Author's Profile Photo

Thet Paing (Whisper Ink)

4/07/2025

"The Soul Portraitist" "ကျိန်စာသင့် ဝိညာဉ်များ"

1 min read
Novel
Entertainment
"The Soul Portraitist" 
"ကျိန်စာသင့် ဝိညာဉ်များ"'s photo

''အခန်း (၁) - မှောင်မိုက်သောည''

မြို့ပြ၏ ဆူညံသံများမှ ဝေးကွာရာ၊ မြို့စွန်အစွန်အဖျား၊ နှစ်ပေါင်းများစွာကတည်းက ဆောက်လုပ်ထားသည့် ဟောင်းနွမ်းဆွေးမြည့်နေသော နှစ်ထပ်အိမ်ကြီးတစ်လုံးရှိသည်။ အပြင်ဘက်တွင် မိုးဖွဲဖွဲလေးက မြေပြင်ပေါ် ဖွဖွလေးကျနေပြီး၊ တိုက်ခတ်လာသော လေပြင်းများသည် သစ်ပင်ကြီးများ ကြားမှ တဝှေ့ဝှေ့ တေးသံကို သယ်ဆောင်လာသယောင်။ ထိုတေးသံသည် တိတ်ဆိတ်မှုကို ခွဲခြမ်းကာ နားဆင်သူတိုင်း၏ ရင်ထဲတွင် ကြောက်ရွံ့မှုကို မျိုးစေ့ချနေသည်။

ထိုအိမ်ကြီး၏ ပြတင်းပေါက်ဟောင်းကြီးမှ မှိန်ပျပျမီးရောင်တစ်ခု စိမ့်ထွက်လာသည်ကို ဝေဝါးစွာ မြင်နိုင်သည်။ ထိုမီးရောင်အောက်တွင်တော့ အသက် ၇၀ ဝန်းကျင်ခန့်ရှိ  အဘိုးကြီးတစ်ဦး၊ သူ့မျက်နှာပေါ်တွင် ထူးဆန်း၍ ဖော်မပြနိုင်သော အပြုံးတစ်စွန်းတစ်စ တွဲလောင်းခိုနေပြီး မျက်လုံးများကမူ တောက်ပသော အရူးတစ်ယောက်၏ အကြည့်မျိုး ဖြင့် ပန်းချီကားတစ်ချပ်ပေါ်တွင် အာရုံစိုက်ကာ ဆေးစပ်နေသည်။ သူဆွဲနေသော ပန်းချီကားမှာ လူတစ်ယောက်၏ ပုံတူကား ဖြစ်ပြီး မျက်နှာသွင်ပြင်များသည် ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည်။

သူ့ဘေးနားတွင်တော့ အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦး သည် သံကြိုးများဖြင့် တင်းကျပ်စွာ တုပ်နှောင်ခံ ထားရပြီး သွေးများစွန်းထင်းနေသော ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူ့မျက်နှာ ပေါ်တွင် ကြောက်ရွံ့မှု နှင့် နာကျင်မှုတို့က ရုပ်ပျက်ဆင်းပျက် ထင်ဟပ်နေပြီး၊ ပါးစပ်မှ မပီမသ အသံများ အားကုန် အော်ဟစ်နေသည်ကို အဘိုးကြီးက လုံးဝ ဂရုမစိုက်။ သံကြိုးများက သူ့ခန္ဓာကိုယ်ကို ဖိညှပ်ထားသဖြင့် အရေပြားများ ပေါက်ပြဲ နေသည်ကို မြင်နိုင်သည်။ မျက်လုံးအစုံက အဘိုးကြီးကို အသက်လုသည့် အကြည့်မျိုးဖြင့် စူးစူးဝါးဝါး ကြည့်နေသည်။

"အဟား..... ဟား... ငါ့ရဲ့လက်ရာက ပြီးပြည့်စုံတော့မှာပဲ။ မင်းရဲ့ မျက်လုံးတွေက တကယ်ကို အသက်ဝင်လွန်း တယ်ကွာ။"

ရုတ်တရက် အဘိုးကြီး၏ မျက်လုံးများက သူ့ရှေ့မှ ကြေးမုံပြင်ကျယ်ကြီးထဲသို့ ရွေ့သွားသည်။ မှန်ထဲတွင် ပေါ်လာ သည် က သူ့နောက်မှ ဖြည်းဖြည်းချင်း တိုးကပ်လာသော အရိပ်တစ်ခု။ ထိုအရိပ်သည် ကြောက်ရွံ့ တုန်လှုပ် နေသော အမျိုးသားတစ်ဦး၏ ပုံရိပ် ဖြစ်ပြီး၊ သူ၏မျက်လုံးများတွင် အသက် ရှင်လိုစိတ်များ ပြည့်နှက်နေသည်ကို မြင်ရသည်။ သို့သော် အဘိုးကြီး၏ လက်များက ထိုအရိပ်၏ လည်ပင်းကို တဖြည်းဖြည်းချင်း တင်းကြပ်စွာ ညှစ်လာသည်ကို မှန်ထဲတွင် ထင်ထင်ရှားရှား မြင်ရသည်။

"အသက်ရှူပါ... အသက်ရှူစမ်း... ငါ့ပန်းချီကားထဲမှာ မင်းအသက်ရှင်နေမှာပါကွာ။"

အမျိုးသား၏ မျက်လုံးများ ပြူးကျယ်လာကာ အသက်လုနေရသော ဝေဒနာ ကို အတိအလင်း ဖော်ပြနေသည်။ သူ့လက်များ တဖြည်းဖြည်း လေထဲသို့ မြောက်တက်လာပြီး လှုပ်ရှားမှုများ ရပ်တန့်သွားသည် အထိ အဘိုးကြီး က ဆက်ညှစ်ထားသည်။ ဖြည်းဖြည်းချင်း ထိုမျက်လုံးများထဲမှ အလင်းရောင်များ မှေးမှိန်သွားပြီး၊ အသက် ဝိညာဉ်များ ဆုံးရှုံးသွားသည်ကို အဘိုးကြီးက တည်ငြိမ်အေးဆေးစွာ ကြည့်နေသည်။ ထို့နောက် သူသည် သူ့လက်ထဲမှ စုတ်တံကို ပန်းချီကားဆီ ပြန်ရွှေ့လိုက်သည်။ ပန်းချီကားထဲက ပုံတူ၏ မျက်လုံးများတွင်မူ ခုနကမှ အသက်မဲ့သွားသော အကြည့်မျိုး များ ပေါ်လာ သည်။ ည၏ မှောင်မိုက်မှုက အရာအားလုံးကို ဖုံးကွယ်သွားသလို အဘိုးကြီး၏ အိမ်ထဲမှ ကြောက်မက် ဖွယ် ထူးဆန်းသော အသံများလည်း တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

"အခန်း (၂) - ရောက်ရှိလာခြင်း"

ကျွန်မ နာမည်က မေသက်။ အသက် ၂၀ ခန့်ရှိ စာရေးဆရာမတစ်ဦးဖြစ်သည့် အားလျော်စွာ စိတ်ငြိမ်သက်မှုနှင့် တိတ်ဆိတ်မှုကို အမြဲတောင့်တတတ်သူဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်း တွင် မြို့ပြ၏ ဆူညံပူပန်မှုများမှ ခွဲခွာကာ ရန်ကုန်မြို့ပြ နှင့် လွန်စွာမှာဝေးကွာသည့် တောင်ကုန်း၊ တောင်တန်းများ ဝန်းရံနေသည့် ရှုခင်းသာယာလှပသော နယ်မြို့လေးတစ်မြို့ သို့ စာရေးဖို့အတွက် အိမ်အငှားနှင့် ခေတ္တခဏ ပြောင်းရွှေ့လာခဲ့သည်။
မြို့လေးထဲကို ဝင်လိုက်တာနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေနုအေးတွေ က ကျွန်မကို ကြိုဆိုနေခဲ့တယ်။ နေရာအနှံ့ ပန်းမျိုးစုံတွေ ဖူးပွင့်နေပြီး စိမ်းလန်းစိုပြည်တဲ့ တောတောင်တွေ က မြို့လေးကို ပွေ့ဖက်ထား သလိုမျိုးပဲ။ မြို့လေးရဲ့ အနောက်ဘက်မှာတော့ နေဝင်ဆည်းဆာက ရွှေရောင်၊ လိမ္မော်ရောင်တွေနဲ့ တောင်တန်းတွေကြားက နေအလုံးလိုက်ကြီး ဝင်သွားပုံ မှာ ပန်းချီကားတစ်ချပ်လို လှပနေခဲ့တယ်။ ညဘက်ဆိုရင်လည်း ကြယ်တွေက ပိုပြီး တောက်ပ နေသလို ခံစားရတယ်။ ဒါဟာ ကျွန်မ စိတ်ကူးယဉ်ခဲ့တဲ့ ဘဝပုံစံနဲ့ အတိအကျကို ကိုက်ညီနေခဲ့ပါတယ်။

ငှားထားသည် အိမ်အသစ်သို့ ပြောင်းလာပြီး မကြာခင်မှာပင် အိမ်နီးချင်းများနဲ့မိတ်ဆက်ခဲ့ရတယ် ကျွန်မ အိမ် ဘေးနား တွင် ဦးအေးမောင် လို့ခေါ်တဲ့ အဘိုးကြီးတစ်ယောက်လည်း နေထိုင်ကြောင်း သိလိုက်ရသည်။ သူသည် အသက်အရွယ်ကြီးရင့် နေပြီဖြစ်သော်လည်း ပန်းချီဆွဲခြင်းအပေါ် အလွန်အမင်း စိတ်အားထက်သန်သူတစ်ဦး ဖြစ်သည်။ သူ့အိမ်ထဲမှ မှိန်ပျပျမီးရောင်အောက်တွင် သူသည် ညတိုင်း မနားတမ်း ပန်းချီဆွဲနေတတ်သည်။
တစ်ခါတစ်ရံတွင် သူ့အိမ်ပြတင်းပေါက်မှ ထူးဆန်း၍ နားမလည်နိုင်သော အသံများ ကြားရတတ်သည်။ တစ်စုံတစ်ရာ ကွဲကြေသွားသော အသံများ၊ သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော ရယ်သံများ စသည်ဖြင့် အမျိုးမျိုးသော အသံများပင်။ ထိုအသံများသည် တိတ်ဆိတ်သော ညများကို ဖောက်ခွဲကာ လေထဲတွင် ဝဲပျံနေတတ်သည်။ သို့သော် ကျွန်မကမူ ထိုအရာများကို အဘိုးကြီးတစ်ဦး၏ ထူးဆန်းသော အမူအရာများဟုသာ သဘောထားခဲ့သည်။ သူသည် အနုပညာရှင်တစ်ဦးဖြစ်သဖြင့် ထူးဆန်းသော အလေ့အကျင့်များ ရှိမည်ဟု ယူဆခဲ့သည်။

ကျွန်မ မြို့ထဲမှာ ပစ္စည်းသွားဝယ်တဲ့အခါ ဦးအေးမောင်နဲ့ မကြာခဏဆိုသလို ဆုံရပါတယ်။ သူက အစကတော့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပေမဲ့ တစ်ရက်ကျတော့ ကျွန်မကို ပြုံးပြီး နှုတ်ဆက်ပါတယ်။ သူ့ရဲ့အပြုံးက တော်တော်လေး ဖော်ရွေတယ်လို့ ကျွန်မ ထင်ခဲ့မိပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ကျွန်မတို့ နှစ်ဦးသား အိမ်နီးချင်းပီသစွာ ပိုမိုခင်မင်ရင်းနှီးလာခဲ့ကြပါတယ်။ တစ်ခါတစ်ရံ မိုးချုပ်ရင် သူအပြင်က အိမ်ကို ပြန်လာတဲ့အခါ ကျွန်မက စောင့်ပြီး မီးထွန်းပေးတာမျိုး၊ တစ်ခါတရံ မနက်ဆိုလည်း ကျွန်မအိမ်နီးချင်း ဖြစ်သူတွေအတွက် မုန့်လုပ်ပေးရင် သူ့ကိုပါ ခွဲဝေပေးတာမျိုးတွေ လုပ်ခဲ့ပါတယ်။ သူကလည်း ကျွန်မကို အဘိုးတစ်ယောက်လို နွေးနွေးထွေးထွေး ဆက်ဆံပါတယ်။

တစ်နေ့ မနက်ပိုင်းတွင် ကျွန်မသည် အိမ်နီးချင်းများအတွက် မုန့်လုပ်ရင်း ဦးအေးမောင်အတွက်လည်း ထည့်လုပ် ပေးခဲ့သည်။ မုန့်များအားလုံးကို သေသေချာချာ ထုပ်ပိုးပြီးနောက် ကျွန်မသည် ဦးအေးမောင်အိမ်သို့ မုန့်သွားပို့ရန် ထွက်လာခဲ့သည်။ သူ့အိမ်ရှေ့ရောက်တော့ တံခါးကို ဖြည်းဖြည်းချင်း ခေါက်လိုက်သည်။ ခဏအကြာတွင် ဦးအေးမောင် တံခါးလာဖွင့်ပေးသည်။ သူ၏မျက်နှာတွင် အပြုံးတစ်စွန်းတစ်စ ရှိနေသည်။

"မင်္ဂလာပါ ဦးအေးမောင်၊ ကျွန်မ ဒီနေ့ မုန့်လုပ်ထားတာလေးတွေ အဘ အတွက်ပါ ယူလာတာပါ" ဟု ပြောရင်း မုန့်ထုပ်လေးကို ကမ်းပေးလိုက်သည်။

ဦးအေးမောင်က မုန့်ထုပ်ကိုယူရင်း "ဪ ကျေးဇူးတင်လိုက်တာ သမီးရယ်။ နေပူထဲ အပင်ပန်းခံပြီး လာပို့ ပေးရတယ်" ဟု နွေးထွေးစွာ ပြောလိုက်သည်။

"လာပါဦး... အိမ်ထဲဝင်ပြီး အေးအေးဆေးဆေး စကားပြောပါဦးလား။ အဘိုးလည်း အဘိုးလက်ရာလေးတွေ မင်းကို ပြချင်လို့" ဟု ဦးအေးမောင်က ပြောလိုက်သည်။

သူ့စကားဆုံးတော့ ဦးအေးမောင်က ကျွန်မ၏ မျက်လုံးများကို စူးစူးစိုက်စိုက်ကြည့်ကာ နှုတ်ခမ်းများ မသိမသာ တွန့်ကွေးသွားသည်။ ထိုအကြည့်သည် ထူးဆန်းလွန်းလှသဖြင့် ကျွန်မ ကျောထဲ စိမ့်ခနဲ ဖြစ်သွားခဲ့သည်။

ကျွန်မ သူ့အိမ်ထဲသို့ ဝင်လိုက်သည်နှင့် အေးစက်စက် ပုပ်အဲ့အဲ့ အနံ့အသက်တစ်မျိုး က နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ထိုအနံ့က ရင်းနှီးပေမဲ့ ဘာမှန်း မပြောတတ်သော အနံ့မျိုးဖြစ်သည်။ အိမ်၏နံရံများအပြည့်တွင် ပုံတူပန်းချီကားများ စီရီချိတ်ဆွဲထားသည်ကို တွေ့ရသည်။ အမျိုးသားများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ။ အားလုံးသော ပန်းချီကားများထဲမှ ပုံတူများသည် ပြုံးနေကြသော်လည်း သူတို့၏ မျက်လုံးများကတော့ ဗလာနတ္တိဖြစ်နေသည်၊ အသက်မရှိသော မျက်လုံးများ ပင်။ ထိုမျက်လုံးများသည် ကျွန်မကို စိုက်ကြည့်နေ သည်ဟု ထင်ရပြီး ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်။

"ဦးအေးမောင်ရဲ့ လက်ရာတွေက အသက်ဝင်လိုက်တာနော်" ဟု ကျွန်မက အံ့သြစွာ ပြောလိုက်သည်။

"ဒါတွေက အဘိုးရဲ့ သက်ရှိပုံတူပန်းချီကားတွေပဲ" လို့ ဦးအေးမောင်က အေးစက်စက်အပြုံးဖြင့် ပြောသည်။ သူ့အပြုံးတွင် တစ်ခုခုကို ဖုံးကွယ်ထားသယောင် ခံစားရသည်။ "သူတို့အားလုံးက အဘိုးရဲ့ အနုပညာအတွက် သူတို့ဘဝတွေကို ပေးဆပ်ခဲ့ကြရတယ်" ဟူသော သူ၏စကားသည် ကျွန်မ၏ ရင်ထဲတွင် မရှင်းမလင်းဖြစ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်မ သူ့စကားကို သေသေချာချာ နားမလည်ခဲ့ပေ။ သို့သော် တစ်ခုခုတော့ မှားနေပြီဟု ကျွန်မ၏ စိတ်ထဲမှ တဖွဖွပြောနေသည်။

အဲ့ဒီနောက်မှာ ဦးအေးမောင်က သူ့ရဲ့အကြိုက်ဆုံး လက်ရာကို ကျွန်မကို ပြသည်။ ပန်းချီကားပေါ်မှာ အမျိုးသမီး တစ်ဦးရဲ့ ပုံတူပန်းချီကားဖြစ်သည်။ ဤပုံတူပန်းချီကားက အံ့သြဖွယ်ရာကောင်းလောက်အောင် အသက်ဝင် လွန်းနေသည်။ အဲ့ဒီအမျိုးသမီးရဲ့ မျက်လုံးတွေက ကျွန်မကို တိုက်ရိုက်စိုက်ကြည့်နေသလိုပင်။ သို့သော် သူမ၏ မျက်လုံးများကတော့ အခြားပန်းချီကားများကဲ့သို့ပင် အသက်မဲ့နေသည်။ ထိုပုံတူပန်းချီကားတွင် ထူးခြားသည်မှာ သူမ၏ လည်ပင်း၌ အစင်းရာနီနီတစ်ခု ရှိနေခြင်းပင်။ ထိုအစင်းရာသည် အလွန်ပင် ထင်ရှားနေသည်။
"ဒီလက်ရာကတော့ အဘိုး အင်မတန် အချိန်ယူပြီး ရေးဆွဲခဲ့ရတာဗျ။ သူ့မျက်လုံးတွေက ကျွန်တော့်ကို ပြောနေသလိုပဲ... 'အသက်ရှင်ချင်တယ်' ပေါ့ ဟူ၍ ဦးအေးမောင်က ပြောလိုက်သည်။ သူ၏လေသံသည် တည်ငြိမ်သော်လည်း အနည်းငယ် ထူးဆန်းမှုတို့ ပေါ်လွင်နေသည်။

"အခန်း (၃) - အိပ်မက်များ"

သူ့စကားဆုံးတော့ ကျွန်မ ကျောထဲ စိမ့်ခနဲဖြစ်သွားသည်။ ထိုညက ကျွန်မ အိပ်မပျော်နိုင်ခဲ့။ ဦးအေးမောင်၏ စကားများ၊ ပန်းချီကားထဲက အသက်မဲ့နေသော မျက်လုံးများ၊ အထူးသဖြင့် လည်ပင်းမှ အစင်းရာနီနီသည် ကျွန်မ၏ စိတ်ထဲတွင် လှုပ်ရှားနေပြီး ခြောက်လှန့်နေသည်။ ထိုညမှစ၍ အိပ်မက်ဆိုးများ စက်တိုက် မက်လာခဲ့သည်။ အိပ်မက်တိုင်းတွင် ထိုပန်းချီကားထဲက အမျိုးသမီး၏ မျက်နှာကိုသာ မြင်ရသည်။ သူမ၏ မျက်နှာက ဦးအေးမောင်အိမ်တွင် မြင်တွေ့ခဲ့ရသည့် ပန်းချီကားထဲမှ အမျိုးသမီးနှင့် တစ်ထပ်တည်းပင်။ သူမသည် ကျွန်မကို စကားတစ်ခွန်းတည်း ပြောနေတာ။ "သူ့ကို ရပ်တန့်ပေးပါ..." ဟူ၍ တိုးတိုးလေး တောင်းဆိုနေတာမျိုးပင်။ သူမရဲ့ မျက်ဝန်းတွေထဲက နာကျင်မှုက ကျွန်မ နှလုံးသားကို ဆွဲဆန့်နေသလို ခံစားရ သည်။

ရက်တွေကြာလာတာနှင့်အမျှ ကျွန်မ၏ အိပ်မက်များသည် ပိုပြီး ပြင်းထန်လာသည်။ တစ်ခါတစ်လေကျတော့ အိပ်မက်ထဲတွင် ဦးအေးမောင်က ပန်းချီကားဆွဲနေရင်း သူ့ရဲ့ မော်ဒယ်ကို ရက်စက်စွာ နှိပ်စက်နေတာကို မြင်ရသည်။ အဲ့ဒီမော်ဒယ်ရဲ့ အော်သံတွေ၊ ငိုသံတွေက ကျွန်မနားထဲမှာ တကယ်ကြားနေရသလိုပင်။ အိပ်မက်ထဲမှ အနံ့အသက်များ၊ အထိအတွေ့များသည်ပင် ကျွန်မအား တကယ့်အပြင်လောကတွင် ကြုံတွေ့နေရသကဲ့သို့ ခံစားရစေသည်။ ကျွန်မ နိုးလာတိုင်း ချွေးစေးတွေ ပြန်နေပြီး နှလုံးခုန်သံတွေက မြန်ဆန်နေတတ်သည်။ နိုးလာသောအချိန်တွင် "ဒါ... ဒါ အိပ်မက်တွေလား... တကယ်ဖြစ်နေတာလား..." ဟု ကျွန်မ တီးတိုးရေရွတ်မိသည်။ အိပ်မက်ထဲက မြင်ကွင်းများသည် တကယ်ဖြစ်ရပ်မှန်တွေများလားဟု ကျွန်မ စတင်သံသယဝင်လာခဲ့သည်။

ထိုအချိန်မှစ၍ ကျွန်မ ဦးအေးမောင်၏ အိမ်ကို သတိထားပြီး စောင့်ကြည့်လာခဲ့သည်။ ညဘက်ဆိုရင် သူ့အိမ်ထဲကနေ ထူးဆန်း၍ ပုပ်အဲ့အဲ့ အနံ့အသက်များ ထွက်လာတတ်သည်။ အနံ့က ပိုပြီး ပြင်းလာပြီး ပို၍ ဆိုးရွားလာသည်။ တချို့ညများတွင် မြေကြီးတူးသည့်အသံ လိုမျိုး ခပ်တိုးတိုး အသံများလည်း ကြားရ တတ်သည်။ ထိုအသံများသည် ခြံစည်းရိုးဘက်မှ ထွက်ပေါ်လာပြီး မည်သူမှမရှိသည့်အချိန်တွင် တိတ်ဆိတ်စွာ ပေါ်ထွက်လာခြင်းဖြစ်သည်။ အဲ့ဒီအသံများကြားတိုင်း ကျွန်မရင်ထဲမှာ တစ်ခုခုမှားနေပြီဆိုတဲ့ ခံစားချက်က ပိုပြီးပြင်းထန်လာခဲ့သည်။ ကျွန်မ၏ အိမ်မက်များသည် ကျွန်မအား သဲလွန်စများ ပေးနေခြင်းပင် ဖြစ်မည်ဟု ကျွန်မ ယုံကြည်လာခဲ့သည်။

"အခန်း (၄) - လျှို့ဝှက်ချက်"

ကျွန်မ ဦးအေးမောင်အကြောင်းကို ပိုမိုသိရှိလို၍ ပတ်ဝန်းကျင်တွင်မေးမြန်းခဲ့သည် တိကျသောအဖြေများကတော့ မရခဲ့ပေ။ တစ်ရက် အွန်လိုင်းသုံးနေရင်က ဦးအေးမောင်အကြောင်းနှင့် သက်ဆိုင်သော သဲလွန်စများတစွန်တစ်စ စတင်တွေ့ရှိလာခဲ့သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ပန်းချီဆရာ တစ်ယောက်အဖြစ် နာမည်ရခဲ့ဖူးကြောင်း သိရှိလာရသည်။ သူ၏ ပန်းချီကားများသည် ထိုအချိန်က ပန်းချီလောက တွင် လူပြောများခဲ့ဖူးသည်။ ပုံတူဆွဲခံသည့် မော်ဒယ်အချို့ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ကြသည် ဟူသော သတင်းဟောင်းများကို တွေ့လိုက်ရသည်။ ထိုအချိန်တုန်းက ရဲများက ဤအမှုကို စုံစမ်းစစ်ဆေးခဲ့ကြသည်။ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များ၊ ပျောက်ဆုံးသူများ၏ နောက်ဆုံးခြေရာခံမိသည့် နေရာများ၊ ဦးအေးမောင် နှင့် ပတ်သက်သည့် အချက်အလက်များ အားလုံးကို စစ်ဆေးခဲ့ကြသည်။ သို့သော်လည်း ဦးအေးမောင်၏ အိမ်တွင်း သို့မဟုတ် အနီးအနားတွင် မည်သည့် သက်သေအထောက်အထားမှ မတွေ့ရှိခဲ့ရပေ။ ထိုအချိန်က ရဲတပ်ဖွဲ့တွင်လည်း ခေတ်မီနည်းပညာများ အလုံအလောက်မရှိသေးသောကြောင့် DNA စစ်ဆေးခြင်း၊ လက်ဗွေရာ စစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ရဲများအနေဖြင့် လုံလောက်သော သက်သေ အထောက်အထား မရှိသည့်အတွက် ဤအမှုကို "လူပျောက်ဆုံးမှု" အဖြစ်သာ မှတ်တမ်းတင်ကာ ယာယီပိတ်သိမ်းခဲ့ကြသည် မှာကြာပြီးဖြစ်သည် ဟူသော ဖော်ပြချက်များကို တွေ့လိုက်ရသည်။ ထိုသတင်းများတွင် ဖော်ပြထားသော ပျောက်ဆုံးသွားသူများ၏ မျက်နှာများကို သေချာကြည်လိုက်သောအခါတွင် ဦးအေးမောင်၏ ပန်းချီကားများထဲက ပုံတူများနှင့် အံ့သြစရာကောင်းလောက်အောင် တူညီနေ သည် ကို ကျွန်မ သတိထားမိလိုက်သည်။

"ဒါ... ဒါတွေက မတော်တဆ တူနေတာလား... ဒါမှမဟုတ်..." ကျွန်မ မယုံကြည်နိုင်စွာ ရေရွတ်မိသည်။

ဒီအချိန်မှာပဲ ကျွန်မတို့ မြို့လေးရဲ့ လူစည်ကားတဲ့ ဈေးနားက မီးတိုင်တွေ၊ လမ်းဆုံလမ်းခွတွေမှာ ကပ်ထားတဲ့ လူပျောက်ကြော်ငြာတွေကိုလည်း ပိုပြီး သတိထားမိလာတယ်။ အရင်ကအရေးမဆိုက်မှီသော်လည်းအခုတွင် အဲ့ဒီကြော်ငြာတွေထဲက ပျောက်ဆုံးနေတဲ့ လူအချို့ရဲ့ ပုံစံတွေက ဦးအေးမောင်ရဲ့ ပန်းချီကားတွေထဲက ပုံတူတွေနဲ့ ဆင်တူနေတာကိုလည်း သတိထားမိ လိုက်ရတယ်။

ပိုပြီး စူးစမ်းရှာဖွေရင်း "မောင်စိတ္တ" ဆိုတဲ့ ပန်းချီဆရာတစ်ဦးအကြောင်း ရေးသားထားတဲ့ ပိုပြီးဟောင်းနွမ်းတဲ့ သတင်းတစ်ခုကို ကျွန်မ တွေ့လိုက်ရသည်။ ထိုသတင်းတွင် မောင်စိတ္တသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ချစ်ဇနီး မမိုးမိုးသူကို စိတ်ဖောက်ပြန်ကာ သတ်ဖြတ်ခဲ့သည် ဟု ဖော်ပြထားသည်။ သတ်ဖြတ်ပြီးနောက် သူသည် ရူးသွပ်သွားသဖြင့် စိတ်ကျန်းမာရေးဆေးရုံ သို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း၊ ထို့နောက် နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် ဆေးရုံမှ ထူးဆန်းစွာ လွတ်မြောက်သွားပြီး ပျောက်ဆုံးသွားခဲ့သည် ဟု ရေးသားထား သည်။ ထိုသတင်းတွင် ပါဝင်သော မောင်စိတ္တ၏ ဓာတ်ပုံဟောင်းကို ကျွန်မ ကြည့်လိုက်တော့ ထိုစဉ်က နုပျိုလွန်းသော မျက်နှာနှင့် စူးရှတောက်ပသည့် မျက်လုံးများက အခု လက်ရှိ ကျွန်မ၏ အိမ်နီးချင်း ဦးအေးမောင်၏ အသက်ကြီးရင့်ကာ ရော်ရွက်နေသော မျက်နှာနှင့် နှိုင်းယှဉ်၍ မရလောက်အောင်ပင် ကွာခြားနေသော်လည်း မျက်လုံးနှင့် မျက်ခုံးဖွဲ့စည်းပုံတို့ကမူ ထပ်တူနီးပါး ဆင်တူနေသည်ကို ကျွန်မ တွေ့လိုက်ရသည်။ ကျွန်မကိုယ်လုံး ရုတ်တရက် တောင့်တင်းသွားသည်။

"ဘုရားရေ... ဒါ... ဒါ ဦးအေးမောင်ပဲလား။" ကျွန်မ နာကျင်စွာ အော်ဟစ်မိသည်။

ထို့ပြင်၊ နောက်ထပ် သတင်းဟောင်းတစ်ခုတွင် လွန်ခဲ့သော ဆယ်စုစုနှစ်များစွာက နာမည်ကျော် ပန်းချီဆရာမတစ်ဦး ဖြစ်သူ ဒေါ်ခင်မာ လည်း ရုတ်တရက် ပျောက်ဆုံးသွားခဲ့ကြောင်း တွေ့လိုက်ရသည်။ သူမသည် မောင်စိတ္တ၏ ပန်းချီပြပွဲများတွင် မကြာခဏ ပါဝင်ပြသခဲ့ဖူးကြောင်း၊ သူမ၏ နောက်ဆုံးပြပွဲတွင် တင်ပြခဲ့သော ပန်းချီကားတစ်ချပ်တွင် အမျိုးသမီးတစ်ဦး၏ လည်ပင်း၌ အစင်းရာနီနီတစ်ခု ထင်ရှားစွာ ပါဝင်ကြောင်း ဖော်ပြထားသည်။ ဒေါ်ခင်မာ၏ ဓာတ်ပုံများအပြင် မောင်စိတ္တ နှင့် ဒေါ်ခင်မာတို့ တွဲရိုက်ထားသော ဓာတ်ပုံဟောင်းများကိုလည်း ကျွန်မ တွေ့လိုက်ရသည်။ ထိုဓာတ်ပုံများတွင် သူတို့နှစ်ဦးသား အနုပညာ လက်ရာများ အကြောင်း ဆွေးနွေးရင်း ရင်းရင်းနှီးနှီး ထိုင်နေကြသည့် မြင်ကွင်းများ ပါဝင်သည်။ ထိုသတင်းတွင် ပုံဖော်ထားသော ဒေါ်ခင်မာ၏ ဓာတ်ပုံ သည် ကျွန်မ ဦးအေးမောင်အိမ်တွင် မြင်တွေ့ခဲ့ရသည့် လည်ပင်းတွင် အစင်းရာနီနီပါသော ပုံတူပန်းချီကားထဲက အမျိုးသမီးနှင့် ထပ်တူနီးပါး ဆင်တူနေသည်ကို ကျွန်မ တွေ့လိုက်ရ သည်။ ကျွန်မ အသက်ရှူရပ်သွားသလိုပင်။ မေသက် အိပ်မက်ထဲတွင် မြင်နေရသော အမျိုးသမီး၏ မျက်နှာနှင့် လည်း တထပ်တည်းပင်။

"ဒါဆို... အဲ့ဒီပန်းချီကားက ဒေါ်ခင်မာ... ကျွန်မ အိပ်မက်ထဲက အမျိုးသမီး... မဟုတ်ဘူး... ဒါတွေက တိုက်ဆိုင်မှုမဟုတ်ဘူး!" ကျွန်မ ခေါင်းထဲမှာ မီးခလုတ် ဖွင့်လိုက်သလိုပင် အရာအားလုံး ရှင်းလင်းသွားသည်။

ကျွန်မသည် ထိုသတင်းများ၊ ကျွန်မ၏ အိပ်မက်ဆိုးများ၊ ဦးအေးမောင်၏ ထူးဆန်းသော အမူအရာများ၊ ပန်းချီကားများထဲမှ အသက်မဲ့သော မျက်လုံးများ၊ မြို့ထဲက လူပျောက်ကြော်ငြာများ စသည်တို့ကို ဆက်စပ်တွေးလိုက်သည်။ ကျွန်မစိတ်ထဲမှာ ကြောက်မက်ဖွယ်ကောင်းသော သံသယတစ်ခု ဝင်လာခဲ့သည်။ ဦးအေးမောင်သည် ငယ်စဉ်ကတည်းက အနုပညာကို အသက်နှင့်လဲ၍ မြတ်နိုးသူတစ်ယောက် ဖြစ်ခဲ့ကြောင်း၊ သူ၏ ငယ်ဘဝအိပ်မက်မှာ ကမ္ဘာကျော် ပန်းချီဆရာတစ်ဦး ဖြစ်ရန်ပင်။

သို့သော် သူ၏ပန်းချီကားများကို ပန်းချီဝေဖန်သူများက "အသက်မဝင်ဘူး" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ထိုဝေဖန်မှုများသည် သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထိုးစိုက်ဝင်ရောက်ခဲ့ပြီး စိတ်ဖိစီးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် သူသည် တဖြည်းဖြည်း စိတ်ဖောက်ပြန်လာခဲ့ပြီး လက်တွေ့ဘဝနှင့် စိတ်ကူးယဉ်ဘဝကို ခွဲခြားမသိတော့ပေ။ သူ၏ ပန်းချီကားများကို တကယ်အသက်ဝင်အောင် ပြုလုပ်ဖို့ဆိုရင် မော်ဒယ်တွေရဲ့ ဝိညာဉ်ကို ဖမ်းယူရမည် ဟု ထူးဆန်းစွာ ယုံကြည်လာခဲ့သည်။ ထိုယုံကြည်ချက်သည် သူ့စိတ်ထဲတွင် အမြစ်တွယ်သွားခဲ့သည်။

သူသည် လှပသော ပုံစံရှိပြီး စိတ်ဓာတ်ကြံ့ခိုင်သော လူများကို ရွေးချယ်ကာ သူတို့၏ ပုံတူများကို ရေးဆွဲခြင်းပင်။ ဦးအေးမောင်သည် လူတစ်ယောက်၏ မျက်လုံးထဲကနေ သူတို့၏ စိတ်ဝိညာဉ်ကို မြင်နိုင်စွမ်းရှိသည်ဟု ထူးဆန်းစွာ ယုံကြည်ခဲ့သည်။ အထူးသဖြင့် သူတို့၏ အပြုံးများတွင် အသက်ဝင်နေသော အလှတရား ကို သူအမြဲ ရှာဖွေခဲ့သည်။ ပန်းချီကား ပြီးခါနီးပြီဆိုသည်နှင့် သူတို့၏ ဝိညာဉ်များကို ဖမ်းယူရန်အတွက် လည်ပင်းကို ညှစ်သတ်ခဲ့သည်။ သူသတ်ဖြတ်လိုက်သောအခါ မော်ဒယ်များ၏ မျက်လုံးထဲတွင် ပေါ်လာသော အသက်မဲ့သည့် အကြည့်များကို ပန်းချီကားထဲတွင် အသေးစိတ် ပုံဖော်ခဲ့သည်။ ထိုအကြည့်များသည် သူ့ပန်းချီကားများကို အသက်ဝင်စေသည်ဟု သူယုံကြည်ခဲ့ခြင်းဖြစ်သည်။ သူသတ်ဖြတ်ထားသော အလောင်းများကိုတော့ သူ့အိမ်နောက်ဖေးရှိ မြေအောက်ခန်းထဲတွင် မြှုပ်နှံထားခဲ့သည်။ အဆိုပါ မြေအောက်ခန်းသည် အသံလုံအောင် သေသေချာချာ တည်ဆောက်ထားပြီး၊ နံရံများတွင် သူ့လက်ရာ ပန်းချီကားဟောင်းအချို့ကိုလည်း ထူးဆန်းစွာ ချိတ်ဆွဲထားသေးသည်။

မှိုတက်နေသော နံရံများပေါ်တွင်တော့ သွေးစွန်းသော ပန်းချီပစ္စည်းများနှင့် မော်ဒယ်ဟောင်းများ၏ အဝတ်အစားများ ပြန့်ကျဲနေသည်။ ကြမ်းပြင်ပေါ်တွင်လည်း ခြောက်သွေ့နေသော သွေးကွက်များနှင့် လူရိုးပြာများက ပြန့်ကျဲလျက်ရှိသည်။ ထိုနေရာသည် ဦးအေးမောင်၏ ရူးသွပ်မှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေသည့် နေရာပင်။ မည်သူမှ ရှာမတွေ့နိုင်အောင် အသံလုံသော အခန်းကိုပါ ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ ထိုအခန်းထဲတွင် သေဆုံးသွားသော ဝိညာဉ်များသည် သူ့ပန်းချီကားများထဲသို့ ရောက်ရှိသွားသည်ဟု သူယုံကြည်ခဲ့သည်။ သူသည် နာမည်ပြောင်း၊ ပုံစံပြောင်းကာ လူသူအရောက်အပေါက်နည်းသော ဤမြို့လေးတွင် အသစ်တစ်ဖန် ပြန်လည်စတင်လာခဲ့ခြင်းပင် ဖြစ်သည်။

"အခန်း (၅) - အကြံအစည်"

ကျွန်မ ဦးအေးမောင်အိမ်မှ ပန်းချီကားများကို ကြည့်ရှုပြီး ပြန်လာခဲ့သည့် နေ့မှစ၍ သူသည် ကျွန်မအား အမြဲတမ်း စိုက်ကြည့်နေသည်ကို သတိထားမိလာသည်။ တစ်ခါတစ်လေတွင် ကျွန်မအိမ်ပြတင်းပေါက်မှတစ်ဆင့် သူ့ကို မြင်ရသည်။ သူ၏ မျက်လုံးများသည် ကျွန်မအား အကဲဖြတ်နေသကဲ့သို့ စိုက်ကြည့်နေသည်။ သူ့၏ အေးစက်၍ စူးရှသော အကြည့်များသည် ကျွန်မအား ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။ ကျွန်မသည် သူ့မျက်လုံးများထဲတွင် မကောင်းသော အကြံအစည်တစ်ခုကို တွေ့မြင်နေရသည်ဟု ထင်ခဲ့သည်။

တစ်နေ့တွင် သူသည် ကျွန်မအိမ်တံခါးကို လာခေါက်သည်။

"မေသက်... သမီး ရဲ့ ပုံတူပန်းချီကားကို ဆွဲပေးချင်တယ်" ဟု သူက ပြောလာသည်။ သူ၏အသံသည် နူးညံ့သော်လည်း၊ ထိုနူးညံ့မှုအောက်တွင် ပုန်းကွယ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ရည်ရွယ်ချက် တစ်ခုကို ကျွန်မ ခံစားမိသည်။ "မင်းရဲ့ မျက်လုံးတွေမှာ ထူးခြားတဲ့ အသက်တစ်ခုရှိတယ်" လို့ သူက ထူးဆန်းတဲ့ အပြုံးနဲ့ ပြောလိုက်သည်။ သူ့မျက်လုံးများတွင် ကြိုတင်ရွေးချယ်မှုတစ်ခုကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူသည် ကျွန်မကို သူ၏ နောက်ထပ်သားကောင်အဖြစ် ရွေးချယ်ပြီးပြီ ဖြစ်သည်။

ကျွန်မ သူ့စကားကိုကြားတော့ ကျောထဲမှ စိမ့်ခနဲဖြစ်သွားသည်။ ကျွန်မ၏ အိပ်မက်ဆိုးများ၊ သူ၏ ပုံတူပန်းချီကားများထဲက အသက်မဲ့သော မျက်လုံးများ၊ ပျောက်ဆုံးသွားသော မော်ဒယ်များ၏ သတင်း ဟောင်းများ စသည်တို့သည် ကျွန်မ၏ ခေါင်းထဲတွင် ပလုံစီနေသည်။ သူသည် ကျွန်မအား သူ့၏ နောက်ထပ် "လက်ရာ" အတွက် မော်ဒယ်အဖြစ် ရွေးချယ်နေပြီဆိုသည်ကို ကျွန်မ ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။

"ဦးအေးမောင်၊ ကျေးဇူးတင်ပါတယ်ရှင်။ ဒါပေမဲ့ ကျွန်မ အခုချိန်မှာ ပုံတူဆွဲဖို့ အဆင်မပြေသေးပါဘူး" ဟု ကျွန်မ တည်ငြိမ်အောင် ကြိုးစားပြီး ပြောလိုက်သည်။

သို့သော် သူ၏မျက်လုံးထဲတွင် ပေါ်လာသော စိတ်ပျက်အားငယ်မှု၊ မကျေနပ်မှု နှင့် ထူးဆန်းသော တောက်ပမှုက ကျွန်မအား ပိုပြီး ကြောက်လန့်စေခဲ့သည်။ ထိုအကြည့်သည် ကျွန်မ၏ ကံကြမ္မာကို တံခါးခေါက်သကဲ့သို့ ကျွန်မ၏ နှလုံးသားကို တစ်ဆစ်ဆစ်နာကျင်စေခဲ့သည်။ သူ၏ မျက်နှာက ပြုံးနေဆဲဖြစ်သော်လည်း မျက်လုံးများကမူ ကြောက်မက်ဖွယ်ကောင်းသော အကြံအစည်တစ်ခုကို ဖော်ပြနေသည်။

"အခန်း (၆) - အသက်လုသည့် ည"

၂၀၂၅ ခုနှစ်၊ မတ်လ၏ လပြည့်ည။ အဲ့ဒီညက ကျွန်မ အိပ်မပျော်နိုင်ခဲ့ဘူး။ ညနေက ဦးအေးမောင်နှင့် စကားပြောပြီးနောက် ကျွန်မ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးနေသည်။ ဦးအေးမောင်ရဲ့ ကြောက်မက်ဖွယ် အကြံအစည်ကို သိလိုက်ရတော့ ကျွန်မကိုယ်ကျွန်မ လုံးဝ လုံခြုံမှုမရှိတော့ဘူးလို့ ပြင်းပြင်းထန်ထန် ခံစားရသည်။ မည်သည့် အချိန်တွင်မဆို ကျွန်မအား သူလာရောက်နိုင်သည်ဟု အတွေးများက လွှမ်းမိုးနေသည်။ နာရီများ တစ်စက်စက် လည်ပတ်နေသော်လည်း ညသည် ဘယ်တော့မှ မကုန်ဆုံးတော့ မည့်အတိုင်း ရှည်လျားနေသည်။ ကျွန်မသည် ဖုန်းကို ယူကာ ရဲကို ဖုန်းဆက်ဖို့ ကြိုးစားပေမယ့် ကျွန်မဖုန်းက ဘက်ထရီကုန်နေသည်။ အားသွင်းဖို့ ကြိုးစားတော့လည်း ရုတ်တရက် မီးများ လင်းကနဲ မှိတ်ကနဲ ဖြစ်သွားပြီး အမှောင်ထုထဲသို့ တစ်အိမ်လုံး နစ်မြုပ်သွားသည်။ ဖုန်းလိုင်းလည်း လုံးဝ မရတော့ပေ။ လျှပ်စစ်မီးက ကျွန်မ အိမ်တွင်သာမက ရပ်ကွက်တစ်ခုလုံးပါ ပြတ်တောက်သွားခြင်း ဖြစ်သည်။ ကျွန်မ ဦးအေးမောင်ရဲ့ အိမ်ဘက်ကို ကြည့်လိုက်တော့လည်း သူ့အိမ်ကတော့ မှောင်မိုက်နေတုန်းပင်။ အမှောင်ထုက သူ့အိမ်ကို မျိုချထားသလိုမျိုး၊ အရာအားလုံးကို ဖုံးကွယ်ထားသလိုမျိုး ဖြစ်နေသည်။ ကျွန်မ၏ နှလုံးသားက ရင်ဘတ်ထဲကနေ ကန်ထွက် တော့မလို ခုန်နေသည်။

"မဖြစ်ဘူး... ဘာလို့ဖုန်းက အားမဝင်တာလဲ... မီးကလည်း ပြတ်တာ ဒီအချိန်ကျမှလား..." ကျွန်မ စိုးရိမ်တကြီး ရေရွတ်မိသည်။

ကျွန်မ ချက်ချင်း တံခါးတွေကို သေသေချာချာ သော့ခတ်လိုက်သည်။ အိမ်ရှေ့တံခါး၊ နောက်ဖေးတံခါး၊ အခန်းတံခါးများ အားလုံးကို အသေအချာ သော့ခတ်လိုက်သည်။ ပြတင်းပေါက်များကိုလည်း သေချာ ပိတ်လိုက်ပြီး ခိုင်ခိုင်မာမာရှိစေရန် အပိုထပ်ဆောင်း ပိတ်ဆို့လိုက်သည်။ ထို့နောက် အခန်းထဲက အဝတ်စင် နောက်မှာ ဝင်ရောက်ပုန်းအောင်းဖို့ ဆုံးဖြတ်လိုက်သည်။ အဝတ်စင်ထဲက အဝတ်အစားများက ကျွန်မကိုယ်ကို အနည်းငယ် ဖုံးအုပ်ပေးနိုင်ခဲ့သည်။ ကျွန်မကိုယ်ကျွန်မ တတ်နိုင်သမျှ လုံခြုံအောင် ပြင်ဆင်ထားသည်။ သို့သော် ကျွန်မ၏ ကြောက်ရွံ့မှုများကတော့ လျော့ပါးမသွားခဲ့။ နှလုံးခုန်သံက ရင်ဘတ်ထဲကနေ ကန်ထွက်တော့မလို ခုန်နေသည်။ တိတ်ဆိတ်မှုက နားထဲတွင် ဆူညံလာသလိုပင်။ ကျွန်မ၏ ကိုယ်တွင်းအပူချိန်များ မြင့်တက်လာပြီး ချွေးများ စီးကျနေသည်။
ခဏအကြာတွင် ကြားလိုက်ရသည့် အသံတစ်ခုကြောင့် ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ အိမ်အောက်ထပ်ကနေ တံခါးပွင့်သံ တစ်ခုကို ကြားလိုက်ရခြင်းပင်။ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သံက တိတ်ဆိတ်နေသော ညတွင် လွန်စွာ ကျယ်လောင်နေသည်။ တံခါးကို ဘယ်သူမှ ဖွင့်စရာ အကြောင်းမရှိပေ။

ကျွန်မ၏ ဦးနှောက်က မယုံနိုင်အောင် ဖြစ်နေသော်လည်း နားကမူ ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ထို့နောက် ခြေသံဖွဖွလေးဖြင့် ကျွန်မအခန်းဘက်ကို တက်လာတာကို ကြားရသည်။ ခြေသံတွေက နှေးကွေး ပေမယ့် တိကျမှန်ကန်နေသည်။ ခြေသံတစ်လှမ်းတိုင်းသည် ကျွန်မ၏ နှလုံးသားပေါ်သို့ ဆောင့်နင်းနေသလို ခံစားရသည်။ ခြေသံများသည် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ ကြောက်ရွံ့မှုက အသက်ရှူရခက်ခဲစေသည်။ ကျွန်မပုန်း နေသော အခန်းရှေ့တွင် ခြေသံများ ရပ်တန့်သွားသည်။ ပြီးနောက် တံခါးလက်ကိုင်က တဖြည်းဖြည်း ချင်း လှည့်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော တံခါးအဖွင့်သံက တိတ်ဆိတ်မှုကို ခွဲခြမ်းလိုက်သည်။

"သူလာပြီ... သူလာနေပြီ..." ကျွန်မ တီးတိုးရေရွတ်မိသည်။

ကျွန်မ အသက်ပင် မရှူဝံ့တော့။ မျက်လုံးများကို စုံမှိတ်ထားလိုက်သည်။ တံခါးလက်ကိုင် လှည့်သံနှင့် တံခါးဖွင့်သံက ကျွန်မ၏ နားထဲတွင် အကျယ်ကြီး ပဲ့တင်ထပ်နေသည်။ နှလုံးခုန်သံကလည်း စည်တီးသံလိုပင်။ နောက်ဆုံးမှာတော့ အခန်းတံခါး ဖြည်းဖြည်းချင်း အဆုံးထိ ပွင့်လာသည်။ မှောင်မည်းနေသော အခန်းထဲကို အရိပ်မည်းကြီးတစ်ခု ဝင်လာတာကို ကျွန်မ မြင်လိုက်ရသည်။ ထိုအရိပ်သည် အဘိုးကြီးဦးအေးမောင် ပင် ဖြစ်သည်။ သူ၏ မျက်လုံးများက မှောင်မိုက်နေပေမယ့် တစ်ခုခုကို ပြုံးနေသလိုမျိုး အသက်မဲ့သော အကြည့်များ ကို ကျွန်မခံစားလိုက်ရသည်။ ထိုအကြည့်များသည် ကျွန်မ၏ ဝိညာဉ်ကို ဆွဲခွာနေသလိုပင်။ ကျွန်မ ခြေလှမ်း တစ်လှမ်းချင်းစီ နောက်ဆုတ်မိသွားသည်။ ကျွန်မ၏ နောက်ကျောက အဝတ်စင်၏ နံရံနှင့် ကပ်သွားပြီး နောက် ထပ် ဆုတ်စရာ နေရာမရှိတော့ပေ။

"မေသက်... ဘယ်မှာလဲ... ပုန်းမနေပါနဲ့...မင်းဘယ်မှာလည်းငါသိတယ် မင်းရဲ့ ဝိညာဉ်ကြောင့် ငါ့ပန်းချီကားက ပြီးပြည့်စုံတော့မှာပါ..." ဟု သူ၏ အေးစက်စက် အသံက တိတ်ဆိတ်နေသော အခန်းထဲတွင် ပဲ့တင်ထပ်လာသည်။

ထိုအသံသည် ကျွန်မအား အမှောင်ထုထဲသို့ ဆွဲခေါ်သွားတော့မည့် အသံပင် ဖြစ်သည်။ သူ၏ လက်များက ကျွန်မ၏ လည်ပင်းဆီသို့ တဖြည်းဖြည်းချင်း တိုးဝင်လာသည်။ ကျွန်မ အသက်လုရင်း လက်နဲ့ခြေထောက်တွေကို အားကုန်ရုန်းကန်ခဲ့မိတယ်။ သူ့လက်တွေကို တွန်းဖယ်ဖို့၊ ဘေးပတ်ဝန်းကျင်မှာ အကူအညီရနိုင်မယ့် တစ်ခုခုကို ရှာဖွေဖို့ ကျွန်မ တတ်နိုင်သမျှ ကြိုးစားခဲ့တယ်။ ကျွန်မရဲ့ လက်တွေက လေထဲကို ရောက်သွားသလိုပဲ။ ဘာကိုမှ ဖမ်းဆုပ်လို့မရခဲ့ဘူး။ လည်ပင်းမှာ တင်းကျပ်လာတဲ့ ဖိအားက ကျွန်မရဲ့ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့လိုက်တယ်။ ရင်ဘတ်ထဲမှာ လေပြတ်ပြီး တဆစ်ဆစ် နာကျင်လာတယ်။ မျက်လုံးတွေ ပြာဝေလာပြီး ဦးနှောက်ထဲက သွေးကြောတွေ တဆတ်ဆတ် ခုန်လာသလို ခံစားရတယ်။

နှုတ်ခမ်းတွေ တုန်ရီလာပြီး အော်ဟစ်ဖို့ ကြိုးစားပေမဲ့ အသံတစ်သံမှ ထွက်မလာခဲ့ဘူး။ ခန္ဓာကိုယ်တစ်ခုလုံးက ထုံကျဉ်လာပြီး အားအင်တွေ ကုန်ခမ်းလာတယ်။ ကျွန်မရဲ့ ခြေထောက်တွေ မြေပြင်ကနေ မြောက်တက်လာခဲ့တယ်။ မခင်မာရဲ့ မျက်နှာကို အိပ်မက်ထဲမှာ မြင်နေရသလိုပဲ။ သူမရဲ့ ကြောက်လန့် တုန်လှုပ်နေတဲ့ မျက်နှာက ကျွန်မကို ကြည့်နေတယ်။ သူမရဲ့ မျက်လုံးတွေကနေ "ပြေးပါ... ပြေးပါ..." လို့ တောင်းပန်နေသလိုပဲ။ ဒါပေမဲ့ ကျွန်မ ဘယ်မှ ပြေးလို့မရခဲ့ဘူး။ ထို့နောက် ကျွန်မ၏ အသိစိတ်များ မှောင်မိုက် သွားပြီး မေ့လဲကျသွားခဲ့သည်။

အခန်း (၆) (က) - နောက်ဆုံးည

ကျွန်မ နိုးလာတော့ မှောင်မိုက်ပြီး အေးစက်နေသော အခန်းကျဉ်းလေးထဲတွင် ရောက်နေသည်။ လက်နှင့် ခြေထောက်များတွင် သံကြိုးများ ဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရသည်။ နာကျင်မှုက ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေသည်။ အခန်းနံရံများတွင် အစွန်းအထင်းများဖြင့် ပြည့်နေပြီး၊ စိုထိုင်းထိုင်း ပုပ်အဲ့အဲ့ အနံ့အသက်ဆိုးကြီးက နှာခေါင်းထဲသို့ တိုးဝင်လာသည်။ မျက်စိအမြင်ကို အားပြုကြည့်လိုက်တော့ ဘေးပတ်ဝန်းကျင်မှာ ကျွန်မမြင်ဖူးနေကျ ပန်းချီကားများထဲမှ ပုံတူများ ကဲ့သို့ လူပုံစံအရိပ်များ တလှုပ်လှုပ်နှင့် ကျွန်မကို စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများကတော့ ဘာမှန်း မသိနိုင်သော အသက်မဲ့အကြည့်မျိုးဖြင့် ပြည့်နေသည်။ သူတို့အားလုံးသည် ကျွန်မအား ကြောက်မက်ဖွယ်ကောင်းသော ကံကြမ္မာတစ်ခုဆီသို့ ဦးတည်နေ သကဲ့သို့ ခံစားရစေသည်။

"ဦး... ဦး ... ဦးအေးမောင်..." ကျွန်မ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"ဦးအေးမောင်! ဦးအေးမောင်! ဘာလို့ ကျွန်မကို ဒီလိုလုပ်ရတာလဲ! ကျွန်မကို လွှတ်ပေးပါ! ကျွန်မ ဘာအပြစ်မှ မလုပ်ခဲ့ဘူး!" ကျွန်မ၏ အော်သံများက အခန်းကျဉ်းလေးထဲတွင် ပဲ့တင်ထပ်နေသည်။

တိတ်ဆိတ်မှုက ကျွန်မအား ပိုပြီး ခြောက်လှန့်နေသည်။ ဦးအေးမောင်၏ မျက်နှာက အမှောင်ထုထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု တွဲလောင်းခိုနေပြီး မျက်လုံးများက တောက်ပသော အရူးတစ်ယောက်၏အကြည့်မျိုးဖြင့် ကျွန်မကို စူးစိုက်ကြည့်နေသည်။

"မေသက်... မင်းရဲ့ မျက်လုံးတွေက တကယ်ကို အသက်ဝင်လွန်းတယ်ကွာ။ မင်းရဲ့ ဝိညာဉ်က ငါ့ပန်းချီကားအတွက် ပြီးပြည့်စုံတယ်..."

"မဟုတ်ဘူး! မလုပ်ပါနဲ့! ကျွန်မ မလိုချင်ဘူး! ကျွန်မ အသက်ရှင်ချင်တယ်! ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ!" ကျွန်မ အားကုန် အော်ဟစ်ပြီး ငိုယိုလိုက်သည်။

ကျွန်မ၏ မျက်ရည်များက ပါးပြင်ပေါ် စီးကျလာသည်။ ကျွန်မ လွတ်မြောက်ဖို့အတွက် သံကြိုးတွေကို အားကုန်ရုန်းကန်ကြည့်တယ်။ လက်နဲ့ခြေထောက်တွေလည်း ပွန်းပဲ့ပြီး သွေးစို့လာတယ်။ ဘယ်လိုမှ မရုန်းနိုင်ခဲ့ဘူး။

"အဟား.... ဟား... အော်ပါ... အော်ပါ... မင်းရဲ့ အော်သံတွေက ငါ့ကို ပိုပြီး စိတ်လှုပ်ရှားစေတယ်..." ဟု ဦးအေးမောင်က အရူးတစ်ယောက်လို ရယ်မောလိုက်သည်။

သူ၏ ရယ်သံက အခန်းထဲတွင် ပဲ့တင်ထပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော တေးသံတစ်ခုလိုပင်။ "မင်းအော်သံတွေက ငါ့လက်ရာကို ပိုပြီး အသက်ဝင် စေလိမ့်မယ်..." သူ၏ ရယ်သံများက တဖြည်းဖြည်း မှေးမှိန်သွားပြီး အခန်းထဲက တိတ်ဆိတ်မှုက ကျွန်မအား လွှမ်းခြုံသွားခဲ့သည်။

ကျွန်မ၏ ကံကြမ္မာသည် ဦးအေးမောင်၏ လက်ထဲတွင် လုံးလုံးလျားလျား ရှိနေခဲ့ပြီ။ ကျွန်မ၏ ဝိညာဉ်သည်လည်း ဦးအေးမောင်၏ နောက်ဆုံးပန်းချီကားထဲသို့ ရောက်ရှိသွားတော့မည်ကို ကျွန်မ သိလိုက်ရသည်။ မကြာမီ ကျွန်မ ခေါင်းထဲ့တွင် မူးနောက်နောက် ဖြစ်လာသည် ပြီးနောက်အရာရာမေ့သွားတော့သည်။

ကျွန်မ၏ မျက်လုံးများကို ဖွင့်လိုက်တော့ ဘယ်အချိန်ရှိနေမှန်မသိ ဦးအေးမောင်က ကျွန်မ၏ ရှေ့တွင် ထိုင်နေသည်။ သူ၏လက်ထဲတွင် ပန်းချီစုတ်တံတစ်ချောင်းကို ကိုင်ထားပြီး ကျွန်မကို စိုက်ကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု တွဲလောင်းခိုနေသည်။

"နိုးပြီလား မေသက်... ကောင်းပါတယ်။ အိပ်မက်လှလှလေး မက်ခဲ့မယ်လို့ မျှော်လင့်ပါတယ်" ဟု သူက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ဘာလို့... ဘာလို့ ကျွန်မကို ဒီလိုလုပ်ရတာလဲ ဦးအေးမောင်!" ကျွန်မ၏ အသံက တုန်ယင်နေသည်။ မျက်ရည်များက ပါးပြင်ပေါ် စီးကျနေသည်။

"ဘာလို့လဲဟုတ်လား... ဟားဟား... မင်းသိပ်လှတယ် မေသက်... မင်းရဲ့ မျက်လုံးတွေက အသက်ဝင်လွန်းတယ်။ ငါ့ပန်းချီကားအတွက် အသက်သွင်းဖို့ မင်းလိုလူမျိုးပဲ လိုတာ။" သူက ရူးသွပ်သော မျက်လုံးများဖြင့် ကျွန်မကို ကြည့်နေသည်။

"ငါ့ရဲ့ ပန်းချီကားတွေက အသက်မဝင်ဘူးတဲ့... ဟုတ်လား... အခုကြည့်... ငါ့ပန်းချီကားတွေက တကယ်ကို အသက်ဝင်နေပြီ!" သူက သူ့နောက်က ပန်းချီကားတစ်ချပ်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုပန်းချီကားထဲက အမျိုးသားတစ်ဦး၏ မျက်နှာက ကြောက်ရွံ့မှုနှင့် နာကျင်မှုများဖြင့် ပြည့်နေသည်။ သူ၏ မျက်လုံးများကလည်း ကျွန်မလိုပင် အသက်မဲ့နေသည်။

"ဒါ... ဒါ ဦးအေးမောင်သတ်ခဲ့တဲ့ သူတွေလား..." ကျွန်မ မယုံကြည်နိုင်စွာ ရေရွတ်မိသည်။

"သတ်ခဲ့တာမဟုတ်ဖူး ပေးဆပ်ခဲ့ကြတာ... သူတို့အားလုံးက ငါ့ရဲ့ အနုပညာအတွက် သူတို့ဘဝကို ပေးဆပ်ခဲ့ကြတာ" သူက ရူးသွပ်သော အပြုံးဖြင့် ပြောလိုက်သည်။

"မင်းလည်း သူတို့လိုပဲ ဖြစ်လာတော့မှာ မေသက်... မင်းရဲ့ ဝိညာဉ်က ငါ့ရဲ့ နောက်ဆုံးလက်ရာကို ပြီးပြည့်စုံစေလိမ့်မယ်။"

"မဟုတ်ဘူး! မလုပ်ပါနဲ့! ကျွန်မ မလိုချင်ဘူး! ကျွန်မ အသက်ရှင်ချင်တယ်! ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ!" ကျွန်မ အားကုန် အော်ဟစ်ပြီး ရုန်းကန်သည်။ သံကြိုးများက ကျွန်မ၏ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ် များကို ပိုပြီး တင်းကျပ်စွာ ဖိညှစ်ထားသဖြင့် နာကျင်မှုများ တိုးလာသည်။

"ရုန်းကန်ပါ... အော်ဟစ်ပါ... မင်းရဲ့ ကြောက်ရွံ့မှုတွေ၊ နာကျင်မှုတွေက ငါ့ပန်းချီကားထဲမှာ ထာဝရ အသက်ရှင်နေလိမ့်မယ်။" ဦးအေးမောင်က ကျွန်မကို စိတ်ကျေနပ်စွာ စိုက်ကြည့်နေသည်။

"ငါ မင်းကို ဘာလို့ ရွေးချယ်ခဲ့လဲဆိုတာ သိလား။" သူက ကျွန်မနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

"မင်းရဲ့ မျက်လုံးတွေက ဒေါ်ခင်မာနဲ့ တူလို့ပဲ။" ကျွန်မ တကိုယ်လုံး တောင့်ခနဲ ဖြစ်သွားသည်။

"ဒေါ်ခင်မာ..."

"မင်း အိပ်မက်ထဲမှာ မြင်ရတဲ့ အမျိုးသမီးလေ... မင်းရဲ့ အိပ်မက်တွေက ဘယ်လောက် အသက်ဝင်လဲဆိုတာ ငါသိတယ်။ ငါ့ရဲ့ ပန်းချီကားတွေလည်း အသက်ဝင်ချင်တယ်။ ဒါကြောင့် မင်းလို စာရေးဆရာမတစ်ယောက်၊ စိတ်ကူးယဉ်တတ်တဲ့သူတစ်ယောက်ကို ငါ ရွေးချယ်ခဲ့တာ။ မင်းရဲ့ စိတ်ကူးယဉ်ဆန်တဲ့ စိတ်ဓာတ်က ငါ့ရဲ့ ပန်းချီကားကို ပိုပြီး အသက်ဝင်စေလိမ့်မယ်။"

ဦးအေးမောင်၏ စကားများက ကျွန်မ၏ နားထဲတွင် လှည့်ပတ်နေသည်။ ကျွန်မ၏ အိပ်မက်ဆိုးများက တကယ်ဖြစ် လာခဲ့ပြီ။ ကျွန်မသည် ဦးအေးမောင်၏ နောက်ထပ်သားကောင် ဖြစ်လာတော့မည်။

"မလုပ်ပါနဲ့... ကျေးဇူးပြုပြီး မလုပ်ပါနဲ့..." ကျွန်မ ငိုယိုတောင်းပန်သည်။

"ဟင့်အင်း... မရပါဘူး... မင်းရဲ့ ဝိညာဉ်က ငါ့ပန်းချီကားအတွက် လိုအပ်နေတယ်... ဒါဟာ ငါ့ရဲ့ ကံကြမ္မာပဲ..." ဦးအေးမောင်က စုတ်တံကို မြှောက်လိုက်ပြီး ကျွန်မ၏ မျက်နှာကို စူးစိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော အရူးတစ်ယောက်၏အကြည့်များ ပြည့်နှက်နေသည်။

"အဟီး... အဟီး....ဟီး..." သူ ရယ်မောလိုက်သည်။ သူ၏ ရယ်သံက အခန်းကျဉ်းလေးထဲတွင် ပဲ့တင်ထပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော တေးသံတစ်ခုလိုပင်။

"မင်းရဲ့ အပြုံးကို ငါ့ပန်းချီကားထဲမှာ ထည့်သွင်းပေးမယ်... ဒါဆို ငါ့ရဲ့ လက်ရာက ပြီးပြည့်စုံသွားပြီ..."

ကျွန်မ၏ အသက်ရှူသံများ ပြင်းထန်လာသည်။ မျက်လုံးများ ပြူးကျယ်လာသည်။ ကျွန်မ၏ ကံကြမ္မာသည် ဦးအေးမောင်၏ လက်ထဲတွင် လုံးလုံးလျားလျား ရှိနေခဲ့ပြီ။ ကျွန်မ၏ ဝိညာဉ်သည်လည်း ဦးအေးမောင်၏ နောက်ဆုံးပန်းချီကားထဲသို့ ရောက်ရှိသွားတော့မည်ကို ကျွန်မ သိလိုက်ရသည်။ ထိုညသည် ကျွန်မ၏ နောက်ဆုံး ည ဖြစ်ခဲ့သည်။ ကျွန်မ၏ အော်သံများဟာ မှောင်မိုက်သော အိမ်ကြီး၏ နံရံများကြားတွင် ပျောက်ကွယ် သွားခဲ့သည်။ ဘယ်သူမှ မကြားခဲ့ရ။ ကျွန်မ၏ ဝိညာဉ်သည်လည်း ဦးအေးမောင်၏ နောက်ဆုံးပန်းချီကားထဲသို့ ရောက်ရှိ သွား ခဲ့လေတော့သည်။

"အခန်း (၇) - နောက်ထပ်သားကောင်များ၏ အစ"

၂၀၂၅ ခုနှစ်၊ ဇွန်လလယ် တွင်မူ မေသစ်နေခဲ့သော အိမ်ကို အသက် ၃၀ ဝန်းကျင်ခန့်ရှိ ဇနီးမောင်နှံအသစ်တစ်တွဲ ပြောင်းရွှေ့လာခဲ့သည်။ သူတို့သည် ပန်းချီကို ဝါသနာပါသူများဖြစ်ပြီး ဘဝသစ်ကို စတင်ရန် မျှော်လင့်ချက် အပြည့်ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ သူတို့အတွက်တော့ ဒါဟာ ဘဝသစ်ရဲ့ အစ၊ ပျော်ရွှင်စရာ အနာဂတ် ၏ နိဒါန်းပင် ဖြစ်သည်။

တစ်နေ့တော့ အိမ်နီးချင်းဖြစ်သူ ဦးအေးမောင် က သူတို့ကို သူ့အိမ်သို့ ဖိတ်သည်။ သူ့ရဲ့ လက်ရာများကို ပြချင် ကြောင်း ပြောဆိုလာသည်။ ဦးအေးမောင်က သူတို့ကို ပြုံးပြနေသော်လည်း သူ့မျက်လုံးများကမူ တစ်ခုခုကို စူးစိုက်ကြည့်နေသည်။ နှုတ်ခမ်းပါးများက မသိမသာ တွန့်ကွေးနေသည်။

"မင်္ဂလာပါ ခင်ဗျာ... ဒီကိုပြောင်းလာတာ အဆင်ပြေရဲ့လား" ဟု ဦးအေးမောင်က ဖော်ရွေဟန်ဖြင့် စတင်နှုတ် ဆက်သည်။

"ဟုတ်ကဲ့ ဦးအေးမောင်... အဆင်ပြေပါတယ်ခင်ဗျာ။ ဒီမြို့လေးက တကယ်ကို လှပပြီး တိတ်ဆိတ်ငြိမ်သက်တာပဲ" ဟု အမျိုးသားက ပြန်ဖြေသည်။

"ဟုတ်တယ်ရှင်... ကျွန်မတို့လည်း ဒီလိုနေရာမျိုးကိုပဲ ရှာနေတာ" ဟု အမျိုးသမီးက ပြုံးရင်း ပြောသည်။

"ဒါဆို ခင်ဗျားတို့ ကံကောင်းတာပေါ့။ ကျွန်တော့်အိမ်ထဲဝင်ပြီး ကျွန်တော့် လက်ရာလေးတွေ ကြည့်ပါဦး။ ခင်ဗျားတို့လည်း ပန်းချီဝါသနာပါတဲ့ပုံပဲ" ဟု ဦးအေးမောင်က ဖိတ်ခေါ်သည်။

ဦးအေးမောင်သည် သူ့ရဲ့ ပန်းချီကားများကို တစ်ချပ်ပြီးတစ်ချပ် ပြသနေရင်း နံရံမှာ နောက်ဆုံးပေါ်နေသော ပုံတူပန်းချီကား တစ်ချပ်ကို လက်ညှိုးထိုးပြလိုက်သည်။ ပန်းချီကားထဲတွင်တော့ လှပသော အမျိုးသမီးတစ်ဦး၏ ပုံတူပန်းချီကား ဖြစ်သည်။ သူမ၏ မျက်လုံးများကတော့ အသက်မဲ့နေပေမယ့် တစ်ခုခုကို ပြုံးနေသလိုမျိုး ပုံဖော်ထားသည်။ သူမ၏ လည်ပင်းတွင်လည်း အစင်းရာနီနီတစ်ခု ထင်ရှားစွာ ရှိနေသည်။ ထိုအမျိုးသမီး၏ မျက်နှာက မေသက်၏ မျက်နှာ၊ ဇနီးမောင်နှံက မသိရှိခဲ့။ သူတို့သည် ပန်းချီကား၏ အလှအပကိုသာ အံ့သြစွာ ကြည့်ရှုနေကြသည်။

"ဒီလက်ရာကတော့ ကျွန်တော် အင်မတန် အချိန်ယူပြီး ရေးဆွဲခဲ့ရတာဗျ။ သူ့မျက်လုံးတွေမှာ ထူးခြားတဲ့ အသက်တစ်ခုရှိတယ်..." လို့ ဦးအေးမောင်က သူ့ရဲ့ ထူးဆန်းသော အပြုံးနှင့်ပဲ ပြောလိုက်သည်။

ပြီးတော့ သူတို့ ဇနီးမောင်နှံနှစ်ဦးကို တစ်လှည့်စီ စိုက်ကြည့်ရင်း သူတို့ရဲ့ မျက်လုံးများကို အကဲဖြတ်နေသလိုမျိုး အေးစက်စက် ပြုံးလိုက်သည်။ သူတို့၏ မျက်လုံးထဲက အသက်ဝိညာဉ်ကို သူဖတ်နေခြင်းပင် ဖြစ်သည်။ တိတ်ဆိတ်သော ညနေခင်းတွင် ထိုအပြုံးသည် လေထဲတွင် ဝဲပျံနေပြီး၊ အိမ်နီးချင်းအသစ်များ၏ ကံကြမ္မာသည် မေသက်၏ ကံကြမ္မာနှင့် ထပ်တူကျဦးမည်လားဆိုသည်ကိုမူ အချိန်ကသာ ပြောပြလိမ့်မည်။

ထိုပန်းချီကားထဲမှ မေသက်၏ မျက်လုံးများသည် အသက်မဲ့စွာ ပြုံးနေသော်လည်း၊ မျက်ဝန်းထောင့်မှ မျက်ရည်စတစ်စကတော့ ဇနီးမောင်နှံအား တိတ်တဆိတ် သတိပေးနေသယောင်ပင်။ အိမ်ပြန်ရောက်တော့ ဇနီးမောင်နှံနှစ်ဦးစလုံး ဦးအေးမောင်အိမ်ထဲမှ ထွက်ပေါ်လာသော ပုပ်အဲ့အဲ့အနံ့ဆိုးကြီးကို စတင် ရလိုက်ကြသည်။ ညဘက်ရောက် သော်လည်း ဇနီးမောင်နှံ နှစ်ဦးစလုံး အိပ်မပျော်နိုင်ကြဘဲ အိမ်နံရံမှ ထူးဆန်းသောအသံများကို စတင်ကြားရ တော့သည်။ ထိုပန်းချီကားထဲက ဝိညာဉ်များသည်လည်း အိမ်သစ်တွင် လာရောက်နေထိုင်မည့် သားကောင် အသစ်များကို တိတ်တဆိတ် စောင့်ကြိုနေကြပေတော့မည်။

Author - Whisper Ink Ai1986

Keep Reading

သည်းခြေကြိုက် စာအုပ် ၆ အုပ်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း (5) ဇာတ်သိမ်းညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးဖိုးဓာတ်လုံးမေတ္တာမဏ္ဍိုင်ချန်လှပ်ခဲ့သော ဇွန်လမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )မျက်နှာကို တော်တော်တည် ထားသည်"The Soul Portraitist" "ကျိန်စာသင့် ဝိညာဉ်များ"