ရွှေဥဒေါင်း
ကျော်ကြားခြင်း၏ အကြောင်း ၂ ရပ်
တော်ခြင်းတတ်ခြင်းကား တခြား၊ တတ်သလောက် ထင်ပေါ်ကျော်စောခြင်းဖြစ်၏။ ထင်ပေါ်ကျော်စောခြင်း၊ သို့မဟုတ် လူသိများခြင်းဟူသည်မှာ အကျိုးပေးတစ်မျိုးဖြစ်၏။ ထင်ပေါ်ကျော်စောခြင်းဟူသည်မှာ (ပရံပရခေါ်)
အတိတ်ကံကြောင့်လည်း ဖြစ်နိုင်၏။ ဤဘဝ၌ ထင်ပေါ်အောင်လုပ်တတ်သောကြောင့်လည်း ဖြစ်နိုင်၏။ အတိတ်ကံပါသော ပုဂ္ဂိုလ်အချို့မှာ ထင်ပေါ်ကျော်စောအောင် မိမိတို့က ကြိုးစားမနေရဘဲ လှုပ်ခါလှည့်ခါဖြင့် လူသိများသောအဖြစ်သို့ ရောက်လာကြကာ အချို့မှာ ၎င်းတို့ တကယ်တတ်သည်ထက်ပင် ပိုပြီး နာမည်ကြီးတတ်ကြသေး၏။ ထိုကဲ့သို့ အတိတ်ကံ အထောက်အခံမရသော်လည်း ထင်ပေါ်အောင် ကိုယ့်ဟာကိုယ် လုပ်တတ်ခြင်းကြောင့် လူသိများ၍ ကျော်ကြားသောအဖြစ်သို့ ရောက်ကြရသူများလည်း ရှိတတ်ပေသည်။ လုပ်ပုံလုပ်နည်းမှာ ပစ္စည်းတစ်ခု ရောင်းချင်သောလူသည် ထိုပစ္စည်း၏ ကောင်းသော အခြင်းအရာများကို လူသိအောင်လုပ်တတ်သည့် (Salesmanship) ဈေးသည် ပညာတတ်ရဘိသကဲ့သို့ ထင်ပေါ်လိုသော လူသည်လည်း မိမိ၌ တော်သော အချက်အလက်ရှိလျှင် ထိုအချက်ကို လူမြင်အောင် လုပ်တတ်ရသည်။ မလုပ်တတ်လျှင် သို့မဟုတ် မလုပ်ချင်လျှင်လည်း မကျော်ကြားတတ်၊ သို့ရာတွင် လုပ်ချင်အားကြီးနှင့် နေရာတကျမလုပ်တတ်ဘဲ လုပ်မိလျှင်လည်း “လူပေါ”
တစ်ယောက်အဖြစ်နှင့်သာ ကျော်ကြားတတ်ပေသည်။
အခြားသူ၏ ဆုံးဖြတ်ချက်ကို ခံသင့်မခံသင့်
တော်ခြင်း၊ သို့မဟုတ် တတ်ခြင်းတည်းဟူသော အရည်အချင်းနှင့်ပတ်သက်၍ ကိုယ့်ဟာကိုယ် အကဲဖြတ်ပုံနှင့် အခြားသူများ အကဲဖြတ်ပုံတို့ ကွာခြားသည့်အခါ ကိုယ့်ဟာကိုယ် အကဲဖြတ်ခြင်းက မှန်ချင်မှန်နိုင်သည်ဟု ဖော်ပြခဲ့ သော်လည်း လူကောင်းတစ်ယောက် ဟုတ်မဟုတ်နှင့် ပတ်သက်၍မူ ထိုကဲ့သို့ မဟုတ်ချေ။ ကျွန်ုပ်အဖို့ရာ၌ကား တတ်ခြင်း၊ သို့မဟုတ် တော်ခြင်းနှင့်ပတ်သက်၍ အခြားလူများ၏အဆုံးအဖြတ်ကို လက်ခံသောနေရာများလည်း ရှိ၏။ လက်မခံသော နေရာများလည်းရှိ၏။ စာရေးသားခြင်း၊ ဘာသာပြန်ခြင်း စသည်တို့၌ ကျွန်ုပ်၏ညံ့ဖျင်းပုံကို ထောက်ပြသူရှိပါက ဟုတ်ကောင်းဟုတ်ပေမည်ဟု လက်ခံရန်အသင့်ရှိ၏။ သို့ရာတွင် စိတ်သဘာဝအကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ် ရေးသားခဲ့သော ဆောင်းပါးများကို ကိုယ်တွေ့ဖြစ်သောကြောင့် မည်သူကမှားသည်ဟု ဆိုစေ လက်ခံနိုင်လိမ့်မည်မဟုတ်ချေ။ (မှားလည်းများပေမည်၊ လက်မခံနိုင်ဟု ဆိုလိုခြင်းမျှသာဖြစ်ပေသည်။ လက်တွေ့ စမ်းသပ်ထားသဖြင့် သေချာသည်ထင်သော ကိစ္စမျိုးတွင် ဝေဖန်မှု လက်မခံနိုင်ခြင်းမှာ ဓမ္မတာပေတည်း။သို့ရာတွင် လက်တွေ့မဟုတ်ဘဲ မှန်းခြေနှင့်ရေးသော အလုပ်များတွင်ကား ဝေဖန်ခြင်း ခံယူရန် အသင့်ရှိပါသည်။)
အခြားသူများကသိသော အချက်
ကောင်းခြင်း မကောင်းခြင်းနှင့်ပတ်သက်၍မူကား ကျွန်ုပ်သည် ‘ဓာတ်သိ’များ၏ အဆုံးအဖြတ်ကို လက်ခံရန် အသင့်ရှိပါ၏။ ကောင်းခြင်းဟူသည်မှာ ကိုယ်ချင်းစာတရားကပ်ခြင်းဟူ၍ ကျွန်ုပ် နားလည်ပေရာ ကိုယ့်ဟာကိုယ် ဟုတ်လှပြီထင်နေ၍မပြီး၊ ကိုယ်နှင့်ဆက်ဆံသောလူများက ဟုတ်ပေသည်ဆိုမှ ဟုတ်သင့်ပေသည်။ တစ်နည်းဆိုသော် ပေါင်းသင်းဆက်ဆံရာ၌ တင်စီးတတ်ခြင်း၊ ကောက်ကျစ်ညစ်ပတ်ခြင်း၊ ကိုယ်ချင်းမစာနာတတ်ခြင်း စသော အခြင်းအရာမျိုးကို ကိုယ့်ဟာကိုယ်သိခြင်းထက် မိမိနှင့် ဆက်ဆံရသောလူများက ပို၍သိသင့်သည်ဟု လက်ခံထိုက်သည်။ ဥပမာဆိုသော် မိမိ၏ လက်ဖဝါးကြမ်းတမ်းခြင်းကို ကိုယ့်ဟာကိုယ် သိချင်မှသိမည်။ ကိုင်စမ်းသော လူများကမူ သိကြမည်ဖြစ်သကဲ့သို့ပင်၊ သို့ဖြစ်၍ အခြားလူတစ်ယောက်က “ခင်ဗျားကြီး မကောင်းဘူးဗျာ”ဟု
ပြောသည်ဆိုလျှင် ချက်ချင်း ငြင်းချက်မထုတ်ဘဲ ကိုယ့်ဟာကိုယ် ပြန်လှန်စစ်ဆေးခြင်းသည်သာလျှင် နည်းလမ်းကျပေလိမ့်မည်။ သို့ရာတွင် မိမိ၏စေတနာကို မသိသောကြောင့် အထင်မှားပြီး စွပ်စွဲခြင်းများလည်းရှိနိုင်သဖြင့် မဖြေရှင်းထိုက်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ယေဘုယျအားဖြင့်မူကား လူတစ်ယောက်၏ ကောင်းမကောင်း၊ သို့မဟုတ် ကိုယ်ချင်းစာတရား ကပ်မကပ်ကို ကိုယ့်ဟာကိုယ်ထက် သူတစ်ပါးတို့က သာ၍သိတတ်သည်ဟူလို။
--- အပိုင်း (၄) ဆက်ရန် ---
#ရွှေဥဒေါင်း
#ဓမ္မတာနှင့် သဘာဝဓမ္မ
Keep Reading