မောရိသျှ
ခေတ်ပြိုင်လူနေမှုအဖွဲ့အစည်းကြီးတွေ တိုးတက်စပြုကတည်းက အချိန်ဆွဲတဲ့အကျင့်ဆိုတာကြီးကရှိနေခဲ့တာပါ။ သမိုင်းဝင်သမိုင်းတင်ပညာရှင်တွေဖြစ်တဲ့ ဟေရိုဒိုတုစ် (Herodotus)၊ လီယိုနာရ်ဒိုဒါဗင်ချီ (Leonardo Da Vinci)၊ ပါပလိုပီကာဆို (Pablo Picasso)၊ ဘန်ဂျမင်ဖရန်ကလင် (Benjamin Franklin)၊ အယ်လနော်ရုစဗဲ့ (Eleanor Roosevelt) စတဲ့ ရာထောင်ချီမက ပုဂ္ဂိုလ်ထူးတိုင်း အချိန်ဆွဲတဲ့အကျင့်ကြီးက အဆုံးသတ်အကျိုးဆက်ရလဒ်ကိုထိခိုက်စေနိုင်တဲ့ တခုတည်းသော အန္တရာယ်ကြီးဖြစ်ကြောင်း ပြောခဲ့ကြတယ်။ အချိန်ဆွဲတာနဲ့ ပတ်သက်ပြီး ပြောခဲ့သမျှ အဆိုအမိန့်တွေထဲက အကြိုက်ဆုံးက အေဘရာဟမ်လင်ကွန်း ပြောခဲ့တာလေးပဲ။
“ဒီနေ့ရဲ့ ဝတ္တရားကို ရှောင်နိုင်တိုင်း မနက်ဖြန်ရဲ့ တာဝန်တွေကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”
အချိန်ဆွဲတဲ့အကျင့်ကလေ ပြောရရင် ထူးတော့မထူးတော့ဘူး အန္တရာယ်ရှိမှန်း လူတိုင်းသိပေမဲ့ လုပ်ဖြစ်တဲ့ အကျင့်ဆိုးဖြစ်နေတာပဲ။ ဘယ်သူမှတော့ အချိန်ဆွဲတာမျိုး မလုပ်ချင်ဘူး။ ဒါပေမဲ့ လုပ်ဖြစ်သွားတယ်။ ကျွန်တော်လည်း ဖြစ်နိုင်ရင် အချိန်မဆွဲဘဲ လုပ်တတ်တဲ့သူဖြစ်ချင်တယ်။ လုံ့လကောင်းတဲ့သူ ဝီရိယကောင်းတဲ့သူ ဖြစ်ချင်တယ်။
တကယ်ပါ။ ဒါပေမဲ့ သူ့အကြောင်းနဲ့သူ အချိန်ဆွဲမိသွားရော။ ကောလိပ်တုန်းကဆိုရင် ပိုလို့တောင်ဆိုးသေးတယ်။
စာသင်နှစ်အစတုန်းကတော့ မသိရင် ကမ္ဘာဂြိုဟ်ကြီးမှာ တဦးတည်းသော အောင်နိုင်သူကြီးလို အချိုးနဲ့၊ အေးဆေးပဲ။ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာ၊ လုပ်ချင်တိုင်းလုပ်၊ ကဲချင်တိုင်းကဲ၊ ပျော်လို့မဆုံး တပြုံးပြုံးပေါ့နော်။ ဘာဖိအားမှ မရှိဘူး။ စိတ်ပူပန်စရာဆိုတာ ငါ့အဘိဓာန်ထဲ မရှိဘူးဆိုတဲ့ အချိုးကြီးနဲ့။ ဒါပေမဲ့ စာမေးပွဲလာခါနီး တပတ်အလိုလည်း ရောက်ရော အချိုးက ပြောင်းသွားပြီ။
“လခွမ်း ငါစောစောကတည်း လုပ်ခဲ့ရမှာ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ပြောလို့ မဆုံးတော့ဘူး။ အဲဒီအခါ Red Bull ပုလင်းတွေ တပုလင်းပြီး တပုလင်း ညစဉ်ရက်ဆက် အခန်းထဲကနေ မထွက်နိုင်တော့ဘဲ စာတွေ အသေလုပ်ရတော့တာပဲ။
အချိန်ဆွဲအကျင့်ကို လေ့လာထားတဲ့ စာတမ်းတွေအရ အချိန်ဆွဲတုန်းခန ရေတိုအခိုက်အတန့်အတွင်းမှာတော့ ဘယ်သူမဆို စိတ်သက်သာရာရမှုတွေ ရှိကြပေမဲ့၊ ရေရှည်အကျိုးဆက်ကျတော့ စိတ်ပူပန်မှုတွေကြောင့် ထင်ထားတဲ့အတိုင်းအတာထက် ပိုပြီး စိတ်ပင်ပန်းဆင်းရဲရတယ်တဲ့။ ဘယ်လိုစတိုင်လ်မျိုးနဲ့ပဲ အချိန်ဆွဲဆွဲ သေချာတာက ရေရှည်မှာ ခံရမှာကြီးပဲ။ တချို့က နောက်ဆုံးအချိန် ဖုတ်ပူမီးတိုက်ရတာကို သဘောကျတာမျိုး ရှိတယ်၊ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် အချိန်မမှီလောက်တော့ဘူးလို့ ထင်ရတဲ့ နောက်ဆုံးအချိန်လည်း ရောက်ရော အားလုံးစိတ်ပူရတာပါပဲ။
အချိန်ဆွဲသူတိုင်း အချိန်ဆွဲခြင်းရဲ့ အကျိုးဆက်တန်ကြေးကို မလွဲမသွေခံစားကြရတတ်တယ်လို့ အမေရိကန် စိတ်ပညာဆိုင်ရာအဖွဲ့အစည်းကြီးရဲ့ ဂျာနယ်မှာထည့်သွင်းဖော်ပြခဲ့တဲ့ စိတ်ပညာရှင် ဒိုင်ရန်းတိုက်စ် (Dianne Tice) နဲ့ ရွိုင်းဘေရူမိုက်စတာ (Roy Baumeister) တို့လုပ်ထားတဲ့ လေ့လာမှုတရပ်မှာ အတိအလင်း ဖော်ပြထားပါတယ်။ သူတို့အဆိုအရ – အချိန်ဆွဲခြင်းကြောင့် ရလာနိုင်တဲ့ အဓိကတန်ရာတန်ကြေး အကျိုးဆက်တွေက -
• ပူပန်သောကဗျာပါရကြောင့် ခံစားရတဲ့ စိတ်ဖိစီးမှု
• အားမလိုအားမရစိတ်ကြောင့်ဖြစ်လာတဲ့ မယုံကြည်မှု
• သိမ်ငယ်စိတ်ကြောင့် ဖြစ်လာတဲ့ စိတ်အားငယ်မှု
• မရေရာမသေချာမှုတွေကြောင့် ခံစားရတဲ့ ပူပန်သောက
• စမ်းတဝါးဝါးအခြေအနေကြောင့် ခံစားရတဲ့ စိတ်ဖိအား တွေပဲဖြစ်ပါတယ်။
အချိန်ဆွဲတဲ့အကျင့်က ကောင်းတဲ့အကျင့် မဟုတ်ဘူးဗျ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် မလေးစားတတ်မှု တမျိုးပဲ။ အချိန်ဆွဲတဲ့အကျင့်ကြီးက ဆေးစွဲတာ အရက်စွဲတာတွေနဲ့ အတူတူပဲ။ ပြောရရင် အတော့်ကို အန္တရာယ်များပြီး ဆိုးကျိုးများတဲ့ အကျင့်ကြီးဗျ။ အကျင့်တခုလို ဖြစ်သွားတာနဲ့ လူကို တောက်လျှောက်လိုလို ဒုက္ခပေးတော့တာပဲ။ အစွဲကြီးရင် ကြီးသလောက် လူအပေါ် လွှမ်းမိုးထားနိုင်စွမ်းလည်း များတယ်။ လျှော့တွက်လို့ လုံးဝ မရတဲ့ စိတ်အကျင့်ဆိုးကြီးပါ။
ကျောင်းပြီးသွားတော့ ကိုယ်ပိုင်စီးပွားရေးလေး တခုလောက် လုပ်မလား အောက်မေ့ခဲ့သေးတယ်။ ဒါပေမဲ့ အစပိုင်းက လုပ်ချင်စိတ်တွေကြောင့် မပျင်းမရိ တောက်လျှောက်လိုလို လုပ်ဖြစ်ခဲ့ပေမဲ့၊ ကြာလာတော့ အတွေးများသွားပြီး ဟိုဟာမလုပ်ဖြစ် ဒီဟာမလုပ်ဖြစ် ဟိုရွှေ့ဒီရွှေ့တွေ များသွားပြီး အချိန်ဆွဲဖန်များလာတော့ ဘာမှ မလုပ်ဖြစ်တော့ဘဲ အကြံက ရုပ်လုံးပေါ်တဲ့အဆင့်ကို ရောက်မသွားဘူး။
အဲဒီလိုပဲ တကယ်လို့ ကျွန်တော် တခုခု လုပ်မလား တွေးလိုက်တိုင်း စလိုက်တိုင်း အစကတော့ အချိုးပြေပေမဲ့ နောက်ပိုင်းကျတော့ ဘယ်လိုလုပ်ပြီး လွဲလို့ လွဲသွားမှန်းမသိ အချိန်တွေ ဆွဲပြီးရင်းဆွဲ အလုပ်မလုပ်ဖြစ်တာမျိုးနဲ့ ခနခန ကြုံခဲ့ရတယ်။ စိတ်အနှောင့်အယှက်တွေ၊ တခြားအလုပ်ကိစ္စတွေ၊ လုပ်တိုင်းမဖြစ်တဲ့ အကျိုးဆက်ဆိုးတွေ၊ ကိုယ့်ကိုယ်ကိုယ် အားမရမှုတွေ၊ သိမ်ငယ်စိတ်နဲ့ မလုံစိတ်တွေကြောင့် ဘာလုပ်လုပ် အဆင်မပြေခဲ့ဘူး။ အဲတာနဲ့ပဲ အချိန်ဆွဲတာက ထုံးစံလိုဖြစ်သွားရော။ အချိန်ဆွဲရတာကပဲ အကြောင်းပြချက် ဖြစ်သွားပြီး အချိန်မဆွဲလို့ မရသလိုမျိုး အချိုးနဲ့ စိတ်အယုံသွင်း ကိုယ့်ကိုယ်ကိုယ် လိမ်မိသွားတယ်။
#မောရိသျှ
Keep Reading