Thar Htoo-Be Unique
၂၀၀၉-၁၀ ခုနှစ် ၀န်းကျင်လောက်က ဖြစ်ပါလိမ့်မယ်...တက်ခဲ့တဲ့အထက်တန်းကျောင်းလေးရဲ့နံရံမှာ ချိတ်ဆွဲထားတဲ့ ပြက္ဒဒိန်လေးက တက္ကသိုလ်တစ်ခုအကြောင်းဖြစ်တယ်...။ တစ်လချင်းလှန်ကြည့်ပြီး ကျောင်းက အရမ်းကို ခမ်းနားထည်၀ါပြီး အဆောင်အယောင်တွေသားနားနေတာ...။ မသိစိတ်ထဲ ငါများတစ်နေ့ "သွားတက်လိုက်ချင်ပါဘိ" ဆိုတဲ့ အတွေးလေး၀င်နေခဲ့တာကို သတိရမိသေးတယ်...။
အကျယ်ကိုချုံ့ပြောရရင်တော့ အဲ့ဒီကျောင်းပြက္ခဒိန်လေးက ကျွန်တော်ဘွဲ့လွန်အတွက် တက်ခွင့်ရတဲ့ ABAC ကျောင်းလေးပါ...။ ကျွန်တော်တို့ရဲ့ မှတ်ဥာဏ်တွေ၊မသိစိတ်ထဲကအရာတွေဟာ ဟတ်ချလောင်း...ရော့အင့်...ဆိုပြီး ဖြစ်လာတယ်လို့ မရှိပါဘူးဆိုတာ လက်တွေ့လက်ခံသွားရပါတယ်...။ ဒီပုံပြင် ဖြစ်ရပ်လေးကို အခုမှပြောပြဖြစ်ပါတယ်...။
ကျွန်တော့်အတွက် ပြင်ပမှာ အခြားသောအမျိုးသားတွေလို care-free ခံစားချက်တွေ သက်တောင့်သက်သာဖြစ်စွာ မနေဖြစ်ခဲ့ပေမဲ့ မိမိရဲ့ စိတ်တွင်းခံစားချက်တွေကိုတော့ စာရွက်တန်စာရွက်၊ စာအုပ်တန်စာအုပ်ထဲ ရေးချတာ၊ ဖွင့်ချတာ၊ အပုံတွေဆွဲတာ၊ ကဗျာလေးတွေစပ်တာ၊ စာစုလေးတွေကိုမှတ်သားတာ၊ ဟိုနည်းနည်းဒီနည်းနည်း နဲ့ ခံစားချက်တွေနဲ့ အဖော်ပြုခဲ့တဲ့နေ့ရက်တွေကို များစွာကျော်ဖြတ်ခဲ့ရပါတယ်...။
အိမ်နဲ့ (၃)တန်းလောက်က ခွဲခွာပြီးကတည်းက မိသားစုဆိုတဲ့အငွေ့အသက်ကို ပျောက်ဆုံးနေခဲ့တဲ့ ကျွန်တော်တစ်ယောက် မတူညီတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်ခဲ့ရတဲ့အခါ လူတွေနဲ့ လှိုက်လျှော်ညီထွေဖြစ်စွာနေတတ်တဲ့အကျင့်ကိုရသွားတာက အမြတ်လို့ ဆိုရမလိုပါ...။ အော် သူတို့ဒီလိုတွေးကြပါလား...သူတို့ဒီလိုပြုမူကြပါလား...သူတို့ဒီလိုပြောဆိုကြပါလား...ဆိုတဲ့လေ့လာ အကဲခတ်မှုတွေကို တတ်အားသရွေ့လုပ်နေခဲ့ပါတယ်...။
ဘ၀အတက်အကျဆိုတာ နေ့စဥ်ရဲ့ပြယုဂ်သဖွယ် ဖြစ်နေခဲ့လို့ အရာတွေအပေါ်အရမ်းကြီး မမျှော်လင့်ခဲ့တာ ကလေးဘ၀ကတည်းကဆိုတာပါပဲ...။ ဒါကြောင့် ကိုယ်ဘာသာ အောက်စီဂျင်ကိုရှာပြီး အသက်ရှုမယ်၊ မရတဲ့အဆုံးမှ ဘေးကလူတွေကို အပူတတ်မယ်လို့ခံယူထားပါတယ်...။
ရချင်ခဲ့တာတွေ မရခဲ့တာ၊ သူများတွေ လိုမနေနိုင်ခဲ့ရတာတွေက ဘ၀ရဲ့လောကဓံတွေလိုပဲ မှတ်ယူနေခဲ့ပြီး "ငါထိုက်တန်တယ်ဆိုတဲ့" စွဲမှတ်မှုတွေနဲ့ ထိုသို့သောဘ၀နေထိုင်နည်းမှာ နေထိုင်နိုင်အောင် ဖြတ်ကျော်နေမိပါတယ်...။
ကျွန်တော့်ရဲ့ဘ၀ဟာ ဘေးက မ,စ တဲ့သူတွေမရှိဘဲ ကြိုးစားရုံသက်သက် နဲ့လည်းမဖြစ်နိုင်တာကို မျက်၀ါးထင်ထင်တွေ့ရှိလာခဲ့ပါတယ်။ ဘယ်လိုပဲပြောပြော ကိုယ်ထိန်းချုပ်နိုင်တဲ့ Inward အတွင်းဘက်သို့ အမြဲတစေ ကိုယ်ရောစိတ်ပါ ကျန်းမာနေနိုင်အောင် ကြိုးစားနေထိုင် ဖြစ်နေပါတယ်။ Sadhguru ပြောဖူးသလို Outward is illusion. အပြင်ကအရာတွေက လှည့်ဖြားထားခြင်းသာဖြစ်တယ်...။
တကယ်လည်းဘ၀မှာ ကျွန်တော့်အတွက် အလွှာကြီး (၃)လွှာကို ကြိုးစားကျော်ဖြတ်နေခဲ့ရပါတယ်...။ ရုပ်ပိုင်းဆိုင်ရာသူမတူတဲ့အလွှာ physical deformity၊ စိတ်ပိုင်းဆိုင်ရာသူမတူတဲ့အလွှာ identity crisis၊ စီးပွားရေးမပြည့်စုံမှုအလွှာ economic disparity စတာတွေကို နေ့စဥ်နဲ့အမျှ ရင်ဆိုင်ဖြတ်ကျော်ပြီး နေ့ရက်တွေမှာအကောင်းဆုံးဖြတ်သန်းနေခဲ့ရပါတယ်။
ဒါကြောင့် ယနေ့လို့ဖြစ်ပျက်နေကြမှုအပေါ်မှာ များစွာ ထပ်တူခံစားသက်၀င်နိုင်စွမ်းရှိပါတယ်။ ဒါဟာလုံး၀မလွယ်ကူတဲ့ ဘ၀ရဲ့စာမေးပွဲကြီးတွေဖြစ်နေပါတယ်။ ဒီလိုမုန်တိုင်းတွေထန်တဲ့ကာလမှာ မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုဟာ အစမ်းသပ်ခံဖြစ်လို့နေပါတယ်။ ဘ၀ရဲ့ အတက်အကျသော အတွေ့အကြုံတွေဟာ ကိုယ်တိုင် ပါ၀င်တွေ့ကြုံခံစားဖူးမှ ခက်ခဲနက်နဲတယ်ဆိုတာ ခံစားဖူးသူတိုင်းနားလည်ကြပါတယ်။
ဒူပေနာပေခံတယ်ဆိုတာ မလဲကျသွားတာမဟုတ်ဘဲ၊ လဲကျတိုင်းပြန်ထတဲ့အချက်ဖြစ်တယ်ဆိုတာ 'ဂျက်မား' ဆီကလည်း သင်ယူခဲ့ရပါတယ်။ ငြင်းပယ်မှု၊ ကျရှုံးမှု၊ ပယ်ခံရမှု၊ စတဲ့အရာတွေဟာ ဘ၀ရဲ့ မိမိကိုယ်ဘယ်လောက် သန်မာကြောင်းရှိတယ်ဆိုတာ စိစစ်တဲ့ အချက်တွေဖြစ်ပါတယ်။
လဲကျတိုင်းပြန်မထဘူး ဆိုရင် ဒီစာလေးကိုလည်းဖတ်နေဖို့ အကြောင်းမရှိဘူးလို့ထင်ပါတယ်။
လူတွေမှာ သူမတူတဲ့အစွမ်းအစ ကိုယ်ဆီရှိကြလို့ မိမိတို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်၊အရည်အချင်း၊ဘ၀ဖြတ်သန်းမှုအတွေ့အကြုံ၊ ဘ၀အမြော်အမြင်၊ ဘ၀မစ်ရှင် စတာတွေကို ပြန်လည်ရှာဖွေသွားပြီး နေ့ရက်တွေမှာ ကျရာနေရာ၌ အကောင်းဆုံး ရှင်သန်သွားဖို့သာ လိုအပ်ပါကြောင်း ခွန်အားပေးချင်ပါတယ်။
မုန်တိုင်းကာလတွေကို သတိနဲ့ယှဥ်ပြီး ဖြတ်ကျော်နိုင်ပါစေ...။
@TharHtooBeUnique
@BUNIQCoaching
@BeUniqueLiving
Keep Reading