သျှား~
ဤကမ္ဘာလောကကြီး၌ “လူ”ဟူ၍ဖြစ်လာသည်နှင့် ဆောင်ရွက်ရန်အမှုကိစ္စ၊တာဝန်ဝတ္တရားများနှင့် ကင်းလွတ်မနေသင့်၊မည်သူ၏ကိစ္စမဆို ရှောင်လွဲမနေသင့်ပေ။လူတစ်ဦးတစ်ယောက်သည်မိမိနေထိုင်ရာ သက်ရှိလောကကြီးတွင် မိမိ၏တာဝန်၊ဝတ္တရားများကိုစိတ်အားနှလုံးအားထက်သန်စွာအလေးထားလုပ်ကိုင်ဆောင်ရွက်ရမည်။ထိုအရာများကို မိမိ၏ဉာဏ်အားစွမ်းပကားတို့နှင့်သိရှိပြီး သင့်တော်မှန်ကန်သောနည်းလမ်းအသွယ်သွယ်ဖြင့် လောကကြီးကိုအကျိုးပြုပေးဆပ်သင့်ပါသည်။လောက၏အကျိုးကိုထမ်းရွက်ခြင်းဟာ လူသားဖြစ်ရသော အဓိပ္ပာယ်တစ်ခုပင်ဖြစ်သည်။
လူဟူသောသတ္တဝါဟာ သူတစ်ဦးတစ်ယောက်တည်းမနေရဘဲ လူ့အဖွဲ့အစည်းထဲတွင်တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ရှင်သန်ရပ်တည်နေကြပါသည်။လူဟူ၍ ဖြစ်လာသည်နှင့် “လူပီသတတ်”ရမည်။အများအကျိုးအတွက်မထမ်းရွက်နိုင်ခင် ရှေးဦးစွာ ကိုယ့်တာဝန်ကို ကျေပွန်စွာစနစ်တကျလုပ်ကိုင်ဆောင်ရွက်ရမည်။မိမိသက်ဆိုင်ရာအလုပ်အကိုင်နယ်ပယ်တွင် ကျွမ်းကျင်မှုရှိရမည်။ထိုမှသာလျှင် တခြားသူများအတွက်အကျိုးပြုနိုင်မည်။“အကျင့်စာရိတ္တ”ကောင်းမွန်ခြင်းသည် လောကကောင်းကျိုးတစ်ရပ်ပင်ဖြစ်သည်။အပြုအမူ၊အပြောအဆိုကောင်းမွန်ခြင်းသည် ပတ်ဝန်းကျင်ကိုအပြုသဘောသက်ရောက်စေသည်။
ဤလောကတွင် လူသားတစ်ဦး အသက်ရှင်နေထိုင်ရပ်တည်နိုင်ရန် “ကျန်းမာခြင်း”သည် လွန်စွာအရေးပါပေသည်။ကျန်းမာမှ မိမိ၏တာဝန်ဝတ္တရားများကိုမပျက်မကွက် ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်မြတ်က “အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ကြောင်း မြွက်ကြွားတော်မူခဲ့ခြင်းဖြစ်ပေသည်။ လူ့ဘဝတွင် ကျန်းမာခြင်းသည် ပထမ၊ကျန်းမာခြင်းသည် ဒုတိယ၊ကျန်းမာခြင်းသည် တတိယပင်ဖြစ်သည်။ကိုယ်ကျန်းမာမှစိတ်ရွှင်လန်းမည်၊စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းပင်ဖြစ်သည်။
လူသားတို့သည် မိမိကိုယ်ကိုကောင်းမွန်အောင် ကြိုးစားပြုလုပ်နေထိုင်ခြင်းဖြင့်ပင် လောကကောင်းကျိုးကို ထမ်းဆောင်နိုင်ပါသည်။တစ်ဦးတစ်ယောက်စီ၏ သေးငယ်သောလုပ်ဆောင်မှုလေးတွေစုဝေးလာလျှင် ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော ပိုမိုလှပကောင်းမွန်သော လောကတစ်ခုကို ဖန်တီးလာနိုင်ပေမည်။
ဤကမ္ဘာမြေလောကကြီး လှပတင့်တယ်အဓွန့်ရှည်တည်မြဲနိုင်စေဖို့ရာ လူသားမျိုးနွယ်အပါအဝင် သတ္တဝါတိုင်း၌ တာဝန်ဝတ္တရားများကိုယ်စီကိုယ်ငှရှိကြပါသည်။အားလုံးသောသတ္တဝါတို့သည် ညီညာစုပေါင်းတူလက်တွဲကာ လောကကောင်းကျိုးဆောင်ရွက်နေကြသော လောကကိုအလှဆင်ပေးနေကြသူများပင်ဖြစ်ပါသည်။
စာဖတ်သူအားလုံးအပေါင်းကို အစဉ်လေးစားစွာ ကျေးဇူးတင်လျက်.......💗
🖋️~သျှား{30.7.2025}
For knowledge & relaxing reads-come check it out!
https://t.me/WhiSperS_DIAriesofsharr_DOS
#SARPHAT
Keep Reading