နွယ်ငြိမ်းလင်းပွင့်
တုန်ခါမှု ထရော်မာ
ဆောင်းက ထွက်ခွာသွားခဲ့ပြီး နွေသရုပ်က တစ်ရက်ပြီး တစ်ရက် ပီပြင်လာပြီ။ ဒီ့အတွက် ဆောင်းအကာအကွယ်တွေ ဖြစ်တဲ့ အနွေးထည်တို့ကို တစ်နေ့လျှင် နှစ်ထည်ကျ လျှော်ဖွပ်ရန် စီစဥ်ထားတဲ့အတိုင်း ဒီနေ့အတွက် လျှော်ဖွပ် ပြီးစီးခဲ့ပြီ။ အနွေးထည်တို့ကို ဇစ်၊ ကြယ်သီး အတပ်အဖြုတ် လုပ်လိုက်၊ အတွင်းဘက် လှန်လိုက်၊ အပြင်ဘက် လှန်လိုက်နဲ့ လျှော်ပြီးသား အနွေးထည်တို့ကို အိမ်ခေါင်မိုးထပ်မှာ စိမ်ပြေနပြေ လှန်းနေခဲ့တယ်။
အောက်ထပ်သို့ ပြန်ဆင်းအလာ၊ လှေကားတစ်ခုအရောက်တွင် 'ဝေါ၊ ဝေါ' ဆိုတဲ့ အသံကြီး ကြားလာရတယ်။ နောက် ဘယ်ညာ လှုပ်ရမ်းမှုကြီး အစပြုလာတဲ့အတွက် ထိုင်ချလိုက်ပြီး လှေကားလက်ရန်းကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်တယ်။ ထိုင်ရက် အနေအထားမှာပဲ အပေါ်အမိုးကြည့်လိုက်၊ ဘေးနံရံကြည့်လိုက်နဲ့ ပြိုကျလတ္တံ့သော အန္တရာယ်တို့ကို စေ့ငုနေရတယ်။ ငလျင်လှုပ်ခတ်မှုမှာ ပြင်းထန်လွန်းပြီး အချိန်ကြာမြင့်တယ်။ တစ်မိနစ်ခန့် ကြာမယ်ထင်ပါရဲ့။
ငလျင်ငြိမ်သွားတဲ့အခါ ဖေဖေက အပြင်ဘက်ကို ထွက်ခဲ့ဖို့ ဝင်ပေါက် တံခါးမကြီးကနေ လှမ်းခေါ်နေတယ်။ လှေကားကနေ ဆင်းလာလိုက်တယ်။ ဖေဖေက နောက်ထပ် ငလျင်တစ်ခု လာနိုင်သေးတဲ့အတွက် အပြင်မှာ ထွက်နေဖို့ ပြောတယ်။ အပေါ်ထပ်မှာ မေမေတို့ ကျန်သေးတဲ့အကြောင်း ဖေဖေ့ကို ပြောပြီး အပေါ်ထပ်သို့ အပြေး ပြန်တက်ခဲ့တယ်။
အခန်းသွားရာ စင်္ကြံတစ်လျှောက်မှာ ဖုန်များ ထနေပြီး မှိုင်းဝေဝေ ဖြစ်နေတယ်။ ဇာတ်ကားတစ်ကားထဲရှိ အန္တရာယ်ဇုန် ဇာတ်ဝင်ခန်းတစ်ခုကို မြင်ရသလိုပင်။ အပြင်အခန်းဝရှိ အပေါ်အုတ်နံရံမှာ အင်္ဂတေများ ကွာကျနေပြီး အုတ်အချို့လည်း ပဲ့ကျနေတယ်။ အတွင်းအခန်းဝရှိ မှန်တင်ခုံပေါ်မှ ပစ္စည်းများသည်လည်း တစ်စစီ အနှံ့အပြား ပြုတ်ကျနေတယ်။ အခန်းထဲရှိ စားပွဲပေါ် တင်ထားတဲ့ တီဗီမှာ အောက်ကြမ်းပြင်သို့ မှောက်လျက်ကျနေတယ်။ အခန်းထဲမှာလည်း အင်္ဂတေတွေ ကွာကျနေပြီး အုတ်အပိုင်းအစများ ပျံ့ကြဲနေတယ်။ မေမေက ရေချိုးခန်းထဲမှာ ရှိနေတဲ့အတွက် မေမေ့ကို အော်ခေါ်ပြီး အောက်ထပ်ဆင်းဖို့ ပြောတယ်။
အဲ့နောက် အပေါ်ဆုံးထပ်မှာ ရှိနေတဲ့ ဘွားဘွားကို တက်ခေါ်ရတယ်။ အိမ်ပေါ်ထပ်မှာလည်း ပစ္စည်းတွေ မွစာကြဲနေတယ်။ ရေအိုးစင်ရှိ ရေအိုးမှာလည်း ကျကွဲနေတယ်။ ဓါတ်ပုံမှန်ဘောင်တစ်ခု ပြုတ်ကျနေသဖြင့် မှန်ကွဲစများလည်း ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲနေတယ်။ ဘွားဘွားက ဝရံတာမှာ ထိုင်လျက် ရှိနေတယ်။ ဘွားဘွားက အတော် ကြောက်နေပုံပေါ်တယ်။ မတ်တပ်ရပ်နိုင်ဖို့ အတင်း ဆွဲထူနေပေမယ့် သူ့ကို ထားခဲ့ဖို့သာ ပြောနေတယ်။ ဖေဖေ ရောက်လာတယ်။ နောက်ဆုံး မှန်ကွဲစတွေကို ရှောင်ဖယ်၊ ဘွားဘွားကိုလည်း အတူ ဆွဲခေါ်ရင်း အိမ်အောက်ဆုံးထပ်သို့ ဆင်းလာတယ်။
အိမ်ရှေ့ လမ်းပေါ်မှာ လူတွေ အများကြီးပါလား။ အိမ်တိုင်းရှိ လူတွေအကုန် လမ်းပေါ် ရောက်နေတယ် ထင်တယ်။ ငလျင်ကလည်း ပြင်းချက်ဆိုတော့ အိမ်ထဲရှိ လူတွေကို လှုပ်ခါပြီး ဆွဲထုတ်လိုက်သလိုပဲ။ နွေနေပူပူ နေ့လည် (၁) နာရီခန့်မှာ လမ်းမပေါ်မှာ လူတွေ အုံးအုံးကျက်ကျက် ဖြစ်နေကြတယ်။ တချို့က မတ်တတ်၊ တချို့က ငုတ်တုတ်၊ တချို့လည်း ထိုင်ခုံပုလေးတွေပေါ်မှာ ထိုင်နေကြတယ်။ သွားလက်စ ကားများ၊ ဆိုင်ကယ်များ၊ မီနီအိုးဝေများလည်း ငလျင်ကြောင့် လမ်းပေါ်မှာပဲ စက်ရပ်ထားရတယ်။ အားလုံးကတော့ တုန်ခါမှု ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် စိုးရိမ်မကင်း ဖြစ်နေကြတယ်။
သက်တောင့်သက်သာ အနားရစေဖို့ ထိုင်ခုံတွေ ထုတ်တယ်။ ငလျင်ကြောင့် ပူလောင် လှုပ်ရှားနေသော စိတ်တို့ ခဏတာဖြစ်ဖြစ် ငြိမ်းအေးမှု ရစေရန် ရေခဲရေနှင့် စတီးခွက်တို့ကို စားပွဲခုံ အပုလေးပေါ် တင်ထားလိုက်တယ်။ အိမ်နီးနားချင်းများ အချင်းချင်း စကားတွေ တွတ်ထိုး ပြောဆိုနေကြတယ်။ လူအားလုံးကတော့ အိမ်တွင်းသို့ ပြန်မဝင်ကြဘဲ လမ်းဘေး ဝဲယာမှာ နေနေကြတယ်။
အိမ်နောက်ဖေး ဗီရိုထဲမှာ ရှိတဲ့ စာရွက်စာတမ်းအချို့ ယူရန် အိမ်ထဲသို့ မေမေနဲ့ အတူ ဝင်လာလိုက်တယ်။ ယူဆောင်ပြီး ပြန်အထွက်မှာ နောက်ထပ် ငလျင်တစ်ခု တွေ့ကြုံရတယ်။ သားအမိနှစ်ယောက် ဆောင့်ကြောင့် ထိုင်ချလိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ကြတယ်။ ငလျင်ငြိမ်သွားမှ ပြန်ထွက်ကြတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် စင်္ကြံမှာ ရပ်ထားတဲ့ ဆိုင်ကယ် လဲကျသွားပြီး ဓါတ်ဆီများ ယိုကျနေတယ်။ မေမေက ဆိုင်ကယ်ကို ပြန်ထောင်ဖို့ လုပ်ပေမယ့် နောက်ဆက်တွဲငလျင်ကို စိုးရိမ်မိသောကြောင့် အိမ်ထဲမှ မြန်မြန် ထွက်ကြရန်သာ လောဆော်ခဲ့တယ်။
ဘေးပတ်ဝန်းကျင်ရှိ လူများနဲ့ စကားလက်ဆုံကျလျက် အိမ်ရှေ့မှာပဲ ထိုင်နေခဲ့တယ်။ ဖုန်းလိုင်းများလည်း ပြတ်တောက်သွားပြီး အင်တာနက်လိုင်းလည်း သုံးမရတော့။ အိမ်သုံးဝိုင်ဖိုင်ကွန်ရက်ကလည်း မရဆိုတော့ သတင်းအချက်အလက်များနဲ့ အဆက်ပြတ်နေတယ်။ ရုံးတက်နေသူများကလည်း အိမ်မှာ ကျန်နေခဲ့တဲ့ မိဘ ဆွေ မျိုး၊ သားသမီးများ ဘေးကင်းသလား၊ ထိခိုက်မိသလား စိုးရိမ်နေသဖြင့် ရတတ်သမျှသော နည်းလမ်းအစုံ၊ ဖုန်းလိုင်းအစုံနှင့် ဆက်သွယ် ချိတ်ဆက်နေကြတယ်။
အိမ်ရှေ့လမ်းမပေါ်မှာ ရောက်နေပေမယ့် အလုံးစုံ ဘေးကင်းစိတ်ချရပြီဆိုတဲ့ အနေအထားမျိုးတော့ မဟုတ်။ အိမ်ရှေ့ ဘေးနားရှိ ဓါတ်တိုင် အရိပ်အကဲကိုလည်း အကဲခတ်ရတယ်။ ဓါတ်ကြိုးတန်းများကိုလည်း စောင့်ကြည့်ရတယ်။ ဆိုင်းဘုတ်များ၊ အုတ်ခဲများ ပြိုကျလာနိုင်ချေကိုလည်း ချင့်တွက်ရတယ်။ ပထမနဲ့ ဒုတိယအကြိမ် ငလျင်လှုပ်အပြီးမှာ လမ်းထဲရှိ အသိသာ၊ အမြင်သာဆုံး ပျက်စီးမှုမှာ မျက်နှာချင်းဆိုင်ရှိ အထက်တန်းကျောင်း ပရဝဏ်ကို ကာရံထားတဲ့ အုတ်တံတိုင်းရှည်ဟာ အတွင်းဘက်သို့ ညွတ်ကျ ကိုင်းစောင်းသွားခြင်းပင် ဖြစ်တယ်။ အုတ်တံတိုင်းရဲ့ အောက်ခြေအထက်နားတွင် အက်ကြောင်းရာကြီးကိုလည်း အထင်အရှား တွေ့မြင်ရတယ်။
နေ့လည်စာ မစားရသေး၍ အိမ်ရှေ့တွင် ထိုင်စောင့်နေရင်း ဆာလောင်လာတယ်။ အစောက ဖေဖေ ယူလာပေးသော ပေါင်မုန့် တစ်လုံး စားပြီး ဖြစ်သော်လည်း ဗိုက်မဝ။ မိသားစုအားလုံးလည်း နေ့လည်စာ မစားရသေး၍ ငလျင်ငြိမ်နေချိန်မှာ နေ့လည်စာကို ခပ်သွက်သွက် စားကြရန် စီစဥ်ကြတယ်။ ကံကောင်းထောက်မစွာ၊ နေ့လည်စာ စားပြီးချိန်ထိ ငလျင်မလာခဲ့ချေ။ သို့သော် ဟိုလုပ်ဒီလုပ်နဲ့ ထမင်းစားပွဲထိုင် နောက်ကျတဲ့ ဖေဖေကတော့ စားနေရင်း ငလျင်တစ်ချက် လှုပ်လိုက်၍ အိမ်ပြင်ထွက် စားရတယ်။
မေမေ ပြောသလိုပင် ငလျင်လှုပ်နေစဥ်နဲ့ လှုပ်ပြီး မကြာမတင် အချိန်မှာ လူက သွေးပူနေ၍ ပင်ပန်း နွမ်းနယ်မှုကို သိပ်သတိမထားမိပေမယ့် နောက်ပိုင်း အနည်းငယ် သွေးအေးသွားချိန်တွင်မူ ခန္ဓာကိုယ်နဲ့ စိတ်မှာ ငလျင်နောက်ဆက်တွဲ လက္ခဏာတို့ ပေါ်လာတယ်။ ငလျင်က ငြိမ်သွားသော်လည်း စိတ်က မငြိမ်။ လူက မူးတူးတူးနဲ့ ခြေထောက်တွေက အားမရှိဘဲ ခွေယိုင်ချင်နေတယ်။ ခေါင်းကလည်း နောက်တောက်တောက်။ အနီးဝန်းကျင်မှာ တစ်ယောက် တစ်ပေါက် စကားသံတွေ ဆူညံနေသဖြင့် လူက အာရုံတွေ ထွေပြားပြီး ပိုမို ချည့်နဲ့နေတယ်။ ရင်တုန်နေတယ်။ မောဟိုက်နေတယ်။ အရင်နေ့တွေက နားထောင်လက်စ ဆရာတော် ဦးဇောတိကရဲ့ 'ဘဝတန်ဖိုး' တရားတော်ကို နားကြပ်တပ်ပြီး ဆယ်မိနစ်မျှ နားထောင် အာရုံပြုနေလိုက်တယ်။ လှုပ်ခတ်နေသော စိတ်အစဥ်သည် ငြိမ်ကျသွားပြီး အေးချမ်းသော နယ်မြေတွင် ခဏတာ နေထိုင် အနားယူခွင့် ရခဲ့တယ်။
နေ့လည်နဲ့ ညနေ တစ်နေ့ခင်းလုံး အိမ်ရှေ့မှာသာ ငုတ်တုတ်ထိုင်နေခဲ့ရတယ်။ အင်တာနက်တစ်ချက် တစ်ချက် အမိတွင် သိရတဲ့ သတင်းအရ ငလျင်မှာ (၇.၇) ရစ်ချက်စတာစကေး ရှိတယ်တဲ့။ ညနေဘက် နေအေးချိန်မှာ မောင်လေးတွေက ရပ်ကွက်ထဲ လမ်းလျှောက် စနည်းနာသွားတယ်။ တစ်လမ်းကျော်၊ လမ်းထောင့်မှာ ရှိတဲ့ တိုက်အိမ်ဟာ လုံးဝ ပြိုကျသွားတယ်လို့ ဖောက်သည်ချတယ်။ သူတို့က ဓါတ်ပုံရိုက်လာခဲ့၍ ပြိုကျသွားတဲ့ တိုက်တာအဆောက်အအုံတို့ကို မြင်တွေ့ရတယ်။ တစ်ရပ်ကွက်ကျော်မှာ နေထိုင်တဲ့ မေမေ၊ ဖေဖေတို့ရဲ့ အသိမိတ်ဆွေ ဦးလေးကလည်း သူ မြို့ပတ်ပြီး တွေ့မြင်ခဲ့ရတာတွေကို ပြန်ပြောင်း ပြောပြတယ်။ ဘယ်လမ်းမှာ ရှိတဲ့၊ ဘယ်တိုက်ကတော့ ပြိုသွားတယ်၊ ရှေးဟောင်းတိုက်တွေ အဖြစ်များတယ်၊ ကယ်ဆယ်ရေးတွေ ဘယ်နေရာမှာ ရှိနေတယ်၊ ဘယ်နေရာမှာတော့ မီးလောင်နေတယ် စသဖြင့်။ ဒေါ်လေးရဲ့ အသိ ညီမလေးတစ်ယောက်လည်း ညနေ (၅) ခွဲလောက်မှာ ရောက်လာတယ်။ သူ့ဖုန်းက အိမ်ပြိုတဲ့ထဲ ပါသွားပြီး သူကိုယ်တိုင်ပင် အသက်လု တွန်းထိုး ထွက်လာရကြောင်း ပြောပြတယ်။
ညနေဘက်မှာလည်း ငလျင်က တစ်ချက် တစ်ချက် ထလှုပ်သေးတယ်။ ငလျင်ထလာရင်ပင် လူမှာ ထိုင်ရခက် ထရခက်နဲ့ အိမ်ရှေ့ အဝင်ဝနားမှာ ထိုင်နေရာကနေ လမ်းမပေါ် ထွက်ရတယ်။ ညနေ နေစောင်းလာပြီ။ ငလျင်လည်း အနည်းငယ် ငြိမ်နေတယ်။ အိမ်ပေါ်ထပ်သို့ အရဲစွန့် တက်ပြီး သန့်ရှင်းရေး လုပ်တယ်။ အင်္ဂတေများ ကြွေကျထားတယ်။ ဖုန်တွေ၊ သဲတွေလည်း ထနေတယ်။ အိပ်ခန်းထဲရှိ မှန်တင်ခုံပေါ်မှ အလှဖန်လုံးလေးများက ကြမ်းပြင်ပေါ်ရှိ အဝတ်ပေါ်မှာ ကျတဲ့အတွက် ကံကောင်းထောက်မစွာ ကျမကွဲဘဲ ရှိနေတယ်။ တံမြက်စည်းလှည်းတယ်။ ကျကွဲနိုင်တဲ့ ပစ္စည်းများကို နေရာရွှေ့တယ်။ သိမ်းဆည်းတယ်။ အိမ်ခေါင်မိုးထပ်မှာ တင်ထားတဲ့ ဆိုလာမီးကို မောင်လေးက သွားယူတယ်။ စိတ်မဖြောင့်၊ စိတ်မချတဲ့အတွက် လိုက်သွားလိုက်တယ်။
အိမ်ရှေ့မှာပဲ ပလတ်စတစ် စားပွဲခုံချ၊ ဇလုံအကြီးတစ်လုံးထဲတွင် ထမင်းတွေ ထည့်၊ ဟင်းတွေ ပုံပြီး ဇွန်းကိုယ်စီဖြင့် အားလုံး ဝိုင်းဖွဲ့ကာ ညနေစာ ခပ်သုတ်သုတ် စားလိုက်တယ်။ အိမ်နောက်ဖက် မီးဖိုချောင်နဲ့ အိမ်ရှေ့ ခရီးမှာ ဒီနေ့ကျမှ ပိုပြီး ဝေးနေသယောင်။ ညဘက်မှာလည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းက မိတစ်ချက်၊ မမိတစ်ချက်။ ခြင်ကိုက်ကိုက်နဲ့ပင် အိမ်ရှေ့မှာထိုင်ပြီး သတင်းမေးထားသူများကို စာပြန်ရတယ်။
ရပ်ကွက်ထဲရှိ အိမ်ထောင်စု အားလုံးမှာ အိမ်ရှေ့ ပလက်ဖောင်းပေါ်များတွင် အိပ်စက်ဖို့ ပြင်ဆင်နေကြတယ်။ ဖျာတွေခင်း၊ ခြင်ထောင်ထောင်နေကြပြီ။ တချို့ ကလေးငယ်များကတော့ ပြေးလွှား ဆော့ကစားလျက်ပင်။ တချို့ကလည်း ခွေးဘီလူး၊ လိုက်ထရပ်ကားနောက်ခန်းများတွင် အိပ်ရာပြင်ဆင်ကြတယ်။ ဒီနေ့ကတော့ အိမ်အောက်ထပ်မှာပဲ အိပ်ရမယ်။ ခြင်ထောင်ထောင်ရတာ အဆင်မပြေ၍ ဖျာခင်း၊ ခေါင်းအုံးချပြီးပဲ အိပ်ရတယ်။ မေမေက ယပ်တောင်ခပ်ပေးနေလို့သာ ခြင်မချီသွားတယ်။ နိုးလာလိုက်၊ အိပ်ပျော်သွားလိုက်နဲ့ တစ်ညတာ ကုန်ဆုံးသွားခဲ့တယ်။
အိပ်ရာစောစော နိုးတယ်။ အိမ်ပေါ်ထပ် တက်ပြီး ဝေယျာဝစ္စများ လုပ်ရမှာကို စိတ်ထဲမှာ လန့်နေခဲ့တယ်။ မနေ့က ငလျင်လှုပ်ခဲ့တဲ့ နေ့လည် (၁၂) နာရီ၊ (၄၈) မိနစ် အချိန်ကိုလည်း ကြောက်နေတယ်။ ငလျင်လှုပ်ခတ်တဲ့နေ့က ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံအတွဲအဖက်ကိုလည်း ပြန်မဝတ်ဖြစ်ဖို့ စိတ်ထဲ ရည်မှတ်ထားတယ်။ မိသားစုတွေကို စုစုစည်းစည်း ရှိနေစေချင်မိပြီး တစ်ယောက်ကို မတွေ့ရင်ပင် စိတ်ထဲ ပူပန်မိမြဲ။ "ဘယ်အရာမှ မမြဲဘူး။ အားလုံးဟာ သင်္ခါရ တရားတွေ" တရားထိုင်ချိန်၊ တရားပြ ဆရာတော် ပြောပြနေတဲ့ အချက်တွေကို မန္တလေးသူ၊ မန္တလေးသားတို့ဟာ ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီ။ ဘယ်အရာကို ယုံကြည်ရမလဲဆိုပြီး လိုက်လံရှာဖွေသူအတွက် ခြေချ ရပ်တည်နေတဲ့ မြေကြီးကိုပင် မယုံကြည်ရဲတော့ဘဲ ပြေးစရာမြေဟာ ဘယ်ဆီမှာများလဲလို့သာ စိုးတထိတ်ထိတ် တွေးကြောက်နေမိတော့တယ်။
13.4.25 (Sun)
Keep Reading