Author's Profile Photo

ရွှေဥဒေါင်း

28/08/2024

ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁)

2 mins read
General Knowledge
Art
ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁) 's photo
ဓမ္မတာကို လွန်ဆန်နိုင်အောင် ကြိုးစားပါမှ တိုးတက်ခြင်းရှိမည်။ မိမိကိုယ်တွင်းဘက်သို့လှည့်၍ရှုသော အလေ့အကျင့်သည်လောက၌လည်းကောင်း၍ နိဗ္ဗာန်အထိ ပေါက်ရောက်နိုင်ခြင်း။


ဓမ္မတာ (လူ့ဓမ္မတာ Human Nature) ဟူသည်မှာ လူသတ္တဝါတို့၌ရှိတတ်သော စိတ်နေသဘောထားနှင့် ထုံးစံဓလေ့များဟူ၍ နားလည်ပေရာ၊သဘာဝဓမ္မဟူသည်မှာ ခပ်သိမ်းသော သဘောတရားတို့နှင့်ဆိုင်သည့် စည်းကမ်းဥပဒေများ ( Natural Laws နိယာမတရား) ဟူ၍ ဆိုလိုပေသည်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်း (ထို့ကြောင့် တစ်ကိုယ်ကောင်း ကြံတတ်ခြင်း)၊ ယောက်ျားသည် မိန်းမကိုလည်းကောင်း၊ မိန်းမသည်ယောက်ျားကိုလည်းကောင်း ချစ်ကြိုက်တတ်ခြင်း စသည်တို့သည် လူ့ဓမ္မတာ (သတ္တဝါ၏ဓမ္မတာ)ဟူ၍ဆိုရမည်ဖြစ်ရာ၊ (ဓမ္မောဟဝေရက္ခတိ၊ ဓမ္မစာရီ)တရားစောင့်သောသူကို တရားက စောင့်သည်ဆိုခြင်းမျိုးမှာ သဘာဝဓမ္မဟူ၍ ဆိုသင့်ပေသည်။ လူ့ဓမ္မတာဟူသည်မှာ မလွန်ဆန်နိုင်သော အလုပ်မျိုးမဟုတ်၊ (အချို့ကိစ္စများတွင်)လွန်ဆန်နိုင်မှ အကျိုးများခြင်းကို တွေ့ရသည်။ သဘာဝဓမ္မ ဟူသည်မှာကား မည်သည့်သတ္တဝါမှ မလွန်ဆန်နိုင်သော အရာမဟုတ်ဟူ၍ နားလည်ကြရပေမည်။

ဓမ္မတာကို လွန်ဆန်ဖို့လိုခြင်း

ရှင်းဦးအံ့၊ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းသည် ဓမ္မတာ(ထုံးစံ)ဖြစ်၍ ၎င်းသဘောထားအတိုင်း တစ်ကိုယ်ကောင်းပြခြင်းသည် အထူးအဆန်းမဟုတ်သော်လည်း ဤအတိုင်း ကျင့်ကြံသောလူသည် လူကောင်းတစ်ယောက်ဖြစ်မလာနိုင်ဟု နားလည်ကြ၍ လွန်မြောက်အောင် ကြိုးစားကြရသည်။ သတ်ခြင်း၊ ခိုးခြင်းစသော ဒုစရိုက်မှုအပေါင်းတို့သည် မိမိကိုယ်ကို ချစ်မိခြင်းတည်းဟူသော သဘောတရားတွင် အရင်းခံရှိ၍ ပေးလှူခြင်း၊ သီလစောင့်ထိန်းခြင်း စသော ကာမာဝစရကုသိုလ်မှုများမှာ ကိုယ်ကျိုးကိုစွန့်လွှတ်ခြင်းဟူသော သဘောထားပေါ်တွင် အခြေစိုက်လျက်ရှိသည်။ အကျဉ်းချုပ်လိုက်သော် အကုလိုလ်မှုဟူသမျှသည် တစ်ကိုယ်ကောင်းကြံခြင်းသဘောမျှသာဖြစ်၍ ကာမာဝစရ ကုသိုလ်မှုများသည် ကိုယ်ကျိုးစွန့်လွှတ်ခြင်းသဘောမျှသာ ဖြစ်၏။ ဤသည်ကိုထောက်ခြင်းဖြင့် ဓမ္မတာသဘောကို ဆန့်ကျင်ဖို့လိုသည်။ ဆန့်ကျင်နိုင်လျှင် မိမိအဖို့ အကျိုးရှိသည်ဟု ဆိုလိုခြင်းဖြစ်လေသည်။

အပြင်ဘက်သို့ ခံလင့်ခြင်း

သတ္တဝါသည် မိမိကိုယ်ကို (အတွင်းဘက်သို့) လှည့်၍ကြည့်တတ်သော ဓမ္မတာမရှိ၊ သူတစ်ပါး (အပြင်ဘက်သို့)ကြည့်တတ်သော ဓမ္မတာထုံးစံ ရှိလေသည်။ ဤအချက်တွင် သဘာဝဓမ္မကလည်း ဖြည့်စွက် ကူညီလျက်ရှိ၏။ ပမာဆိုသော် မျက်စိနှစ်လုံးသည် ပြင်ဘက်သို့လှည့်လျက် ပေါက်နေသည်ဖြစ်၍ အပြင်သို့ (သူတစ်ပါးကို)ကြည့်ဖို့ တကဲကဲပြင်လျက်သာရှိ၏။ နားနှစ်ဖက်သည်လည်း အပြင်ဘက်မှအသံကို နားထောင်ဖို့အတွက် သတ်သတ်ဖြစ်နေသည့်အလား အပြင်သို့သာလှည့်လျက်ရှိ၏။ ထိုနည်းအတူ နှာခေါင်း၊ လျှာ၊ ကာယ စသည့်ပသာဒရုပ်များသည်လည်း အပြင်မှအာရုံကို ခံလင့်နေကြသည့်အလား အပြင်ဘက်သို့သာ လှည့်လျက်ဖြစ်ပေါ်နေကြ၏။ ထို့ကြောင့် သတ္တဝါသည် မိမိကိုယ်ကို ဝေဖန်စစ်ဆေးခြင်းမပြုဘဲ သူတစ်ပါးကိုသာ စစ်ဆေးဝေဖန်ချင်တတ်ခြင်းသည် ဓမ္မတာဖြစ်ရုံသာမက သဘာဝဓမ္မကလည်း ဖြည့်စွက်ကူညီ အားပေးသကဲ့သို့ ဖြစ်နေတော့သည်။

သူတစ်ပါး၏ အပြစ်ရှုတတ်ခြင်း

ဓမ္မတာအတိုင်း ပြုကျင့်ခြင်းသည် ရေစုန်မျောချခြင်းနှင့်တူပေရာ ပါရမီရင့်ကျက်လိုသူ၊ သို့မဟုတ် တိုးတက်ခြင်းကိုအလိုရှိသော သူတို့သည် ဓမ္မတာအတိုင်း မကျင့်ကြံမူ၍ ရေစုန်ကူးသောလူကဲ့သို့ ဓမ္မတာ (ထုံးစံ)ကို လွန်ဆန်ဖို့ ကြိုးစားအားထုတ်ကြရပေမည်။ လူဦးရေ တစ်ရာအနက်တွင် သူတစ်ပါး၏အပြစ်ကိုမရှုဘဲ မိမိကိုယ်ကို ဆန်းစစ်ဝေဖန်သော အလေ့အကျင့်ရှိသူ ရာရာခိုင်နှုန်း မည်မျှရှိလိမ့်မည် ထင်ကြသနည်း။ ဆိုးရွားသော ဓမ္မတာတစ်ခုမှာလည်း အခြားသူတစ်ယောက်ကို စစ်ဆေးဆင်ခြင်သည့်အခါ ထိုလူ၏ ကောင်းသောအချက်များကို မမြင်လွယ်တတ်ဘဲ အပြစ်အနာအဆာများကိုသာ ရှေးဦးစွာ မြင်လာတတ်ပေသည်။ အသိမိတ်ဆွေတစ်ယောက်ယောက်ကို အာရုံပြု၍ ဆန်းစစ်လိုက်သည်ရှိသော် ထိုလူ၏ချွတ်ယွင်းချက်များသည် ကွက်ကွက်ကွင်းကွင်း ပေါ်လာတတ်သလောက် ကောင်းသော အချက်အလက်များသည် ရုတ်တရက်ပေါ်ထွက်မလာတတ်ဘဲ အတော်ကလေး တွေးဖော်ယူမှ ပေါ်လာတတ်ပေသည်။ ဤသည်ကား ဓမ္မတာပင်ဖြစ်သည်။


--- အပိုင်း(၂) ဆက်ရန် ---

#ရွှေဥဒေါင်း
#ဓမ္မတာနှင့် သဘာဝဓမ္မ

Keep Reading

ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း