Author's Profile Photo

Tawtawti

27/06/2025

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)

6 mins read
Art

#မိုင်နိမ်းအစ်(စ်)ဂျော့

ဂီတနောက်ခံဟာသလုံးချင်းဝတ္တု

#တော်တော်တည်


အပိုင်း(1)

.........................................................

ဝါသနာဆိုတာ
အတိတ်ကကောင်းမှုကြောင့်
သုခဝေဒနါကိုဖြစ်စေ
ဒုက္ခဝေဒနါကိုဖြစ်စေ
စိတ်သန္တာန်မှာ ပေါ်ပေါက်စေတဲ့
အမျိုးအစား။

-ချိုင်း(လ်)ဒါး
အနောက်နိုင်ငံသား
ပါဠိပညာရှင်ကြီး

......................................................

#မွေးခန်းအော်သံ

"ဂျိမ်း"

လျှပ်စီးတပြက် လင်းခနဲအလက်...။
ကျယ်လောင်သော မိုးခြိမ်းသံသည်
ကမ္ဘာမြေသို့ ထိုးဖောက်ဝင်ရောက်လာ၏။

ထိုတုန်ဟီးမှုကိုပင် ဖုံးလွှမ်းသွားအောင်ပင် ယှဥ်လျက်ထွက်ပေါ်လာသည်က..

"အူဝဲ"

အူဝဲဆိုသည်မှာ..မြန်မာမင်းသမီးချော အိန္ဒြာကျော်ဇင် ၏ ငယ်နာမည်ကို မဆိုလိုပါ။

မွေးကင်းစကလေးငယ်တစ်ဦး၏
မိခင်ဝမ်းကြာသိုက်မှ ကျွတ်လွတ်ခြင်း ပင် အာခေါင်ခြစ်ဟစ်အော်လိုက်သည့် အသံသာပင်။

နေရာကား... ရန်ကုန်မြို့နှင့် မိုင်(30)ကျော်အကွာအဝေးရှိသော နယ်မြို့လေး၏ ဆေးရုံသားဖွားခန်းတစ်ခုအတွင်း။

"အူဝဲ..ဘူလဲ..လူပဲ.."

ဆက်၍လည်း
ထိုနီတာရဲလေး၏နှုတ်ခမ်းဖျားဆီမှHeavy Metal နှုန်းအလား မမောစတမ်းရှိနေခြင်းကြောင့် သားဖွားဆရာဝန်ကြီးဒေါက်တာငြိမ်းကပင် ပြုံး၍..

"အာဂပါးစပ် လူဖြစ်ရကျိုးနပ်လေအောင် မိုက်ခရိုဖုန်းတွေလှူခဲ့သလားထင်လောက်ရတဲ့ အသံပိုင်ရှင်လေးပါလားဟေ့ "

မှတ်ချက်ပြု သြချယူရ၏။

သူနှင့်သူနာပြုဆရာမများသည် အပြင်တွင် သည်းမည်းစွာရွာသွန်းဖြိုးနေသည့် အားကောင်းမောင်းသန်ဝဿန်ဟန်ကို အံတုလျက်က မိုးတဝေါဝေါတွင် ဇောချွေးတဖြိုက်ဖြိုက်နှင့်ပင် ကိုယ်ဝန်ဆောင် မိခင်ဆီကရင်သွေးငယ်ကို ချောမွေ့စွာ မွေးဖွားနိုင်ရန် စွမ်းစွမ်းတမံ ကြိုးစားခဲ့ရ၏။

ထိုအခိုက်အတန့်... ။

"အူဝဲ...အူဝဲ.."

ဘေးချင်းကပ်ရပ် မွေးလူနာအခန်းထဲမှသည်လည်း ဖွားမြင်စကလေးငယ်တစ်ဦး၏ လောကကြီးကို မိတ်ဆက်သံတစ်သံက ဆင့်ကဲ ထွန်းကားလာပြန်လေသည်။

တစ်နေ့တည်းမှာပင်
သွေးမတော်သားမစပ် ကလေးငယ်နှစ်ဦးတို့ စီနီယာနှင့်ဂျူနီယာအဖြစ် ဖွားဖက်တော်သဖွယ် ဖွားမြင်လာခဲ့ကြခြင်းဖြစ်တော့၏။

.......................................................

လူတွေမွေးဖွားလာတဲ့အခါ
အားသာချက်တွေ
အားနည်းချက်တွေ
ပါလာကြစမြဲပါ
ကိုယ့်အရည်အချင်းအစစ်အမှန်ကို
ဖော်ထုတ်ပြီး
ဓနငွေကြေးရှာနိုင်ရမယ်။

-ဘီအိုရေလီ

.......................................................

#မွေးရာပါနိမိတ်

မိုးကရွာနေတုန်းသာ ဝုန်းဒိုင်းကြဲချ၏။
အခုတော့..သူမဟုတ်သလို ကောင်းကင်တခွင်က ကြည်လင်နေသည်။
ရွှန်းလဲ့စွာထွက်ပေါ်လာသောနေခြည်အလင်းသည် ကမ္ဘာမြေကို ရိုက်ခတ်လျက်...။

သည်အချိန်အထိ အံ့ဖွယ်မနား မရပ်တန့်သေးသည်က စီနီယာကလေးငယ်၏ အာပြဲနေသံလှိုင်လှိုင်သာ။
သူသန္ဓေ ဖွားတည်ရာခန်းအတွင်းမှ
ဆရာဝန်ကြီးဒေါက်တာငြိမ်း ထွက်လာသည်။

ထို့အတူ
မရှေးမနှောင်းမှာပင် ဇာတ်တိုက်ဆိုသလို...
တဖက် သားဖွားခန်းအတွင်းမှလည်း လက်ထောက်ဆရာဝန်ကြီး ဒေါက်တာ သက်နှင်း က ခြေလှမ်းမှန်မှန်ဖြင့်ထွက်ချလာသည်။

ထိုအခါ အခန်းများအပြင်ဘက် ထိုင်ခုံတန်းတွင် အတူထိုင်နေကြသော စောသိန်းဝင်းနှင့်စောဂလယ်မှူးတို့သည် တပြိုင်နက်လိုပင် မတ်တပ်ထရပ်လိုက်ကြ၏။

နောက်...

ကိုယ်စီကိုယ်ငှ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြရပုံဇောဖြင့် ကိုယ့်မွေးလူနာနှင့်သက်ဆိုင်သော ဆရာဝန်ကြီးတွေဆီ
အနီးကပ်သွားရောက်ကြလေ၏။

နိုင်ငံ့အကြီးအကဲများဆီ ကပ်ပြီး အင်တာဗျူးဝင်သည့် သတင်းထောက်များကဲ့သို့ ပြုမူလိုက်ကြပုံများ..

"ကျန်နော့်..အမျိုးသမီးမီးဖွားမှုအခြေအနေ ချောမွေ့ပါရဲ့လား..ဒေါက်တာ"

စောသိန်းဝင်း၏အမေးကို ဒေါက်တာငြိမ်းက အေးဆေးအထာနှင့် လက်ကာပြရင်း

"လူကြီးရော.. ကလေးပါ စိုးရိမ်စရာ.မရှိပါဘူး..OKပါတယ်.."

"အို..ဘုရားသခင်ကောင်းချီးပေးတော်မူတာပဲ၊ဒါနဲ့.. ဘာလေးမွေးတာလဲ..ဒေါက်တာ.."

သိလိုမှုကို ဘရိတ်လွှတ် ထပ်အမေး...။

"ကမ္ဘာဂြိုဟ်သား ကရင်လူကောင်လေးပါတဲ့"

ပေါင်မုန့်အုန်းနို့စမ်းလို နူးညံ့ချိုသာသည့်အပြုံးဖြင့် ဒေါက်တာငြိမ်းက ခပ်သောသော ရွှင်ရွှင်လေးတုံ့ပြန်လိုက်၏။

ပြီးမှ...

"ကျားဆိုမှကျားပါတဲ့ဗျား၊အသံကလည်းအောင်ချက်က မွေးကတည်းက
အတိုင်းထက်အလွန် အော်ဟစ်နေတာထောက်ရင် ကြီးလာရင်.. ဧကန္တ.. Rock အဆိုတော်လုပ်မယ့်ဗီဇပါလာပုံပေါက်တယ်"

"ဗျာ"

ဒေါက်တာငြိမ်း၏ ကြိုတင်နိမိတ်ပုံတောင်
ပြလိုက်ခြင်းကို စောသိန်းဝင်းမှာ အာမေဋိတ်ပင်ပြုမိ၏။

"အဲ့ဒါ..စီးရီးထုတ်ပေးနိုင်ဖို့ကိုသာ
အခုကတည်းက..ငွေစုပေးထားပေရော့"

ထိုစဥြ...
တဖက်မှာလည်း..စောဂလယ်မှူးက ဒေါက်တာသက်နှင်းထံ သိလိုသည်များ စူးစမ်းအပြီး

"ကျန်နော့်အမျိုးသမီးကတော့..ဖိုးမူလေးမွေးတယ်တဲ့၊သမီးကလေးချီရတော့မယ်.."

ပိုင်ဆိုင်ခွင့်ရရှိခြင်းကို ပြုံးပီတိ မျက်နှာနှင့် ဆိုလာ၏။

.....................................................

#အမည်သညာခေါ်စရာကား...

နော်ဂျူးဝဲလ်ကြည်က နေအိမ်အိပ်ခန်းအတွင်းရှိ ခုတင်ပေါ်တွင်ထိုင်နေသည်။
သူ့ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသာ ကလေးငယ်ကို ထွေးပွေ့ရင်းမှ ပြုံးတမြမြဟန်နှင့် တမြတ်တနိုးငုံ့ကြည့်ပြီး..

"သားငယ်ရဲ့နာမည်ကို ဂျော့ လို့ ပေးဖို့ ကျန်မစိတ်ကူးရထားတယ်ရှင့်"

"ဟေ..တို့ ကရင်အမျိုးသားတွေရဲ့အမည်နာမရှေ့မှာက စောနဲ့မန်းတို့ပဲ
ထည့်ခေါ်ကြတာလေကွာ၊သားကြီးမွေးခဲ့တုန်းကတောင် စောနိုးအာကြည်လို့ပေးခဲ့တာပဲကို၊သားငယ်ကျမှ ဘာလို့
ဂျော့ ဆိုတဲ့နာမည်ကိုရွေးရတာလဲ"

ပက်လက်ကုလားထိုင်တွင် အညောင်းညာဖြေကျောခင်းလျက်ရှိသော ခင်ပွန်းဖြစ်သူ စောသိန်းဝင်းက မျက်ခုံးကိုအတွန့်ချိုးကာ စောဒကတက်လိုက်၏။

"ဒါကတော့ရှင်..ကျန်မအပါးက ကိုလိုနီခေတ်တုန်းက အင်္ဂလိပ် ဂျော့ဘုရင်ကြီး
လက်အောက်မှာ ဗျူရိုကရက်အရာရှိပေါက်စလေးအဖြစ် အမှုထမ်းခဲ့ဖူးတယ်လေ၊ဒီတော့သူ့မှာ လစာအဖြစ်ရဖူးတဲ့ ဂျော့ဘုရင်ကြီးပုံပါတဲ့ငွေဒင်္ဂါးတွေလည်းရှိခဲ့ဖူးတယ်လေ"

"ဒါတော့ ငါလည်းသိထားတာပဲလေ"

စောသိန်းဝင်းကစကားထောက်အပေး။

"အင်း...ဟုတ်ပ၊သူ့ကိုမွေးပြီးချိန်မှာ
အပါးကိုသတိရမိတယ်၊ဆုံးသွားတဲ့
အပါးကို သားကြီးပဲမှီလိုက်တာမှတ်လား၊အပါးသာရှိနေရင် အခုသူ့ မြေးကိုလည်း သိပ်ချစ်မှာပဲလို့ပေါ့၊
ပြီးတော့.. အပါးရဲ့ဒင်္ဂါးတွေထဲကလည်း လက်ကျန် အမွေရယ်ဆို
ဆက်ခံထားမိတာကအခုဆို တပြားပဲရှိတော့တာလေ၊ဒါကြောင့်..အပါးကို အမှတ်ရတဲ့အနေနဲ့ သူ့ရဲ့ဒင်္ဂါးပြားကိုအစွဲပြုပြီး သားငယ်ကို ဂျော့လို့နာမည်ပေးချင်တာ "

ပြတင်းဝမှလိုက်ကာစလူးလွန့်သွားပြီး
နှစ်ကိုယ်ကြားကို လေညှင်းဝေ့ဝေ့က တိုးဝင်လာ၏။

"သြော်..ဒီလိုလား၊ဒါဖြင့် နင့်ဆန္ဒပါပဲ၊ငါဝင်မစွက်တော့ပါဘူးဟာ.."

သို့နှင့်...
နာမည်ပညတ်ကို
စိတ်တိုင်းကျပေးသူက ရှင်းပြပြီးပေး၊
ကြည်ဖြူသူကကြည်ဖြူလိုက်ကြ၏။

သူတို့နေထိုင်ရာ အိမ်ဂေဟာမှာ နယ်မြို့လေး၏ ပြည်သူ့ဆေးရုံဧရိယာဝန်းအတွင်းတွင်တည်ရှိ၏။

ဝန်ထမ်းအိမ်ယာတွေအနက်မှ လုံးချင်းတိုက်အိမ်တစ်လုံးဖြစ်၏။

ထိုနေရာတွင် နေထိုင်ခွင့်ရခြင်းကလည်းနော်ဂျူးဝဲလ်ကြည်သည် ဆေးရုံဝန်ထမ်း လုံခြည်အပြာဝတ်သူနာပြုဆရာမတစ်ဦးဖြစ်သောကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့်သာပင်
သူကိုယ်တိုင် ကိုယ်ဝန်ဆောင်သည် ဘဝကို ဖြတ်သန်းရသော ကာလတွင်လည်းတချို့တွေလို ခေါင်းပူရင်ပူစရာ
ထွေထွေထူးထူး ကိစ္စရယ်မရှိ။
ဝမ်းကြာသိုက် ပူရတာပဲရှိသည်။
အကျွမ်းတဝင်ရှိနေသော ကိုယ့်အိမ်ကွင်းနေရာမို့ အားလုံးလျောလျောလျူလျူနှင့် အဆင်ပြေခဲ့ရသည်ချည်းပင်။

....................................................

#ဂျော့နှင့်နော်ခက်ခက်မောင်

"တို့သားငယ် ဖိုးခွားလေးကို နာမည်ပေးကင်မွန်းတပ်ကြရင်..ထမင်းနဲ့ထော့ညှာကျွေးကြရအောင်"

စောသိန်းဝင်းက အဆိုတစ်ခုကို
နော်ဂျူးဝဲလ်ကြည်ထံ တင်ပြ၏။

ထိုအခါ..မဆိုင်းမတွပင်

"ကောင်းမှကောင်း၊ကျွေးဦးမှာ"

နော်ဂျူးဝဲလ်ကြည်က တီဗွီကြော်ငြာထဲက မင်းသားမင်းသမီးလေသံ ဟန်ပန်တွေနှင့် အရွှမ်းဖက်ပြန်ထောက်ခံသည်။

စောသိန်းဝင်းမှာ တရုပ်အမဲကောင် များကို အိမ်ဘေးတွင်ခြံခတ်၍ စနစ်တကျ စီးပွားဖြစ် မွေးမြူရေးလုပ်ကိုင်နေသူဖြစ်၏။ဗမာလိုဆို ဝက်၊ကရင်လိုဆိုလျှင် ထော့ ဟုခေါ်မည်ပေါ့။ထော့ညှာကတော့ ဝက်သားပေါ့လေ။

ဂျော့တွင် အသက်(7)နှစ်ခန့်ကွာခြားမည်ဖြစ်သော အစ်ကို စောနိုးအာကြည်လည်းရှိသေး၏။

ယခု မိဘနှစ်ပါးရှိရာ အခန်းအတွင်းသို့
စောနိုးအာကြည် ဝင်ရောက်လာသည်။
တနေရာတွင် သွားရောက် ဆော့ကစားတာဝပြီး ပြန်လာခဲ့ဟန်ရှိ၏။

"သားရဲ့ ညီလေးကို နာမည် ပေးဖို့
ရွေးထားတယ်ကွဲ့"

ရောက်မဆိုက်ပင် နော်ဂျူးဝဲလ်ကြည်က သတင်းနှင့်ဆီးကြိုလိုက်၏။

သည်တွင် စောနိုးအာကြည်က

"နာမည်က ဘာတဲ့လဲ..အမိုး"

သည်တွင်..

နော်ဂျူးဝဲလ်ကြည် သာမက စောသိန်းဝင်း၏နှုတ်ဖျားမှပါ ပြိုင်တူထွက်လာမိသည့်အသံက...

"ဂျော့.."

ထိုစဥြ
အိမ်ရှေ့မှလှမ်းခေါ်သံကြားလိုက်ရမှုကြောင့် စောသိန်းဝင်း ထထွက်လာခဲ့၏။

တံခါးဝတွင်တွေ့လိုက်ရသည်က..
ခြံချင်းကပ်ဘေးအိမ်မှ စောအယ်ဂလယ်မူး။
သူက စိုက်ပျိုးရေးလုပ်ငန်းနှင့်သက်မွေးဝမ်းကျောင်းမှုပြုနေသူ။သူ၏ ဇနီးသည်နော်ကေခက်မှာလည်း လုံခြည်အနီဝတ် သူနာပြုဆရာမတစ်ဦးပါပဲ။
ထို့ကြောင့် ဆေးရုံဝန်းအတွင်းမှာပဲ
ဝန်ထမ်းအဖြစ် နေထိုင်ခွင့်ရနေကြသူတွေ။

"သမီးလေးကိုနာမည်ကန်ပွန်းတပ်တဲ့အခါ အုန်းနို့ခေါက်ဆွဲကျွေးမလို့၊ဒီအထိမ်းအမှတ်ပွဲလေးကိုလာဖို့ ကြိုဖိတ်မလို့ဗျာ"

"သြ..တပတ်ပြည့်ရင်လား၊ကျန်နော်တို့လည်း ပွဲလေးကျင်းပ ကျွေးကြမလို့ပဲ၊ကလေးတွေက တိုက်တိုက်ဆိုင်ဆိုင်မွေး ရက်တူနေတော့နှစ်အိမ်လုံး တစ်ယောက်တစ်လှည့် စားရင်း စားမနိုင်တွေဖြစ်ကြတော့မှာပဲ"

"ဟာ..ဟုတ်သားပဲဗျာ၊မောင်နှံနှစ်သွယ်ရဲ့ ညီညွတ်မှု ပြယုဂ် ရင်သွေးနှစ်ဖော်လို့တောင် အထူးဝိသေသပြုဆိုရမလိုပဲဗျာ"

"သြော်..ဒါနဲ့..အမည်ကိုဘယ်လိုပေးမယ်စဥ်းစားထားမိသလဲဗျ"

"နော်ခက်ခက်မောင် တဲ့ဗျား.."

.....................................................

သူငယ်ချင်းဆိုသည်မှာ
၎င်းအပေါ်
ကြှနျုပျက..
ရိုးသားဖြူစင်ရမည့်သူပင်
ဖြစ်သည်

-အီမာဆန်

......................................................

#ဂျော့နှင့်ဘော်ဒါအကန့်

အချိန်ကာလ၏တိုက်စားခြင်းနှင့်ပြောင်းလဲရွေ့လျားလာကြသော
သက္ကရာဇ်များတွင် ဂျော့လည်း ပူတူတူလေးအရွယ်မှ အခြေခံမူလတန်းကျောင်းသားတစ်ဦးအဖြစ်သို့ ရောက်ခဲ့ချေပြီ။

ညနေခင်းသည် မှိုင်းအီနေသည်။

နေအိမ်မှ ခြံဘေးကပ်ရပ်ရှိ နော်ခက်ခက်မောင် အိမ်သို့ ရွေ့ဏလာခဲ့သည့် ဂျော့။
အဖြူရောင်တီရှပ် ၊အနီရောင်ဘောင်းဘီတိုလေးနှင့် သွက်လက်ဖျတ်လတ်နေ၏။

ဟော..ဂျော့လည်ပင်းမှာလည်း စတီးကြိုးတွင် တပ်ဆင်ထားသော ဒင်္ဂါးပြားတစ်ပြားကိုဆွဲလို့။

ဟုတ်ပါသည်။
တခုတ်တရလက်ဆောင်ပါတဲ့။

ကျေးဇူးရှင်မိခင်ကအဖိုး၏အမှတ်တရဆိုကာ ဂျော့ဘုရင်ကြီးတံဆိပ်ပါသော ဒင်္ဂါးပြားကို ကြိုးနှင့်ဖောက်လုပ် ဆွဲပေးထားသည်ကိုး။

ဂျော့တွင်ဒင်္ဂါးပြားကြီးတဝင့်ဝင့်နှင့်သာမဟုတ်သေး။လက်ထဲတွင် ချောကလက်နှစ်ခုကော ပါလာသည်။
သူ့ခါးနောက်ကျောမှာလည်း တစုံတခုကိုထိုးထားသေး၏။

ဂျော့ရောက်သွားတော့...

နော့ခက်ခက်မောင်က ကျော်ကျော်၊ကြည်သူ၊မင်းချမ်းတို့နှင့် ဆော့ကစား
ပျော်ပါးနေကြသည်ကိုတွေ့ရ၏။

တယောက်တလှည့်စီ မဲလိပ် နှိုက်ယူကြရပြီး မဲပေါက်သူက ရေးထားသည့်စာသားအတိုင်း ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်ပြကြရစတမ်း ပြုမူရသည်။

သူတို့ထဲတွင် ကျော်ကျော်က အသက် ၂နှစ် ခန့် ပိုကြီးပြီး ကလေးခေါင်းဆောင်လည်းဖြစ်၏။
ကျန်သူများကတော့ သက်ရွယ် လယ်ဗယ်တန်းတူတွေသာပင်။

"ဟောဒီမှာဗျာ...ကားမရှိလည်း သွားရှိရင် တိုက်ပစ်လို့ရတဲ့ သွားတိုက်ဆေးခင်ဗျ၊ဘယ်ဘက်ကို တိုက်ရင် ညာဘက်ကိုပါ ဖြူဖွေးစေပါတယ်၊အာခံတွင်းကိုမွှေးပြီး လျှာအရင်းထိပါအေးစေပါတယ်"

မဲကျသူ မောင်မောင်က သွားတိုက်ဆေးဘူးခွံကိုကိုင်ကာ လမ်းဘေးတွင်ပျံကျစျေးရောင်းသူလို ကြော်ငြာပြနေရ၏။
ဒါကို ကျန်သူများက ဝိုင်းကြည့်ကာ ရယ်ပွဲဖွဲ့နေကြ၏။

"ဟေ့ရောင့်..မင်းလက်ထဲက ချောကလက်တွေပါလား၊ငါ့ကိုလည်း ကျွေးကွာ "

ကျော်ကျော်က ဂျော့ကိုမြင်တော့ ငတ်ကြီးလှမ်းကျ၏။

"ငါလည်း စားချင်တယ်ကွာ.."

"ငါ့အတွက်ကော..ကျွေးဦး"

ကြည်သူနှင့်မင်းချမ်းကပါ သွားရည်ဝင်မြား အငမ်းတက်လာကြ၏။

တွန့်တိုစေးနှဲလေ့မရှိသည့်ဂျော့က..

"ကျွေးတာကကျွေးပါ့မယ်၊ဒါပေမယ့်
ငါတို့အဆိုတော် လုပ်တမ်းတော့ ပြောင်းကစားကြရအောင်လား၊ငါက အဆိုတော်လုပ်မယ်၊မင်းတို့က..လက်ခုပ်တီးပြီးအားပေးကြပါ"

သီချင်းဆိုချင်လွန်း၍ ချောကလက်ကို
မျက်နှာလုပ်ကာ သိမ်းသွင်းစည်းရုံးလိုက်၏။

သည်တွင် ကြည်သူက နှုတ်ခမ်းတပြင်ပြင်နှင့် လွယ်လွယ်ပဲ ခေါင်းညိတ်၏။

မင်းချမ်းကမူ

"မင်း..သီချင်းဆိုချင်တာတော့ ဟုတ်ပါပြီ၊
ဘယ်မလဲ..မိုက်က၊ သီချင်းဆိုတာ မိုက်ပါမှ..လန်းတာဟ"

သွေးတိုးစမ်းလိုက်သေး၏။

ဂျော့ကလည်း ခေသူမဟုတ်။သူ့ခါးတွင် အသင့်ဆောင်လာသော သခွားသီးကို ဆွဲထုတ်ကာ ထောင်ပြလိုက်ရင်း

"ဒါကို မိုက်နေရာမှာ အစားထိုးပြီး ပါးစပ်မှာတေ့ ဆိုမှာပေါ့ကွ"

"ဒါဆိုလည်း ငါ့ဆီ ချောကလက်တွေပေး၊ငါဝေပေးမယ်၊မင်းလည်း.စိတ်ရှိသလောက်ဆို၊တို့ လက်ခုပ်တီးအားပေးမယ်၊မင်းကအဆိုတော်ဂျော့မို့ မွေးနေ့ပွဲလုပ်ပြီး ပရိသတ်ကို ကျွေးမွေးပြီး
သီချင်းနဲ့ဧည့်ခံသလိုပေါ့"

လူရည်အလည်လေး ကျော်ကျော်က
ဂျော့ကို စကားနှင့်ချုပ်ပြီး ချောကလက်တွေ တောင်းယူလိုက်၏။

ယခုမှ
နော်ခက်ခက်မောင်က

"အမလေး..ဂျော့ရယ်..နင့်မှာလည်း..
သီချင်းဆိုဖို့ရွပိုးထိုးချက်က ကိုယ့်ချောကလက်တောင် ကျွေးပြီး
ဆိုပြချင်တာမျိုးပါလား"

လူကြီးလေးလို အငေါ်တူးပြော၏။

ဂျော့ကတော့ မကြားသယောင်နှင့် သခွားသီးကို
ပါးစပ်မှာ..ဟန်ပါပါတေ့ပြီး...

"ဘော်ဒါတွေ ဆုံလာပြီဆို...မိုက်ခဲမယ်.."

.............................................................

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie ReviewElio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်