Author's Profile Photo

ဇေယျ

30/08/2024

ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့

1 min read
Art
ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့
's photo

လောက၌ လူတို့အား ဝိုင်းရံနီးစပ်ရှိသည့် အရာများက ပြုပြင်ချယ်လှယ်လျက် ထိုသို့ နီးစပ်သည့် အရာများအလျောက် ဖြစ်ကြရသည်ဟူသော စကားမှာ ငြင်းပယ်နိုင်ရန် အကြောင်းမရှိ။ ဟုတ်မှန်ပေ၏ဟု ဝန်ခံရပေလိမ့်မည်။ မုဆိုးနားနီးသော်မုဆိုး၊ တံငါနားနီးသော တံငါ၊ ရွှေပင်နားသော် ရွှေကျေးဟူသော အရာများမှာမှန်သည်ဟု လူတို့အသိအမှတ် ပြုလုပ်သုံးစွဲခဲ့ကြသော ဝေါဟာရ စကားကြီးများဖြစ်ပေသည်။ မှန်သည်ဟု လူတို့အသိအမှတ် ပြုလုပ်သုံးစွဲကြသော ဝေါဟာရစကားကြီးများ ဖြစ်ပေသည်။ မူရင်း ဓမ္မဓိဋ္ဌာန်အားဖြင့် မည်မျှကောင်းသော အရာများဖြစ်စေကာမူ အနီးအနားရှိ လူများက ကောင်း၏ဟု သမုတ်ကြကုန်သော် မိမိကငြင်းဆန်နိုင်ခြင်း မရှိ။

ကောင်း၏ဟု မိုးခါးရေသောက်၊ အများနောက်ကို လိုက်ကြရလေသည်။ ကောင်းသောအရာကို တွေ့ပြန်ကလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ချေသည်။ ထို့ကြောင့် လူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ အားမကိုး။ ငါတို့ကိုယ်တိုင်က မည်သို့ဖြစ်စေကာမူ အများချယ်လှယ်ရာသာဖြစ်သည် ဟူသော အယူဖြင့် မိမိတို့ ကိုယ်ကို လက်လျှော့တတ်ကြလေသည်။ ဤသို့ပြုလုပ်ကြခြင်းသည်တစ်နည်းအားဖြင့် သင့်လျော်ပုံရသော်လည်းတစ်နည်းအားဖြင့်မူကား လူတို့၌ အမှားကြီးတစ်ရပ် ဖြစ်ပေသည်။ လောကကြီး၌ မည်သည့်အရာမဆို မူရင်းတစ်ခုတစ်ခုစီပူးပေါင်းစည်းရုံး၍ ဖြစ်ကြရသည်ချည်း ဖြစ်ပေသည်။ တောဟူသည်မှာ တောဟူသောအစိုင်အခဲ တစ်စည်းတစ်ရုံးတည်း ရှိသည်မဟုတ်။ သစ်ပင် တစ်ပင်စီ တစ်ပင်စီတို့ပေါင်းရုံးစည်းဝေး၍ဖြစ်ရသော အရာဖြစ်ပေသည်။

ကောင်းသောတောဟုဆိုလျှင်သစ်ပင်တစ်ပင်စီတို့၏ ကောင်းခြင်းကြောင့်သာလျှင် တောကြီးတစ်ခုလုံး ကောင်းရခြင်းဖြစ်ပေသည်။ လူတို့မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ချေသည်။ လူအများဟူသည်မှာလူတစ်ယောက်စီ တစ်ယောက်စီ စုပေါင်းဖြစ်လာခြင်းဖြစ်၍ တစ်ယောက်စီ တစ်ယောက်စီတို့က ကောင်းမွန်ကြမှသာလျှင် လူအများလည်း ကောင်းနိုင်ချေမည်။တစ်ဦးစီ တစ်ဦးစီတို့က မကောင်းသဖြင့် တစ်စုတစ်ရုံး အများမကောင်းဖြစ်ရလျှင်တစ်ကိုယ်တစ်ဦးစီ ကောင်းကြရန်မှာ မည်မျှအရေးကြီးသည်ကို သိနိုင်ပေသည်။

မည်သည့်အရာ၌မဆို အများကို ရိုမယ်ဖွဲ့၍ ချော်လဲရောထိုင်ပြုခြင်းသည် လူတို့အလေ့အကျင့် မဟုတ်။ ငါ့ကိုယ်ကို ငါ ကောင်းအောင် ကျင့်မည်ဟူသည်မှာသာလူတို့ တာဝန်ဝတ္တရားကြီးဖြစ်ပေသည်။ အချုပ်ကိုဆိုသော် “ကိုယ်ကောင်းလျှင်ခေါင်းဘယ်မှ မရွေ့” ဟူသော အချက်ကြီးကို ကိုယ်စီကိုယ်ငှ နှလုံးသွင်းကြရန်ဖြစ်လေသည်။ သို့နှလုံးသွင်းမိကြသောအခါမူကား အများမကောင်း၍ ငါ မကောင်းမဟုတ်။ ငါ မကောင်းလျှင် အများ မကောင်း။ ငါသာလျှင် မူရင်းဖြစ်သည်ဟူသောအချက်ကြီးသည် ထင်ရှားလာပေလိမ့်မည်ဖြစ်ကြောင်း။


အတွဲ ၆၊ အမှတ် ၁၃၊
(၂၉၊ မတ်၊ ၃၃)

#ဇေယျ




Keep Reading

ကိုယ်ပိုင်ဝေဒနာရဟန်းတန်မဲ့ လန့်ခဲ့သည်မျက်နှာကို တော်တော်တည် ထားသည်စုံစမ်းမေးမြန်းခြင်း သည်းခံပါစမ်းရေငယ်ကျောက်စာတိုင် ပမာယောက်ခမရတဲ့နေ့လွင့်မျောနှင်းစက်များကောင်းမြတ် (ခရာတော)အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )