ရည်နှင့်နံပြားကို တွဲစားရင်းမှ
ဂျော့စိတ်ထဲတွင် တစ်စုံတခုကိုပါသာ စားလိုစိတ်အာသီသရှိလာသည်။

သို့သော် ထိုအစားအစာတမြည်ကို ပါးစပ်ဖျားလေးတင် အမည်မေ့နေသည်။

ထို့ကြောင့်.. စားပွဲထိုးလေးကို ထပ်မံ
ခေါ်ယူ၍..

"ဟိုကွာ..တြိဂံပုံစံလေးနဲ့မုန့်လေ..အထဲမှာ ကြက်သွန်တို့ အာလူးတို့ကို ထာပနာ အစာသွပ်ထားတဲ့မုန့်လေ၊အဲ့ဒါ စားချင်လို့.."

စားပွဲထိုးလေး ခေါင်းခြောက်သွားပြီ။
ခဏနေမှ သဘောပေါက်သွားပြီး

"ဒါ..မှတ်လား၊စမူဆာလေ အစ်ကိုရဲ့၊
အာရုံစားမနေနဲ့တော့၊ဒါပဲစားလိုက်တော့.."

စမူဆာတစ်ပွဲကို သွားယူကာ လာပေးရင်း ပြောသည်။

"အေးကွာ..စမူဆာကိုခေါ်ဖို့ကျ ညွှန်းစရာ သီချင်းကမရှိတော့ ငါလည်း မေ့နေတာ...၊ငါ အဆိုတော်ဖြစ်မှ စမူဆာစားချင်တယ်ဆို လုပ်ဆိုဦးမယ်..အဟဲ"

ဂျော့က ရယ်သွမ်းပြန်ပြောလိုက်ရင်း

"ဒါနဲ့.. မင်းတို့ဆိုင်က မနက်မနက်ဆို တိတ်ဆိတ်ခြင်းမင်းမူရင်မူ၊ဒါမှမဟုတ် တရားခွေဖွင့်ရင်ဖွင့်ဖြစ်နေတာ၊ဒီနေ့တော့ ငါ့ကို IC Showခွေလေးဖွင့်ပေးပါလားကွာ၊မင်းပြောတော့ ဝယ်သူအမှန်ကျင့်သုံးရမယ်လို့ ဆိုင်ရှင်က မှာထားတယ်ဆို၊ငါက အမြဲဖောက်သည်ပဲကို "

တောင်းဆိုလိုက်ရာ စားပွဲထိုးလေးလည်း...

"အင်း..ဝယ်သူအမှန်...အမြဲမှန်..ဒါပေမယ့် ဆိုင်ရှင်က မနိုးသေးတော့ ဆူခံထိမှာတော့စိုးတယ် "

ဟု ရေရွတ်၏။

"သူပဲပြောထားတာလေ"

ဂျော့က ထပ်ကွန့်အဓွန့်တက်တော့

"ဟုတ်ပြီဗျာ..ဖြစ်စေရမယ်"

ဆိုပြီး အခွေသွားဖွင့်၏။

"အသံကျယ်ကျယ်လေးနဲ့တစ်ပုဒ်.."

ဂျော့က လှမ်းပြောသေး၏။

မကြာ..

အလင်းရောင် ဟု လေးဖြူ၏ အသံအောင်စွာ အော်ဆိုလိုက်သော သီချင်းက နံနက်ခင်းကို လှန့်နိုးလိုက်တော့သည်။

ဂျော့လည်း စမူစာစားရင်း တေးအလိုက်နှင့် စည်းချက်လိုက်ကာ ငြိမ့်သည့်အခိုက်...။

"ဟာ..စောစီး ဟဲဗီးသီချင်းထဖွင့်ရသလား၊ငါ အိပ်တုန်းမို့ ရွဲ့တာလား"

ဆိုင်တွင်းတနေရာမှ ပိုင်ရှင် လန့်နိုးလာဟန်ရှိသည်။စားပွဲထိုးလေးကို ဆူငေါက်တော့သည်။

စားပွဲထိုးလေးလည်း မျက်နှာမန်ကျည်းရွက်လောက်ငယ်သွားကာ

"အာ..မဟုတ်ပါဘူးဆရာ၊ဆရာပဲ ဝယ်သူအမြဲမှန်ဆိုလို့ ဖွင့်ပေးတာပါ၊စားသုံးသူ ဟိုအစ်ကို က ဖွင့်ခိုင်းလို့ပါ
၊သူ့အကြိုက်ကို လိုက်လျောမိတာပါ၊တလေးတစားဆက်ဆံရမယ် ဆိုတဲ့ သင်ပေးထားတဲ့ စနစ်အတိုင်းပဲလေ၊ ဘာမှားလို့လဲဟင်"

"ဟာ..မင်းကတော့..ကာလံဒေသံ အခြေအနေအချိန်အခါကိုလည်း ကြည့်ဦးပေါ့ဟ၊လှေနံဓားထစ်အတိုင်းမမှတ်နဲ့လေ.."

အချင်းများနေစဥ်..
သီချင်းသံကြားက ထွင်းဖောက်ကြားနေရသောဂျော့က..

"ဒါဆို ကျန်နော်လည်း ထပြန်ရုံပဲလေ၊ကျန်နော်က ကျန်တာတွေသာ သဘောကောင်းမယ်..Musicနဲ့ပတ်သက်လာရင်တော့ ဆတ်ဆတ်ထိမခံနိုင်ဘူး၊နောင်လည်း လာထိုင်အားမပေးတော့ဘူး "

ခပ်တင်းတင်းဝင်ပြောလိုက်၏။
သည်တော့ ဆိုင်ရှင်က လေသံမမာဘဲ

"ဒီက..ချစ်ညီလေးကလည်း..စိတ်ချည်းပဲ၊မိုးတောင်စင်အောင်မလင်းသေးချိန်မို့ပြောရတာပါကွာ"

"ကျန်နော်ကတော့ ဘယ်အချိန်မဆို တရေးနိုးထဖွင့်လည်း ကြိုက်တယ်"

ဒိုးဒိုးဒေါက်ဒေါက်နဲ့ပြောရင်း ကမူးရှူးထိုး ထထွက်၏။

ထိုအခါ...သူ့နောက်ကို စားပွဲထိုးလေးက လိုက်ဆွဲ၏။

ဝယ်သူအမြဲမှန်စနစ်အရလား..။
ကြည့်ပါ..။

"အစ်ကို စားထားတာတွေ ပိုက်ဆံမရှင်းရသေးဘူးလေ.."

"အန်..."

.....................................................

ဂီတသည်
စကားမဆိုနိုင်သော ဘာသာစကား
ငြိမ်နေ၍ မရသော ဘာသာစကားဖြစ်သည်။

ဗစ်တာဟူးကိုး
ပြင်သစ်ကဗျာဆရာနှင့်
ဝတ္တုရေးဆရာ

...............................................

#ဂျော့နှင့်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းလေး

ဂျော့က ခရစ်ယာန်ဘာသာဝင် ဖြစ်သောကြောင့် တစ်ပတ်လျှင်တစ်ကြိမ်
ဘုရားကျောင်း သွားတက်လေ့ရှိသည်။

တနင်္ဂနွေတစ်ရက်။

ဘုရားကျောင်းသို့ သွားရာ မြေနီလမ်းလေး၏ ခေါ်ဆောင်ရာအတိုင်း ဂျော့ စက်ဘီးကလေးနင်းကာ ဝင်ရောက်လာခဲ့သည်။

ဘုရားကျောင်းဧရိယာရပ်ဝန်းအတွင်းသို့ရောက်ပြီဆိုကတည်းက ဆိတ်ငြိမ်အေးချမ်းသည့် အရိပ်အာဝါသက ဆီးကြိုနှုတ်ဆက်၏။

ဘုရားကျောင်းရှေ ့ရှိ ပင်လုံးကျွတ် အရွက်ကြွေနေသည့် ပင်လယ်အုန်းပင်၏ ရိုးတံကျဲကျဲဖြင့် ကဗျာဆန်နေမှုပုံရိပ်အောက်တွင် စက်ဘီးကို အနားပေးခဲ့သည်။

ထို့နောက် ဘုရားရှိခိုးရာ ခန်းမဆောင်ထဲသို့ ချဥ်းနင်းဝင်လာမိတော့သည်။

"ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့
ငါ့ထံလာကြကုန်လော့၊
ငါသည် ချမ်းသာမှုကို ပေးမည် "

မဿဲ ၁၁:၂၈

စင်မြင့်အထက်တွင် ရေးသားချိတ်ဆွဲထားသော ရွှေအိုရောင် စကားလုံးတွေက ကြက်သရေအပေါင်းခညောင်းလျက် အသက်ဝင်တောက်ကြွားနေ၏။

အနှီ စင်မြင့်ပေါ်တွင်ပင် နှစ်ခြင်းကန်ငယ်ကလည်း တင့်တည်စွာရှိသည်။

ခန်းမအတွင်းတွင် ဘုရားကျောင်းလာတတ်သူ လူကြီးလူငယ်များဖြင့် ပြည့်နှက်နေသည်။သိုးမည်းဟောင်းများလည်းပါဝင်ပေလိမ့်မည်ထင်သည်ပေါ့။

ဝတ်ပြုဆုတောင်းမပြုကြသေးခင်
သင်းအုပ်ဆရာဆီထံ မဝံ့ချဥ်းဝံ့၊ဝံ့ကပ်ဝံ့ အမူအရာလေးနှင့် ဂျော့ အသာသွား၍

"ဆရာ...၊ဒီနေ့တော့ အားလုံးရဲ့ရှေ့မှာ
လူငယ်တွေကိုယ်စား ဓမ္မတေး သီဆိုခွင့်ရဖို့ ပွဲထုတ်ပေးပါလားခင်ဗျာ"

သည်တော့ နားလည်သွားဟန်နှင့်.. သြော်..အင်း..ဟုသာဆိုကာ ခေါင်းဆတ်ပြ၏။

ဘုရားကျောင်းမှာက နံနက် ကိုးနာရီမှ နေ့လယ် ဆယ့်နှစ်နာရီအထိ လူကြီးလူငယ် အကုန်စုံကာ ဘုရားဝတ်တက် ဓမ္မတေး သီဆိုကြ၏။

ဓမ္မတေးဆိုရာတွင် လူကြီးများကို ဦးစားပေးရသည်။သူတို့အရင်ဆိုပြီးကာမှ
လူငယ်များထဲမှ တစ်ဦးသာ သီကျူးခွင့်ရသည်။

ထို့နောက် ဘုရားကျောင်း ဆင်းလေသည်။

ထို လုငယ်များအလှည့်တွင် ကိုယ်စားသီဆိုခွင့် အမြဲရနေသူက ကရင်မလေး
အစ်ဇ်ဘဲလား။
အပတ်စဥ် ဘုရားကျောင်းတက်ရသည် ့
Sunday school တိုင်း သင်းအုပ်ဆရာက သူအသံကောင်းသည်ဟု ယူဆဟန်တူသော သူမ ကိုသာ နေရာပေးသလို ဖြစ်နေသည်။
ကျန်လူငယ်များမှာ စာရင်းဝင်မရသလိုပင်။

ဂစ်တာသာတီးခွင့်ရကြ၏။

ဂျော့ကတော့ အစ်ဇ်ဘဲလားလို ပွဲသွင်းခံခွင့်ရချင်နေသည်။
တနေ့ သူသင်းအုပ်ဆရာသာဖြစ်ခဲ့လျှင်
လူငယ်တိုင်းကိုအပတ်စဥ် အလှည့်ကျ
ပွဲထုတ်ပေးမည်ဟုပင် တေးမိ၏။

ဘုရားကျောင်းတွင် လူကြီးတွေပြန်ကြပြီးနောက် လူငယ်တွေချည်း ကျန်ရစ်ကြလျှင် အချင်းချင်း သီဆိုကြသော အစီအစဥ်တော့ရှိသည်။

ဒါကို ဂျော့က အားမရ။

လူကြီးတွေပါ ရှိနေတုန်း မိမိအသံကို
ပြသခွင့်များ ရလိုသည်။
အစ်ဇ်ဘဲလားကသာ ဆိုခွင့်ချည်းရနေသည်ကို မနာလိုသည်မဟုတ်သော်လည်း ကျန်သူများအပေါ် မျှတခွင့်ပျက်ကွက်နေသည်ဟု စိတ်မသက်မသာဖြစ်နေမိသည်။

သို့နှင့်...လူကြီးတွေရှေ့မှာပင်
အဆိုဝင့်ကြွားပြချင်နေသည့် ဂျော့။
ယခုလည်းသူတို့ဆိုပြီးချိန်မှာ မျှော်လင့်မိပြန်သည်။

သို့သော်..သင်းအုပ်ဆရာမှာ လူအများနှင့်မို့လားမသိ။
ဂျော့ပြောထားစကားကို မေ့လျော့သွားလေသလား။

ပုံမှန်ဆိုခွင့်ရနေသော အစ်ဇ်ဘဲလားကသာ ဓမ္မတေးကို ကျူးရင့်ခွင့် ထပ်ရသွားပြန်သည်။

သူမကို အားကျစွာနှင့် ငေးကြည့်ရင်း
ဂျော့ရင်ထဲ ...ငါသာအဆိုတော်ဖြစ်လာရင်တော့...
သည်ထက်မက လူစုံလူမြင်ကွင်းထဲမှာ
ဆိုခွင့်ရဖို့နေရာပေးကြမှာပဲ ဟူသော
အတွေးတစ်ရပ်ကိုဘုရားသခင်ထံမှ တွန်းအားပေးမှု ခံစားရလေသည်။

...............................................................

17လူသား၏ လုပ်ရပ်အားလုံးသည်
ဆန္ဒ၏ တွန်းအားပေးမှုကြောင့် ဖြစ်သည်။

-ဘာထရန်ရပ်ဆဲ

......................................................

#ဂျော့နှင့် ကုန်စည်ကာရာအိုကေပြပွဲ

ဂျော့နှင့်ငယ်သူငယ်ချင်းများဖြစ်သော
ကျော်ကျော်၊ကြည်သူ၊မင်းချမ်းတို့
လက်ဖက်ရည်ဆိုင် ထိုင်နေကြသည်။

ညဦးသန္ဓေစပျိုးချိန်မို့ မှောင်ရိပ်က ဝေလာသည်။

"ငါမေးတာ ဖြေနိုင်ရင် ဒီဝိုင်းကို ငါရှင်းပေးမယ် "

လက်ဖက်ရည်၊ကော်ဖီ၊မုန့်မျိုးစုံတို့ ကို
စားသောက်ကြရင်း ဟိုပြောဒီဆိုရှိနေကြရင်းဖြင့် ဝိုင်းလေးကစည်နေတုန်း
ဂျော့က စိန်ခေါ်သလို ပြောလိုက်ဟန်ကြောင့်...ကျော်ကျော်က

"မဖြေနိုင်ရင်ကော.."

"မဖြေနိုင်ရင် ငါစားသောက်ထားတာ ရှင်းပေးပေါ့၊ဥာဏ်စမ်းကြရအောင်၊သုံးယောက်တစ်ယောက်ပေးထားတာနော်"

"အေးလေ၊အပျင်းပြေပေါ့"

ကြည်သူကပါ ဝင်ပြောလာသည်။

ဂျော့က

"ဒီလိုကွာ..၊လင်တော့လင်ကွာ၊ဒါပေမယ့် ယောကျ်ားမဟုတ်တဲ့ လင်ရှိတယ်၊
အဲ့ဒါ ဘာလဲ "

"အာ..လင်ဆိုမှတော့ ယောကျ်ားပဲရှိမှာပေါ့ကွ၊မယားမှ ယောကျ်ားမဟုတ်တာဖြစ်မှာပေါ့"

မင်းချမ်းက ဝင်ထောက်သည်။
သို့သော် သူတို့ စဥ်းစားမရသဖြင့် ပန်းပေးလိုက်ရသည်။
ဂျော့က

"မယ်ဒလင် "

"သြ..မင်းက ဂီတခရေဇီပီပီ ဂီတပစ္စည်းဖွက်တာကိုး၊ဒါဆို ငါတို့လည်းပြန်ဖွက်မယ်၊ မင်းမဖြေနိုင်ရင် ငါတို့ စားသမျှရှင်း"

ကျော်ကျော်က တဖန်ပြန်ပြော၏။

"ရပါတယ်ကွာ..ရတယ်"

"တောင်တော့တောင်၊တက်မရတဲ့တောင်ကွာ "

ကြည်သူက ကြားဝင်မေးလာသည်။
ဂျော့က ပြုံးလိုက်ရင်း

"ငှက်ကြီးတောင်"

"ဓားနာမည်ကိုတောင် စဥ်းစားမိသားပဲ"

အဖြေမှန်သွားသဖြင့် ကျော်ကျော်က
ချီးကျူး၏။

"ငါ ပြန်မေးမယ်၊ပုလွေတော့ ပုလွေ မှုတ်လို့မရတဲ့ပုလွေကိုသိချင်တယ်"

ဂျော့က ပြန်အမေး။
မင်းချမ်းက..

"မင်းမေးတာ ဂီတထဲကပစ္စည်းပဲလား"

"မဟုတ်ဘူး.. "

နောက်ဆုံးမည်သူမှတွေးမရသဖြင့်ပြန်မေးကြရသည်။ဂျော့က

"ဝံပုလွေ.."

"အာ..ဟုတ်သား၊ဒါဖြင့် ငါ ဒီတစ်ခါမေးမယ်၊ ဘီယာတော့ဘီယာ သောက်မရတဲ့ဘီယာ"

ကျော်ကျော်က အမေး။

်"ကိုလံဘီယာ "

"နိုင်ငံထိတောင်မှန်အောင်တွေး နိုင်သားပဲ"

မင်းချမ်းက ထောပနာပြုပေးပြန်သည်။

"ဒါဖြင့် တို့ပေါင်းပြီး ဂျော့ စားသောက်ထားသမျှ စုရှင်းပေးရတော့မှာပေါ့"

ကျော်ကျော်ကပြောသည်။

"ကဲ..ခဏနေရင်တော့ ကုန်စည်ပြပွဲ သွားကြည့်ကြစို့ဟေ့"

မင်းချမ်းကဆော်သြလာသည်။

ဟုတ်သည်။

ဂျော့တို့ လက်ဖက်ရည်ဆိုင်မှာ အခုလို လူစုံနေခြင်းသည် သွားစရာတစ်ခုအတွက် ရည်ရွယ်သည်။

ယခုည
ဂျော့တို့မြို့လေးရှိ မြို့နယ်ဘောလုံးကွင်းဟောင်းထဲတွင် ကုန်စည်ပြပွဲရှိသည်။

ထိုပြပွဲတွင် ပြသထားမည့် လူသုံးကုန်ပစ္စည်းများကို ကြည့်ရှုကြရင်း အဖွဲ့လိုက်ပွဲစျေးတန်းလျှောက်ကြမည်ဖြစ်သည်။

ပွဲစျေးသွားရန် စောသေးသည်ဟု ထိုင်နေကြသေးသောလက်ဖက်ရည်ဆိုင်မှ ထွက်လာကြတော့ အမှောင်ထုက လွှမ်းမိုးနေပြီ။

သို့ဖြင့်..
ကုန်စည်ပြပွဲကျင်းပရာ ဝန်းအတွင်းသို့
ချဥ်းနင်း ဝင်လာခဲ့ကြ၏။

လျှပ်စစ်မီးအလင်းရှိန်အောက်တွင် အရောင်းပြခန်းဆိုင်တွေမှာ ရောင်းသူဝယ်သူ အသံတူကာရောင်းဝယ်ဖောက်ကား ကြိတ်ကြိတ်တိုးနေသည်။

ပွဲစျေးတန်းကလည်း စားသောက်ဖွယ်နှင့် အခြားဆိုင်များက ဖွယ်ဖွယ်ရာရာ။

ဟိုငေးဒီကြည့်ရင်း ကာရာအိုကေဆိုင်ဖွင့်ထားသော နေရာဆီသို့အရောက်..။

ဂျော့က မပြောမဆိုနှင့် စွပ်ခနဲ ဆတ်ခနဲ
ဝင်ချသွား၏။
သည်တော့ ကျန်သုံးယောက်လည်း တြိဂံလို ဦးတည်ရာ တဖက်စီ ချွန်ထွက်နှင်၍မရ။ လူစုမကွဲအောင် ဂျော့နောက်က လိုက်ဝင်လာရသည်ပေါ့။

ဆိုင်အတွင်းရှိ ဆောင်းဘောက်အကြီးစားများကို ဂျော့အတွေ့..။ရေရေလည်လည် ဘဝင်ကျ မနောခွေ ့မိသွား၏။

"တစ်ပုဒ်ကို ဆိုခ ဘယ်လောက်လဲ"

"တစ်ထောင်ဖိုး သုံးပုဒ်ပါ "

ဂျော့၏စူးစမ်းလိုက်မှုကို ဆိုင်ရှင်က ခွန်းတုံ့လှယ်သည်။

"ဒီ့ပြင်မှာဆို..တစ်ရာဖိုးကိုသုံးပုဒ်ရတယ်၊စျေးကြီးလွန်းတယ်၊ပွဲထဲမှာမို့ရိုက်စားလုပ်တာ၊ဆိုမနေပါနဲ့ကွာ"

ဂျော့ကို ကျော်ကျော်က အသာကပ်ပြီး
တားဆီး၏။

သို့သော် လက်သင့်မခံသည်က ဂျော့ရယ်လေ။

"ဒါက မတူဘူးကွ၊ဆောင်းဘောက်တွေက ဟဲဗီးကြီးတွေ၊ဆိုချလိုက်ရင် ထွက်လာမယ့်အသံက ဟိန်းနေမှာပဲ၊ရှယ်ကောင်းမှာ၊ငါ့အသံကို အဆိုတော်မဖြစ်သေးခင် ဖြစ်မယ်လို့မထင်သူတွေကော..အသံကာလာအနေအထားရှယ်ပဲဆိုအံ့အားတသင့်နဲ့ဖြစ်သွားစေဖို့ တကွင်းလုံး တမြို့နယ်လုံးအထိ ကြားရအောင် တစ်ထောင်လောက်တော့ ရင်းသင့်တယ်"

ရော်..။
သို့နှင့် ဂျော့မှာ..သူမျက်စိကျနေအိသည့် ဆောင်းဘောက်ကြီးများ၏ စွဲဆောင်မှုဖြင့် အဆိုမှာတော့ ဂျော့စူပါ ဟူသည့် ဇာတ်လမ်းဝင်ရိုက်လေသည်။

သူ့ကိုယ်သူ မိုက်ခဲသည့်နေရာမှာ လှစ်လှစ်ကလေး ပါးနပ်သည်ပေါ့လေ။

သူအကြိုက်ဆုံးအဆိုတော် လေးဖြူ၊အာဇာနည်တို့၏ သီချင်းများကို ဖွင့်ခိုင်းကာ ဆိုင်ရှင်ပင် ရင်တမမဖြစ်အောင် ဘောက်ကွဲမတတ် သောက်တလွဲမမှတ်နဲ့ဟု ဆိုကာ ကျုံးအော်ဆိုတော့လေသည်တကား။

အသံထရိန်နင်ဆင်းသလို..
ကုန်စည်ပြပွဲမှာ သူ့အသံကိုပင် ပြသနေလိုက်သည်မှာ...

"အလင်းရောင်....."

"မင်း..ငါ့ကို..ဖြတ်လိုက်တော့...."

................................................................................

အကယ်၍
ခံစားတတ်လျှင်
အရာရာတိုင်းတွင်
ဂီတရှိသည်။

-ဘိုင်ရွန်

အင်္ဂလိပ်လူမျိုးကဗျာဆရာ

#ဂျော့နှင့်သဲသောင်ပြင်

မြို့လေးတွင် သီချင်းခွေများသီးသန့်ရောင်းချရန် စတင်ဖွင့်လှစ်လာသော ဆိုင်သစ်ကလေးတစ်ဆိုင်ရှေ့။

"အဆိုတောှ ဂျော့ ရဲ့..သဲသောင်ပြင် စီးရီး ရှိလားခင်ဗျ.."

လူငယ်လေး၏ အမေးကို ဆိုင်ရှင်က..

"အသစ်ထွက်လာတဲ့ အဆိုတော်သစ်လား၊တခါမှ မကြားဖူးသေးလို့ပါ "

"သူက ဒီမြို့ခံပဲလေ၊သူ့အခွေ ပရိုမိုးရှင်းပွဲကိုတောင် မနေ့ကပဲလုပ်တာ၊အစ်ကိုကလည်း အခွေဆိုင်ဖွင့်ရောင်းမယ်ဆို ပိုလေ့လာထားသင့်တာပေါ့၊ပေါက်မယ့်အခွေဗျ၊အစမ်းနားထောင်ကြည့်ပြီးပြီ၊သီချင်းတွေ အကုန်မိုက်တယ်ဗျ "

လူငယ်လေးက အခွေမရ၍ ရှုတင်းတင်းဖြစ်သွားဟန်နှင့် ပြောသည်။

"သြော်..ဟုတ်ကဲ့..ဒါဆို ..ဒီတစ်ခါ ရန်ကုန်တက်ရင်...မေးစမ်းဝယ်လာပေးမှာပါ"

"တင်ပေးနော်..၊
သူ့ရဲ့ ကြော်ငြာဘီဘုတ်တွေတောင် ရန်ကုန်က လူစည်ကားတဲ့ မြေနီကုန်း လှည်းတန်း ဆူးလေ စတဲ့ မီးပွိုင့်နေရာတွေမှာ ဟဲဗီးအကြီးကြီးတွေ ဧရာမ ရှယ်ထောင်ထားတာဗျ၊
ကျောက်ခေတ်လူသားနားဂစ်တာတီးပြရသလို...ဆိုင်ဖွင့်ပြီး နားမလည်မလုပ်ကြပါနဲ့ဗျာ၊မှတ်ထားနော်..
အဆိုတော် ဂျော့ရဲ့ သဲသောင်ပြင်..စီးရီး"

မှာပုံတော် ထပ်တင်ဖွင့်၍ အပြောစီးသွားသေးသည်။

ဆိုင်ရှင်လည်း အူလည်လည်ဖြင့်ကျန်ရစ်ခဲ့၏။

တကယ်က လာမေးသော လူငယ် ကိုယ်တိုင်က ဂျော့..။

မည်သည့် စီးရီးမှလည်းမသွင်းဖူးသေး။
သူ့ဖြစ်လိုရာဆန္ဒကို ဆိုင်သစ်အားအခွင့်ကောင်းယူပြီး ညာတာပါတေးလာရိုက် ကြပ်ပေးသွားခြင်းဖြစ်သည်။

ဆိုင်ဟောင်းတွေနဲ့က သူအခွေဝယ်နေကျမို့ အကျွှမ်းဝင်သည်။

အခွေဆိုင်သစ်ဖွင့်သံကြားတော့
လာစူးစမ်းရင်း အခြားအဆိုတော်တွေအခွေကို ကြည့်ကာ သူလည်း အမတန်စီးရီးထုတ်ချင်စိတ်က ပိုမိုထက်သန်လာပြန်သည်။ သို့နှင့် သူ့ အာရုံကိုသူအားပေးခြင်းကို ဆောင်နှင်းကာ ဆိုင်ပိုင်ရှင်ကို ရုပ်တည်ကြီးနှင့်ပင် အာရွှီးပေးခဲ့ခြင်းပင်ဖြစ်သည်။

တမြို့တည်းသားချင်းပေမယ့် ဂျော့ကို မသိသော ဆိုင်ရှင်မှာ တပတ်လှိမ့်ခံလိုက်ရရှာလေသည်။

သို့ဖြစ်ရာ..သင်တို့ ဂျော့ကိုသိဖို့လိုပါသည်။

ထိုသို့ အဆိုတော်ခရေဇီ ဖြစ်ရပါသော ဂျော့...။

.........................................................

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )Elio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞လွမ်းသမျှ စာတင်