မောင်ရှင်းသန့်(ရွှေညာမြေ)
ကမ္ဘာကျော် ဂန္ထ၀င်လက်ရာတွေကို ဖန်တီးခဲ့သူ ရုရှားစာရေးဆရာကြီး “ဒေါ့စတိုယက်စကီး” ကို စာဖတ်သူအများစု ကြားဖူးကြပါလိမ့်မည်။ နာမည်ကို မမှတ်ရင်တောင် ဆရာတင်မောင်မြင့်ဘာသာပြန်ထားတဲ့ “ပြစ်မှုနှင့်ပြစ်ဒဏ်” ဆရာနတ်နွယ် ဘာသာပြန်ထားတဲ့ “ကာရာမာဇော့ညီအစ်ကိုများ” ကို ကြားဖူးနေလိမ့်မည်ဟုထင်ပါသည်။ နှစ်အုပ်လုံးသည် ဒေါ့စတိုယက်စကီး၏ ဂန္ထ၀င်မြောက် ဖန်တီးမှုပင်ဖြစ်သည်။
သူရဲ့ ဇနီးသည်လည်းဖြစ်၊ အယုံကြည်ရဆုံးသော မိတ်ဆွေလည်းဖြစ်သည့် အင်နာဂရီဂိုယက်နာ ဒေါ့စတိုယက်စာယာ က ဒီစာအုပ်လေးကို ရေးခဲ့တာပါ။ သူမတို့မောင်နှံရဲ့ ချစ်ပုံပြင်လေး အဖြစ်နဲ့ပေါ့။ အသက်ကြီးကြီး လူအို တစ်ယောက်နှင့် အသက်ငယ်ငယ် မိန်းမငယ်လေးတစ်ယောက်တို့အကြားက ကြည်နူးနှစ်သက်ဖွယ် ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ဒီပုံပြင်လေးကတဆင့် သူမယောက်ျားရဲ့ ဘ၀ဖြတ်သမ်းမှုအချို့နှင့် စာပေဖန်တီးမှု များကလည်း တွေ့ရှိရမှာပါ။
စာမျက်နှာ ၈၆ မျက်နှာသာရှိတဲ့ ဒီစာအုပ်လေးကို ဖတ်ရန်ကြာချိန်ကတော့ တစ်နာရီခန့်ပါ။ စိတ်ကူးချိုချိုက ထုက်ဝေထားတာဖြစ်ပြီး အောင်မိုး က မြန်မာပြန်ထားတာပါ။ စာအုပ်တွေဈေးမတက်ခင်ကထုက်ထားတဲ့ စာအုပ်လေးဆိုတော့ စာအုပ်တန်ဘိုးက ၁၅၀၀ ကျပ်ပါ။ စာရွက်သားလည်းကောင်းလို့ ဖတ်ပြီး သိမ်းချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။
ဒီစာအုပ်လေးကို ဖတ်ပြီး ဒေါ့စတိုယက်စကီးရဲ့ မြန်မာပြန်စာအုပ်တွေ ဖတ်ချင်လာတယ်ဆိုရင် ရှာဖတ်လို့ရအောင် မြန်မာပြန်ဆိုထားတဲ့ စာအုပ်စာရင်းလေးကိုလည်း ရှာပြီး စုစည်းဖေါ်ပြလိုက်ပါတယ်။
- ညဖြူဖြူ (တင်ဦးခက်) White Night
- မြေအောက်မှတ်တမ်းများ (တင်ဦးခက်) Notes from Underground
- ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုး White Night and Other Stories
- ကြမ္မာငင်သူများ (ကောင်းဟိတ်) Poor Folk
- ပြစ်မှုနှင့်ပြစ်ဒဏ် (တင်မောင်မြင့်) Crime and Punishment
- ကာရာမာဇော့ညီအစ်ကိုများ (နတ်နွယ်) The Brothers Karamazov
- ဖဲသမား (ဆန်းလွင်) The Gambler
- လူ့အန္ဓ (ကိုနေ၊မန်း၊) The Idiot
- အမှောင့်ပယောဂ (ကိုနေ ၊မန်း၊) Demons
- စော်ကားသူနဲ့အနှိမ်ခံ (ကိုနေ ၊မန်း၊) Humiliated and Insulted
- မရဏအိမ်မှတ်တမ်းများ (ကိုနေ ၊မန်း၊) Memories from the house of the dead
#မောင်ရှင်းသန့်(ရွှေညာမြေ)
#TheReader #စာဖတ်သူ
Keep Reading