မောရိသျှ
တချို့နေ့တွေဆိုရင် အလုပ်ချိန် ၁၂ နာရီကနေ ၁၃ နာရီနီးပါး မအိပ်မနေ ကျွန်တော် လုပ်နိုင်တယ်။ လေ့ကျင့်ခန်းနဲ့ စားချိန်သောက်ချိန်တွေကလွဲရင် တောက်လျှောက်ပဲ။ သုံးလေးငါးရက် ဆက်တိုက် အချိန်လုံးဝ မဆွဲဘဲ လုပ်နိုင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အဲဒီလို လုံးဝကြီး ဖိအားပေးလုပ်ခိုင်းပြီးတာနဲ့ အပေါ်ဆုံးကနေ အောက်ဆုံးကို ထိုးကျတော့တာပဲ။ သုံးလေးရက်ဆက်တိုက် အလုပ်ဖြစ်အောင်လုပ်ပြီးရင် နောက်သုံးလေးရက် ဆက်တိုက်က ဘာမှမလုပ်နိုင်လောက်အောင်ကို လူကပန်းသွားရော။ ဘာဆိုဘာမှ မလုပ်နိုင်တော့ဘူး။
အဲတာကြောင့် နောက်ပိုင်းမှာ ဘာပဲလုပ်လုပ် အချိန်နဲ့အချိန် လုပ်လိုက်တယ်။ တောက်လျှောက်လုပ်လို့ ရတိုင်းလည်း မလုပ်ဘူး။ နားစရာရှိတာ နားပစ်လိုက်တယ်။ အပင်ပန်းခံပြီး ဇွတ်အတင်း မလုပ်တော့ဘူး။ ပျင်းလို့ရရင် အကျင့်မပျက်အောင် ထိန်းပြီး ပျင်းလိုက်တယ်။
Deadline တွေ ဘာတွေရှိလာရင်လည်း ကြောက်စရာ လန့်စရာ မလိုအောင် အစောကြီးကတည်းက အလုပ်လုပ်တတ်တဲ့အကျင့် မွေးလိုက်တယ်။ စိတ်အေး လက်အေး လုပ်ရတဲ့ အရသာကို ယူတတ်အောင် တမင် ကြိုးစားထားလိုက်တယ်။ စိတ်ရှည်ရှည်ထားပြီး အေးအေးဆေးဆေးလေးပဲ လုပ်တော့တယ်။ ဘယ်တော့မှ ဘာအကြောင်းနဲ့မှ ကိုယ့်ကိုယ်ကိုယ် အတင်း ဖိအားပေး တွန်းအားပေး မလုပ်ဖြစ်တော့ဘူး။ လိုတာထက်ပိုလုပ်လည်း မထူးဘူးရယ်။ ထိုးအတက်နဲ့ ပြန်အကျ ဘက်မျှနေတော့ ပင်ပန်းတာပဲ အဖတ်တင်တယ်။
ပိုက်ဆံပျက်သွားရင် ဘယ်လိုလုပ်မလဲ၊ အလုပ်ပြုတ်သွားရင် ဘယ်လိုလုပ်မလဲ၊ သူငါ့ကို ပြန်မချစ်ရင် သွားပါပြီ၊ ငါရောဂါတွေ ရသွားရင် ဘယ်လိုလုပ်မလဲ၊ ငါစီးနေတဲ့ကား မှောက်သွားရင် ဒုက္ခပဲ၊ ငါ့မျက်လုံးတွေ ကန်းသွားရင် ခွကျပြီ … ငါ ငါ ငါ တကယ်လို့ ငါ ငါ ငါ … အသက်ရှင်သရွေ့ ပူစရာတွေမှ အများကြီးပါ။ ထူးပြီး လိုတာထက် ပိုပူတတ်လို့လည်း ကိုယ့်ဘဝကြီး လုံခြုံမသွားပါဘူး။ ဖြစ်သမျှ အကြောင်း အကောင်းပါ။ အပူကြီးလို့ လုံခြုံသွားတာမျိုး မရှိပါဘူး။ ပိုပြီးတော့ အန္တရာယ်များသွားတာပဲ အဖတ်တင်ပါတယ်။
သေချာတာက ခုတင်ချက်ချင်း ဘယ်သူမှ ကောက်ကာငင်ကာ သေသွားစရာ အကြောင်း မရှိပါဘူး။ ရောဂါအခံ ဘာညာသာရကာ စကားကပ်ပြောရင်တော့ တမျိုးပေါ့။ ဒါပေမဲ့ လိုတာထက် ပိုပူနေလို့ အကျိုးမရှိတာကို မမေ့ပါနဲ့။ ပူနေမယ့်အစား လုပ်စရာရှိတာကို အေးအေးလူလူ လုပ်တတ်အောင် စိတ်မွေးပါ။ စိတ်ပူတတ်တာက ကောင်းတာဘာမှ မဖြစ်စေပါဘူး။ စိတ်ပူပေးရမယ့်အစား စိတ်ကူပေးပါ။ ကိုယ့်စိတ်က ပူပန်သောက များနေပြီဆိုရင် ကိုယ့်စိတ်ကိုယ် ပြန်ကူပေးပါ။ ကိုယ့်စိတ်ကိုယ် ကိုယ်တိုင်က ပြန်နှစ်သိမ့်တတ်ရပါမယ်။ ပစ်မထားပါနဲ့။ စိတ်ညစ်စရာတွေနဲ့ကြုံရတိုင်း စိတ်အားငယ် စိတ်အားပျက်မဖြစ်ပါစေနဲ့။ ကိုယ့်ကို တကယ် ပျက်စီးစေနိုင်တာဆိုလို့ ကိုယ့်စိတ်ပဲ ရှိပါတယ်။ ရန်သူအစစ်က ကိုယ့်ကိုယ်တွင်းမှာပါ၊ အပြင်မှာ မဟုတ်ပါဘူး။ ကိုယ်ကပဲ ကိုယ့်ကိုယ်ကိုယ်ပျက်စီးအောင် လုပ်လို့ ရတာပါ။ သူများကြောင့် မပျက်စီးသွားပါဘူး။
#မောရိသျှ
Keep Reading