Author's Profile Photo

Hein Htet Ko Ko

11/08/2025

မမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)

1 min read
Education
Novel
Entertainment
မမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)'s photo


တစ်ရက်သောနေ့တွင် သူငယ်ချင်းဖြစ်သူ မနှင်းဝသုံဦး၏အိမ်မှ ထမင်းစားဖိတ်လာလေသည်။ကျွန်တော်တို့သူငယ်ချင်းတစ်စု သွားရောက်စားသောက်ဖြစ်ခဲ့ကြပါသည်။သူငယ်ချင်း၏ အမေနှင့်အမဖြစ်သူတို့သည် လွန်စွာရင်းနှီးဖော်ရွေကြပါသည်။ကျွန်တော်တို့အားလည်း တရင်းတနှီးပြောဆိုဆက်ဆံကြပါသည်။တစ်ခါတစ်ရံတွင်မူ အတန်းပိုင်လေးနှင့် အတူသွားရောက်စားသောက်ကြပါသေးသည်။ထိုမှ ၃ ရက်မြောက်သောနေ့တွင် မသက်ထားမွန်တို့၏အိမ်မှာ ထမင်းစားဖိတ်ကြားခဲ့ပါသည်။လွန်ခဲ့သောနှစ်တွင်လည်း မကြာခဏ ဖိတ်ကျွေးနေသောကြောင့် ပို၍ပင် ရင်းနှီးကြပါသည်။သူငယ်ချင်း၏ အမေဖြစ်သူနှင့်တကွ မိသားစုဝင်များသည် ပွင့်ပွင့်လင်းလင်းဖြင့် ပျော်ရွှင်စွာနေတတ်သူများဖြစ်သောကြောင့် ကျွန်တော်တို့နှင့် သဟဇာတဖြစ်နေပါသည်။ဤသို့ဖြင့် ယင်းနှစ်အိမ်သည် ကျွန်တော်တို့အား ပင်တိုင်ကျွေးမွေးကြသူများဖြစ်ကြပါသည်။နှစ်သစ်ကူးနေ့မတိုင်မီကာလများတွင် တတိယအကြိမ်မြောက် အစမ်းစာမေးပွဲရှိလာခဲ့ပါသည်။

ကျွန်တော်တို့သည် စာမေးပွဲဆိုသောအရာအား ငြီးငွေ့လာသည်မှာ အမှန်ပင်ဖြစ်သည်။သင်ခန်းစာများကိုလည်း နေ့စဥ်မပျက်မကွက် ကျက်မှတ်ကြပါသည်။ကျောင်းနှင့် စာသင်ဝိုင်းတွင် ဆရာမများမှ လေ့ကျင့်ပေးခြင်း၊လမ်းကြောင်းပေးခြင်းများပြုလုပ်သည့်အတွက် အဆင်ပြေနေပါသည်။သို့ရာတွင် မိမိ၏နေအိမ်တွင်မူ ကိုယ်ထူကိုယ်ထ ကြိုးစားမှသာလျှင် ဒွါဒသမတန်း(Grade-12) ဆိုသော အတားအဆီး ကိုကျော်လွှားနိုင်မည်ဖြစ်သည်။ကျွန်တော်တို့သည်လည်း ကျောင်းတွင်သာမက အိမ်တွင်လည်းပဲ ဂရုတစိုက် လေ့ကျင့်ကြသောကြောင့် ဖြေဆိုနိုင်ခဲ့ပြန်ပါသည်။နှစ်သစ်ကူးညတွင်မူ ကျွန်တော်တို့သည် အပြည့်အဝအနားယူခဲ့ကြပါသည်။

ကျွန်တော်တို့ စာသင်ဝိုင်း၏ နံနက်ပိုင်းဘာသာမှာ ဘောဂဗေဒဘာသာရပ်ဖြစ်ပါသည်။ကြာသပတေးနေ့တွင် အင်္ဂလိပ်ဘာသာဖြစ်၍ ကျန်ရက်တွင် ဘောဂဗေဒဘာသာ ဖြစ်ပါသည်။ဆရာမသည် စာများရှင်း​ပြပြီးလျှင် ၊ အတွက်အချက်အပိုင်းအား အသေးစိတ် ရှင်းလင်းပေးပါသည်။ထို့နောက် စာကျက်ရမည့် ကဏ္ဍဖြစ်ပါသည်။ စာရေးသူကျွန်တော်၏ စာကျက်ဖော်သူငယ်ချင်းများမှာ မောင်စံတိုးလွင်နှင့် မနှင်းဝသုံဦးတို့ဖြစ်ကြပါသည်။တစ်ခါတစ်ရံတွင်မူ မောင်လွင်နိုင်းအောင်နှင့်လည်း ကျက်လေ့ရှိပါသည်။ ကျွန်တော်တို့ထိုအဖွဲ့သည် မကျော့ခိုင်တို့ ၊မပြည့်ပြည့်ဖြိုး ၊မရတီပွင့်ဦးတို့အဖွဲ့နှင့် အမြဲအပြိုင်ကျက်ကြပါသည်။ အကြောင်းမှာ ယင်းတို့သည် စာကျက်ရာတွင် ​မှန်ကန်မြန်ဆန်သောကြောင့် အမှီလိုက်ရခြင်းဖြစ်သည်။

နှစ်တစ်နှစ်၏အစဖြစ်သော ဇန်နဝါရီလတွင် စာရေးသူတို့ကျောင်း၌ ပွဲတော်များ ပေါများလှလေသည်။ဦးစွာ စုံညီပွဲတော်ဖြစ်သည်။အတန်းပိုင်ဆရာမသည် မိမိအတန်းရှိကျောင်းသားကျောင်းသူများအား ပျက်ကွက်သူမရှိစေရန် ကြိုတင်မှာကြားပါသည်။ထို့ကြောင့် ပျက်ကွက်သူမရှိပေ။အတန်းပိုင်ဆရာမသည် ထိုနေ့တွင်မှ ပို၍အလုပ်များနေလေသည်။ ကျွန်တော်တို့သည် နံနက်အစောပိုင်းတွင် အတန်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ထို့နောက်တွင် အလုပ်ရှုတ်နေသော အတန်းပိုင်လေးအား အတင်းမရမကခေါ်ယူ၍ အံ့သြသွားစေရန်လအတန်းသားများမှ လက်ဆောင်များပြင်ဆင်ပေးခဲ့ကြပါသည်။ဆရာမ၏အမည်ပါ ကိတ်မုန့် ၊ လက်ဆောင်ပုံး ၂ ပုံးနှင့်အတူ တပည့်များ၏ အချစ်များအားထည့်၍ လက်ဆောင်ပေးခဲ့ကြပါသည်။ ထိုလက်ဆောင်ပုံးထဲတွင် လက်ကိုင်အိတ် ၂လုံးပါနေသည့်အတွက် ဆရာမမှ ၂လုံးစလုံးလွယ်ရမည်လားဟု မေး၍စနောက်နေခဲ့ပါသည်။ထို့နောက် ဆရာမသည် အတန်းသားများအား ဆုတောင်းစကားဆိုခဲ့ပါသည်။ထို့နောက်တွင် အတန်းပိုင်လေးမှ ကျွန်တော်တို့အား မဲနှိုက်စေ၍ ပေါက်မဲများအား အမှတ်တရလက်ဆောင်အဖြစ် ပေးခဲ့သည်။ထို့နောက် စျေးရောင်းပွဲ၌ အထက်တန်းကိုယ်စား ကျွန်တော်တို့ G12 များမှ အသုတ်များ၊ မုန့်များရောင်းချပေးပါသည်။ယခင်နှစ်များတွင်လည်း စာရေးသူတို့အဖွဲ့သာ ရောင်းချပေးခဲ့ကြပါသည်။ ထို့နောက် နေ့လည်စာစားချိန်တွင် သူငယ်ချင်းများနှင့် ထမင်းလက်ဆုံး စားဖြစ်ခဲ့ကြပါသည်။

Keep Reading

မမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာအရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)Finance Vs Accountingပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့