Author's Profile Photo

ဒေါ်လင်းယဉ်

12/06/2025

သူဟာလည်း ဖခင်

2 mins read
Life Style
Personal Development
Self Improvement

နေတာက ကျူးကျော်ရပ်ကွပ်မှာ။ ပလတ်စတစ်တွေ ၊ ဗွက်တွေ ၊ ငါးညှီနံ့တွေ လှိုင်နေတဲ့ မီးရထားသံလမ်းတွေဘေးက ကပြိုကရိုတဲလေးတွေထဲက တစ်ခု။ ချစ်စဖွယ် ဝဝကစ်ကစ် သမီးကလေးရယ် ၊ ကိုယ်ဝန်ကြီးနဲ့ ချစ်ဇနီးရယ်။ သူကတော့ ပိန်လှီလှတဲ့ အိမ်ထောင်ဦးစီး။ မနက်ဆို ထွက်ထွက်ပြီး နင်းရတဲ့ ဆိုက်ကား။

လက်ထပ်ကတည်းက ကြိုက်ခဲ့တဲ့ သေရည်အရက်။ ခုထိလည်း သောက်နေတုန်းပဲ။ နေပူပူထဲမှာ လုပ်လိုက်ရတာ။ လူတွေက သူ့ကို တုံးအတယ်။ အပိုးမကျိုးဘူး။ ကြည့်လိုက်တဲ့ အကြည့်တွေကလည်း အနှိမ်မကင်း။ ဆိုက်ကားသမားလေ။ အရက်သမားလေ။ ကျူးကျော် ရပ်ကွက်ကလေ။ ဒီလောက်တော့ ရှိမှာပေါ့။

ကူညီလိုက်ရရင် သူကတော့ ပျော်နေတာပဲ။ သူကတော့ အကောင်းနဲ့ ကူညီတာပဲ။ လူလူချင်းလေ။ ဟိုဘက်ကတော့ ခိုင်းလိုက်တာ ။ လူမဟုတ်သလိုပဲ။ တစ်ခါတစ်ခါဆို ပျော်နေလိုက်တာ။ ဝမ်းစာ အနည်းနဲ့အများ ပြေလည်နေတာကို အပြုံးကနေတစ်ဆင့် တွေ့နေရတယ်။

သူ့သမီးလေးက ဖြူဖြူဥဥဝဝကစ်ကစ်ကလေး။ မျက်နှာကလေးက လုံးလုံးလေးနဲ့ ချစ်စရာကောင်းလိုက်တာ။ သူနဲ့ဆို လားလားမတူ အမေတူသမီးကလေး။ ကလေးခြေထောက်တွေကို ကြည့်မိတော့ ပြည်တွေပြည့်နေသည့် အနာတွေ။ ဗွက်တွေကြောင့်ပေါ့။

ဇနီးနဲ့သမီးကို ဒီအခြေအနေနဲ့ ထားရတဲ့ ဒီအဖေလည်း မျက်နှာကလေးကို ငယ်လို့။ မနက်စာစားဖို့တောင် ပိုက်ဆံမရှိတော့တဲ့အချိန်ဆို ဇနီးဘက်ကအမျိုးတွေ သူ့ဘက်ကအမျိုးတွေ ဆီကိုခေါင်းလေးငုံ့ပြီး သွားတောင်းရတာ။ ယောကျာ်းသားလေ။ သူတစ်ကိုယ်သာဆို ဘယ်တောင်းပါ့မလဲ။ ဖြစ်ချင်ရာဖြစ်။ ခုတော့ သမီးကလေး ဆာနေရောပေါ့။ ဇနီးကလည်း ကိုယ်ဝန်ကြီးနဲ့။ အာဟာရချို့သွားမှာ။ ပူလိုက်ရတဲ့အပူတွေ။

ဆိုက်ကားငှားနင်းရတာ။ အခမပေးနိုင်လို့ ပြန်သိမ်းသွားရင် သူဟာအလုပ်လက်မဲ့။ အလှူတွေသွားရင် သူထမင်းအတော်စားတာ ။ ‌အိမ်မှာတော့ ကြုံရာလေးနဲ့ မချက်နိုင် မဝယ်နိုင်တဲ့နေ့ဆို နည်းနည်းပါးပါး အငတ်ခံလိုက်တာမျိုး။ ထမင်းမစားနိုင်ရင်တောင် အရက်ကတော့ မပြတ်ဘူး။ သောက်တယ်။ သူလည်းသိပါတယ်။ စွဲနေပြီ။

ဇနီးက သားလေးမွေးတယ်။ ဆေးရုံမှာ ကလေးက လက်ဖဝါးလောက်ပဲရှိတော့ တော်တော်နဲ့ ဆေးရုံမဆင်းရဘူး။ ကုန်လိုက်တာ။ ချေးရ ငှားရ အမျိုးတွေက စိုက်ပေးရ။ သူလည်နေတာပဲ။ ခါးသီးစရာ လောကကြီးမှာ သူဟာ တစ်ယောက်တည်းပါ။

ချောင်းတွေဆိုးနေလိုက်တာ။ ခဏခဏ ဖျားနာလာပြီ။ ကျူးကျော်ရပ်ကွက်က တဲလေးမှာပဲ နားနေရတယ်။ သမီးကလေးက ငယ်ငယ်ကလေး။ ပလတ်စတစ်ပုံတွေကြားမှာ ဆော့နေလိုက်တာ။ ငါးအရေခွံတွေ လှန်းထားတဲ့ ကြားကနေ ပြေးလိုက်လွှားလိုက်။ သင်္ကြန်ဆို ဒီသမီးကို ပခုံးပေါ်ထမ်းပြီး တစ်လမ်းဝင် တစ်လမ်းထွက်။ မုန့်လုံးရေပေါ်ဝေရင် ဝင်ယူ။ စတုဒီသာဆို ဝင်စား။ သမီးနဲ့ သူဆိုတဲ့ ဖခင်ပါပဲ။

တစ်ခါဖျားပြီး နောက်တစ်ခါ ထပ်ဖျားပြန်တယ်။ ချောင်းတွေကလည်း ဆိုးတာမှ။ ကိုယ်ခံအားကလည်း သိသိသာသာကျလာတယ်။ ပိန်လိုက်တာ။သူ့ရောဂါက မရိုးတော့ဘူး ။ဆေးခန်းသွားချင်တယ်။ ဘယ်မလဲ ပိုက်ဆံ။ သူမှ မလုပ်နိုင်တာ ဝင်ငွေ ဘယ်ရမှာလဲ။ အမျိူးတွေ အိမ်ကနေ ရတာလေးနဲ့ ဇနီးက သူ့ကိုကျွေးနေရတာ။ သူမညည်းရက်ဘူး။

ကြာတော့ စစ်မိလိုက်တယ်။ အဲ့မှာ သိလိုက်ရတာ။ Tuberculosis ဆိုတဲ့ ကူးစက်တီဘီပိုး သူ့မှာ ရှိနေပြီ။ ဘယ်သူ သူ့ကို ကယ်နိုင်မှာလဲ။ အသိအကူအညီနဲ့ အခမဲ့ဆေးတွေ သောက်လိုက်ရသေးတယ်။ တစ်ခေါက်သောက်ရင် ဆေးလုံးတွေဆိုတာ အများကြီး။ ဆေးဒဏ်ကြောင့်လည်းပါတယ်။ ဆေးအများကြီး သောက်ပြီး တစ်နေ့တစ်နေ့ အာဟာရပြည့်အောင် မစားနိုင်တာကြောင့်လည်းပါတယ်။ သူလဲတာပဲ။

သတိလစ်သွားတာ ။ အိမ်ပေါ်မှာ လူသေကြီးအတိုင်း။ စကားပြောနေတဲ့ အသံတွေ ။ ချစ်သမီးလေးရဲ့ အသံတွေ။ သူကြားတော့ ကြားနေရတာပဲ။ လှုပ်လို့မှ မရတာ။ ဘက်ထရီဒေါင်းလို့ ပိတ်ကျသွားတဲ့ ဖုန်းအတိုင်း သူပိတ်ကျသွားတာ။ သုံးရက်လောက် ကြာပြီထင်တယ်။ ပြန်ထလာတာ အကောင်းအတိုင်း။ ဆေးလည်း ပြန်သောက်တယ်။ သူလည်း လန့်တော့လန့်နေမိမှာပေါ့။ ချစ်ဇနီးကလည်း ပိန်လှီနေတော့ ဘယ်လိုစကားတွေကို သူဆိုရမှာလဲ။

ချစ်ဇနီးကျွေးတဲ့ ထမင်းကို သူစားလိုက်သေးတယ်။ သေချိန်များ တန်ပြီလားဆိုပြီး လာကြည့်တဲ့ အမျိုးတွေကို သူပြုံးပြလိုက်သေးတယ်။ အကြင်နာအပြုံးကြီးနဲ့ပါ။ သူတကယ်ဝမ်းသာနေတာ။ လာကြည့်သူ‌တွေ ရှိသေးတယ်ပေါ့။ သမီးကလေးကတော့ ကလေးသဘာဝ သိပ်နားမလည်။ ဪ နောက်နှစ်သင်္ကြန်။

သမီးကလေးကို ရွှေရောင်ခေါင်းဆိုးဆေးလည်း ဆိုးပေးဖူးပြီ။ နေကာမျက်မှန်တွေ ၊ ကျစ်ဆံမြီးဆံပင်တုတွေလည်း ဝယ်ပေးဖူးပြီ။ သားကလေးကိုသာ သူသိပ်မလုပ်ပေးရသေးတာ။ ဒါပေမယ့် သူသိပါတယ်။ သူ့ဇနီးက သူ့သားကို သိပ်ချစ်တာ။

သူဆိုတဲ့ ဖခင်အိမ်ထောင်ဦးစီးကြီး။ တစ်နေ့ အိပ်သွားတယ်။ အတော် အိပ်မောကျသွားတာ။ တချို့တွေကို သွားနှုတ်ဆက်ခဲ့သေးတယ်။ ' သွားပြီနော်' လို့။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)